
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းတွင် ဩဂုတ် ၁၈ ရက်မှစ၍ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ရွာအချို့ကို စီးနင်းကာ PDF စခန်းများကို ရှာဖွေနေကြောင်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မတ္တရာမြို့နယ်အတွင်း အခြေစိုက်ကာ မန္တလေးမြို့တွင်း စစ်ဆင်ရေးများ လုပ်ဆောင်ရှိသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) ၁ ဦးတို့ ဖမ်းဆီးခံရသည်။
ထိုဖြစ်ရပ်အပြီး ပုသိမ်ကြီးမြို့နယ်နှင့် ကပ်လျက်ဖြစ်သည့် မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ စခန်းငယ်များ တစ်ခုပြီးတစ်ခု တောနင်းရှာဖွေခံနေရသည်ဟု မတ္တရာမြို့နယ် ပကဖခေါင်းဆောင်တစ်ဦးက ဆိုသည်။
“အဓိကမီးရှို့ခံရတာက ကျွန်တော်တို့ဒေသအတွင်းမှာ အခြေချနေကြတဲ့အဖွဲ့တွေရဲ့ စခန်းနေရာတွေ၊ ကျွန်တော်တို့အဖွဲ့ရဲ့ စခန်းနေရာတွေ၊ တောတွင်းနေရာတွေပေါ့၊ အဲဒါတွေကို ဒီကောင်တွေ စစ်ကြောင်းထိုး ဖျက်ဆီးနေတာ။ မနေ့ကတော့ တောင်ကောင်းရွာထဲက နေအိမ်တွေ မီးရှို့ခံရတယ်” ဟု ၎င်းက ပြောသည်။
စခန်းငယ်များ ဖျက်ဆီးခံနေရသော်လည်း တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရခြင်းမရှိဘဲ အချိန်မီ တိမ်းရှောင်မှုများ လုပ်ဆောင်နိုင်ကြောင်း၊ ယမန်နေ့ (ဩဂုတ် ၂၅) တွင် ရေကြည်ကျေးရွာအုပ်စု တောင်ကောင်းကျေးရွာမှ လူနေအိမ် ၅ လုံးခန့် မီးရှို့ခံရကြောင်း သိရသည်။
စစ်ကောင်စီတပ်အများအပြား မတ္တရာမြို့နယ် အရှေ့ခြမ်းတွင် ဩဂုတ် ၁၈ ရက်ခန့်မှ စတင်ပြီး နေ့စဉ် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဒေသခံရွာသူရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရကြောင်း ရေကြည်ကျေးရွာအုပ်စုအတွင်း နေထိုင်သူ ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“တစ်ကြောင်းနဲ့တစ်ကြောင်း မတူဘူးဗျ၊ အများကြီးပဲ၊ တစ်ဖွဲ့ပြီးတစ်ဖွဲ့ လာနေတာ၊ ရွာတွေထဲ လာတယ်၊ တောတွေထဲ ဝင်တယ်၊ ဖမ်းထားတဲ့လူတွေလည်း ခေါ်လာတယ်၊ သူတို့ကို လိုက်ပြခိုင်းတာနဲ့တူတယ်၊ စစ်သားတွေ လာရင် ရှောင်ကြရတာပေါ့”ဟု ပြောသည်။
ဇူလိုင်နှင့် ဩဂုတ်လ မန္တလေးမြို့အတွင်း ပိတ်ဆို့ စစ်ဆေး ရှာဖွေမှုများတွင် မြေအောက်တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၀ ကျော် အဖမ်းခံရသည်။
မတ္တရာမြို့နယ်သည် မန္တလေးနှင့် နယ်မြေ ထိစပ်နေသလို ဒေသခံကာကွယ်ရေးအဖွဲ့များ၊ PDF များ အားကောင်းကာ စစ်ကောင်စီတပ်ကို ပြောက်ကျားတိုက်ခိုက်နေသည်။
ပြီးခဲ့သည့် ဧပြီအတွင်းကလည်း မတ္တရာအရှေ့ပိုင်းတွင် စစ်ကောင်စီယာဉ် ၂ စီး မိုင်းဆွဲခံရ၍ အနီးနားကျေးရွာများကို စစ်တပ်က ဝင်မီးရှို့ခဲ့သည်။
အာဏာသိမ်းစစ်တပ်သည် မတ္တရာမြို့နယ်အရှေ့ပိုင်းမှ ကျေးရွာများကို မကြာခဏ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လျက်ရှိပြီး သဖန်းကိုင်း၊ ကင်း စသည့်ကျေးရွာများမှ လူနေအိမ်များကို မကြာခဏ မီးရှို့ဖျက်ဆီးနေသည်။
နိုင်ငံတကာက စစ်ကောင်စီကို မီးရှို့ သတ်ဖြတ်မှုများ ရပ်တန့်ရန် တိုက်တွန်းနေသော်လည်း စစ်ကောင်စီက ၎င်းတို့ ထိုအမှုများ ကျူးလွန်မှုမရှိဟု တုံ့ပြန်လျက်ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)