သတင်း

စစ်ကိုင်းတိုင်းကို ဗုံးကြဲရာတွင် မန္တလေးလေဆိပ်ကို အဓိကအသုံးပြုနေ 

လပေါင်းများစွာ ရှိလာပြီဖြစ်သော်လည်း မြန်မာနိုင်ငံအနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းရှိ လက်နက်ကိုင် ခုခံ တော်လှန်သူများကို ထိန်းချုပ်နိုင်ခြင်း မရှိသည့် အာဏာသိမ်းစစ်တပ်က မန္တလေးမြို့အနီးရှိ တံတားဦးလေယာဉ်ကွင်းကို အဓိကထားအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။ 

တောတောင်ရှိုမြှောင်ပေါပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပါ ချိတ်ဆက်ဆောင်ရွက်နိုင်သော ပထဝီအနေအထားရှိ စစ်ကိုင်းတိုင်းတွင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက လူထု၏ထောက်ခံမှုကို ရရှိထားသည်။ 

စစ်ကောင်စီတပ်သည် ခြေလျင်တပ်များအသုံးပြုရာတွင် အလွယ်တကူ မိုင်းဆွဲတိုက်ခိုက်ခံရခြင်း၊ လုံ လောက်သည့် စစ်အင်အား မဖြည့်တင်းနိုင်ခြင်းတို့ကြောင့် မြေပြင်စစ်ကြောင်းများကို ရဟတ်ယာဉ်များ ဖြင့် အပြောင်းအရွှေ့ပြုလုပ်ကာ ရွာစဉ်လှည့်၍ စီးနင်းသည့်အပြင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ခိုအောင်းနေရာများကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်။ 

စစ်ကိုင်းတိုင်းတွင် လေကြောင်းမှတိုက်ခိုက်ရာ၌ အခြားဒေသများရှိ လေတပ်စခန်းများ အသုံးပြုနိုင် သော်လည်း မန္တလေးမြို့တောင်ဘက် တံတားဦးမြို့နယ်အတွင်းရှိ တံတားဦး လေယာဉ်ကွင်းကို စစ်ကောင်စီက အဓိကထားကာ အများဆုံး အသုံးပြုလေ့ရှိကြောင်း ဒေသခံ PDF အဖွဲ့များနှင့် အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် စစ်တပ်အရာရှိတို့က ဆိုသည်။ 

မကွေးလေတပ်စခန်းဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တံတားဦးလေတပ်ဆွယ်သည် ရုရှနိုင်ငံထုတ် YAK-130 အမျိုးအစား တိုက်လေယဉ်များ၏ အဓိကအခြေစိုက်စခန်း (Mother Unit ) ဖြစ်ကြောင်း CDM ဝင်ထားသူ လေတပ်ဗိုလ်ကြီးတစ်ဦးက ပြောသည်။ 

“အဲလေယဉ်တွေက စရောက်ကတည်းက ဒီနေရာမှာပဲ ရောက်တာ။ ဒီနေရာမှာဆင်၊ ဒီနေရာပဲပြုပြင်တာပေါ့ဗျာ၊ ဘယ်နေရာပဲသွားသွား ပြုပြင်ထိမ်းသိမ်းဖို့ ဒီကိုပဲ ပြန်လာရမှာ၊ YAK-130 အပြင် A5 ဗုံးကြဲလေ ယာဉ်တွေလည်းရှိတယ်” 

စစ်ကောင်စီ၏ လတ်တလော လေကြောင်းတိုက်ခိုက်မှုများတွင် အမောင်းသင် တိုက်ခိုက်ရေး လေယာဉ် များဖြစ်သည့် YAK-130 တိုက်လေယာဉ်များကို အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။

Myanmar Now က ရယူထားသည့် ဂြိုလ်တုဓာတ်ပုံများအရ မန္တလေးမြို့တောင်ဘက် တံတားဦးလေဆိပ်၊ လေတပ်ဆွယ်တွင် ယခုလ ၁၀ ရက်က တိုက်လေယာဉ်များ အဆင်သင့်ပြင်ဆင်ထားသည်ကို တွေ့ရသည်။ အနည်းဆုံး တိုက်လေယာဉ် ၆ စီး အဆင်သင့်ရှိနေပြီး အခြားလေယာဉ်တစ်စီးနှင့် ဂိုဒေါင်များအတွင်း တိုက်လေယာဉ်များ အစီအရီထည့်သွင်းထားသည်ကို တွေ့ရသည်။

တံတားဦး လေယာဉ်ကွင်းမှာ နိုင်ငံအလယ်ပိုင်းတွင် အကြီး ဆုံးအပြည်ပြည်ဆိုင်ရ လေဆိပ်တစ်ခုလည်း ဖြစ်သည်။ ခရီးသည်တင်လေယာဉ်များ အတက်အဆင်း ပြုလုပ်ရာ လေဆိပ်ကို လေတပ်ဆွယ်အဖြစ် တွဲဖက်အသုံးပြုနေသည်မှာ နှစ်အတန်ကြာရှိပြီဖြစ်ကြောင်း လည်း အာဏာသိမ်းမှုကြောင့် လေတပ်ကို စွန့်ခွာခဲ့သူ ထိုဗိုလ်ကြီးက ပြောသည်။

လေကြောင်းတိုက်ခိုက်သည့် နေရာများနှင့် ခရီးအကွာအဝေး တိုတောင်းသောကြောင့် လေယာဉ်ဆီလျော့ သုံးကာ လက်နက်ခဲယမ်း ပို၍သယ်ဆောင်နိုင်ကြောင်း၊ ထို့ကြောင့် တံတားဦး လေယာဉ်ကွင်းကို ဗဟိုပြု ကာ စစ်ကိုင်းတိုင်းကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ဒေသခံ PDF များနှင့် တိုက်ပွဲများ အရှိန်မြင့်တက်လာပြီးနောက် စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်များအပြင် ဗုံးကြဲလေယာဉ်များကို ပို၍အားကိုးလာသည်။

ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကန့်ဘလူ၊ ကောလင်းနှင့် ကသာမြို့နယ်များအတွင်း တိုက်ပွဲများတွင် မန္တလေးမြို့တောင်ဘက် ၁၄ မိုင်အကွာရှိ တံတားဦးလေဆိပ်မှ တက်လာသည့် တိုက်လေ ယာဉ်များဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း PDF အဖွဲ့များက ဆိုသည်။

ကန့်ဘလူမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ယခုလ ၂၃ ရက် နေ့ခင်းတွင် PDF အဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်စဉ် စစ်ကောင်စီက တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲခဲ့သည်။ စစ်တပ် က တိုက်လေယာဉ်များအပြင် ရဟတ်ယာဉ်များလည်း အသုံးပြုကြောင်း ကန့်ဘလူ PDF က ထုတ်ပြန် ထားသည်။ 

မြေပြင်၌ စစ်ကောင်စီဘက်မှ အထိနာခဲ့ပြီး အရာရှိအဆင့်သုံးဦး ဖမ်းဆီးခံရသည့်အပြင် လက်နက်ကြီး လက်နက်ငယ်များလည်း လက်လွှတ်ဆုံးရှုံးခဲ့သည်ကို PDF အဖွဲ့၏ ထုတ်ပြန်ချက်နှင့် ဓာတ်ပုံများအရ သိရသည်။

တိုက်ပွဲဧရိယာကို ဗုံးကြဲသည့်လေယာဉ်များမှာ တံတားဦဲးမှလာသည့် YAK-130 အမျိုးအစား တိုက်လေ ​ယာဉ်များဖြစ်ကြောင်း၊ အချိန်မီဆုတ်ခွာနိုင်သဖြင့် ထိုလေကြောင်းတိုက်ခိုက်မှုမှ လွတ်ကင်းခဲ့ကြောင်း  ကန့်ဘလူခရိုင် PDF တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောကြားထားသည်။

အင်အား ၆၀ ခန့်ပါရှိသည့် စစ်ကြောင်းမှာ တစ်ဝက်နီးပါးအထိ ကျဆုံးခဲ့သည်ကို လက်တုံ့ ပြန်သည့် အနေဖြင့် စစ်တပ်က ညအချိန်တွင် တိုက်လေယာဉ်သုံးစီးဖြင့် ထပ်မံ ဗုံးကြဲခဲ့ကြောင်း PDF က ဆိုသည်။​

တိုက်ပွဲဖြစ်ရာနှင့် ခြောက်မိုင်ခန့်အကွာရှိ သစ်စိမ့်ကုန်းရွာကို ညအချိန် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

တံတားမှထွက်လာသည့် တိုက်လေယာဉ်များဖြင့်ပင် ဖြစ်ကြောင်း၊ သန်းခေါင်ယံအချိန် ဗုံးကြဲခံရသဖြင့် ခြောက်နှစ်အရွယ်တစ်ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သားလေးဦး သေဆုံး ခဲ့ရသည်။ 

“ဗုံးကဗျာ တင်းတောင်းလောက်တောင်ကြီးတယ်။ ကျတဲ့နေရာဆို ငါးတောင်ပတ်ချာလည်လောက်ကို ကျင်းကြီးဖြစ်သွာတာ။ ရွာနဲ့ မလှမ်းမကမ်းမှာ ကျတဲ့နှစ်လုံးက မကွဲသေးဘူးဗျ။ ဒီအတိုင်းရှိသေးတယ်” ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။

ဗုံးငါးလုံးအထိ ကြဲခံရသဖြင့် ကန့်ဘလူမြို့မြောက်ဘက်ရှိ သစ်စိမ့်ကုန်းရွာမှ စာသင်ကျောင်းနှင့် အနီးရှိ နေအိမ်လေးလုံး ပျက်စီးသွားသည်။

ယခုလ ၂၂ ရက်ကလည်း စစ်ကိုင်းတိုင်းအထက် ကချင်ပြည်နယ်အစပ်ရှိ ကသာမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ရာတွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဧရာဝတီမြစ်အရှေ့ ဘက်ကမ်း ဘန့်ဘွေးကုန်းရွာ ဘုန်းကြီးကျောင်းရှိ PDF ပူးပေါင်းအဖွဲ့ကို တိုက်စဉ် ဗုံးကြဲခြင်းဖြစ်သည်။

“သူတို့ဘက်က အကျအဆုံး တော်တော်လေးရှိတယ်လို့ ပြောတယ်။ အဲဒါကြောင့်လည်း လေယာဉ်တွေနဲ့ လာကူချတာပေါ့၊ သူတို့ ထိခိုက်နစ်နာမှု မရှိဘူးဆိုရင်တော့ လေယာဉ်ကူစရာ အကြောင်းမရှိဘူးလေ” ဟု ကသာ PDF အဖွဲ့ဝင် ဗိုလ်ဇာမဏီဆိုသူက ပြောသည်။

ဒေသခံ အမျိုးသမီးတစ်ဦးကလည်း စစ်ကောင်စီဘက်က တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်သည် ကို ကသာမြို့ပေါ်မှ မြင်တွေ့ရကြောင်း ဆိုသည်။ 

“ဘန့်ဘွေးကုန်းရွာကို ဗုံးသုံးခါချတာ။ တစ်ခါကို သုံးလုံးစီချတာ”

မြန်မာစစ်တပ်သည် အရပ်သားများကို တိုက်ခိုက်ရာတွင် YAK-130 တိုက်လေယဉ်များကို အသုံးပြုနေ ကြောင်း Myanmar Witness အဖွဲ့က ပြီးခဲ့သည့်လအတွင်း အထောက်အထားများနှင့်တကွ ထုတ်ပြန် ခဲ့သည်။ ဗုံးကြဲခြင်းများအပြင် ဒုံးကျည်နှင့် အမြောက်များ အသုံးပြုသည်ဟုလည်း သိရသည်။

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပါအဝင် နိုင်ငံအနှံ့တွင် နေ့စဉ်ဖြစ်ပွားနေသော တိုက်ပွဲများတွင် လေကြောင်းတိုက်ခိုက်မှုကို မဖြစ်မနေ အသုံးပြုနေသည်။ 

မှော်ဘီ၊ မင်္ဂလာဒုံ၊ မိတ္ထိလာ၊ တောင်ငူ၊ မြိတ်၊ မြစ်ကြီးနား၊ မကွေး၊ ပုသိမ်၊ ဟုမ္မလင်း၊ နမ့်စမ်မြို့များတွင် လေတပ်စခန်းများရှိပြီး မန္တလေးနှင့် စစ်ကိုင်းတိုင်းကဲ့သို့သော နေရာများတွင် အရပ်ဘက်လေယာဉ်ကွင်းများကို လေတပ်ဆွယ်အနေဖြင့် အသုံးပြုနေကြောင်း CDM အရာရှိများထံမှ သိရသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button