ပညာရေး

စာမေးပွဲအောင်ချက်ကောင်းသည့်နည်းလမ်းကို စစ်ကောင်စီ ရှာဖွေတွေ့ရှိ

စာတတ်မြောက်ရေးထက် အတန်းတက်ရေးကို ဦးစားပေးခဲ့သဖြင့် မြန်မာ့ပညာရေး အားနည်းခဲ့သည်ဟု ပြစ်တင် ဝေဖန်ထားသည့် အာဏာသိမ်းစစ်ကောင်စီက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးသူများ၊ ဝင်မဖြေသူများအတွက် သီးသန့်စာမေးပွဲလုပ်မည်ဟု ဆိုသည်။

အခြေခံပညာရေး နောက်ဆုံးအဆင့် အတန်းတင်စာမေးပွဲ ဝင်ကြေးအတွက် တံဆိပ်ခေါင်းနှင့် လျှောက်လွှာဝယ်ယူရန် ကျပ် ၉၀၀ ကျသင့်မည်၊ ပညာရေးမှူးရုံးများတွင် စက်တင်ဘာလအတွင်း လျှောက်လွှာတင်ရမည်ဟု စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနက သြဂုတ် ၂၃ တွင် ထုတ်ပြန်သည်။

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ပြီးခဲ့သည့်နှစ်တွင် နိုင်ငံတစ်ဝန်း ကျောင်းတက်သူမရှိသလောက်ဖြစ်လာပြီး စာသင်ချိန် လအနည်းငယ်သာရှိခဲ့သော်လည်း အတန်းတင်စာမေးပွဲများ မဖြစ်မနေ ကျင်းပခဲ့သည်။

မတ်လကုန်ပိုင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖြေဆိုသူ ၂၈၀,၀၀၀ ကျော်၊ အောင်ချက် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိသဖြင့် ဆယ်စုနှစ်အတွင်း အောင်ချက်ရာနှုန်း အမြင့်ဆုံးဖြစ်သည်ဟု စစ်ကောင်စီက ဇွန်လတွင် ထုတ်ပြန်သည်။

စစ်တပ်က အာဏာမသိမ်းမီ အရပ်သားအစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်ခဲ့သော တက္ကသိုလ်ဝင်တန်းစာမေးပွဲသည်ပင်လျှင် ဖြေဆိုသူ ကိုးသိန်းကျော်အနက် သုံးသိန်းနီးပါးသာ အောင်မြင်ပြီး အောင်ချက်အနေဖြင့် ၃၂ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ 

တက္ကသိုလ်ဝင်တန်း ဖြေဆိုသူအရေအတွက် သုံးဆအထိ ကွာဟနေသော်လည်း စစ်ဗိုလ်ချုပ်များက ၎င်းတို့ဦးစီးသည့် စာမေးပွဲသည် အအောင်မြင်ဆုံးဖြစ်ကြောင်း ကြွေးကြော်နေသည်။ ဤအခြေအနေတွင် အစဉ်အလာအတိုင်း မဟုတ်ဘဲ  သီးသန့်စာမေးပွဲ လုပ်ဦးမည်ဆိုသောကြောင့် အောင်ချက်ရာခိုင်နှုန်း ကိန်းဂဏန်း တိုးပွားလာမည်ဖြစ်သည်။ 

စစ်ကောင်စီက ဆယ်တန်းစာမေးပွဲ ကျသူများနှင့် ဝင်မဖြေသူများအတွက် သီးသန့်စာမေးပွဲကို ဝင်ဖြေမည်မဟုတ်ဟု ရန်ကုန်၊ တောင်ဒဂုံမြို့နယ်မှ ၁၈ နှစ်အရွယ် တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦးက ပြောသည်။

“ထပ်ဖြေခိုင်းလည်း ပေါချောင်ကောင်း အောင်တာပဲ။ စစ်မှန်တဲ့ အောင်မြင်မှုနဲ့ အရည်အချင်းတော့ ရမယ် မထင်ပါဘူး” ဟု စစ်ကောင်စီ၏ စာမေးပွဲတွင် ဝင်မဖြေခဲ့သူ ထိုကျောင်းသူက ဆိုသည်။ 

ပညာရေးယန္တရား လည်ပတ်နိုင်ကြောင်း ပြသလိုသည့်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ နောက်တစ်ကြိမ်လုပ်ခြင်းဖြစ်သည်ဟု အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေသည့် အခြေခံပညာရေးဝန်ထမ်းများ၏ အထွေထွေသပိတ်ကော်မတီ (BEGSC) အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်မြတ်မိုးက ဆိုသည်။

“နိုင်ငံပညာရေးမှာ တစ်ခုခုလုပ်ပြနိုင်ပါတယ်ဆိုပြီး ပြချင်တာရောကြောင့် ခုလို ဆက်လုပ်နေတာလို့ တွေးမိပါတယ်”

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပညာရေးတွင် အတန်းအောင်မြင်ရေးထက် အမှန်တကယ်တတ်မြောက်ရေး သင်ကြားပေးရန် လိုကြောင်းလည်း မကြာခဏ ပြောဆိုနေသည်။ အတန်းတက်ရေးကိုသာ ဦးစားပေးခဲ့သဖြင့် မြန်မာ့ပညာရေး အားနည်းခဲ့ရသည်ဟုလည်း မကြာမီက နေပြည်တော်အစည်းအဝေးတစ်ခုတွင် ၎င်းက ပြောဆိုခဲ့သည်။ 

ထိုသို့ဆိုသော်လည်း အာဏာသိမ်းပြီး ကသောင်းကနင်းအခြေအနေများကြောင့် အခြေခံပညာကျောင်းများ၌ ကျောင်းတက်သူအရေအတွက် သိသိသာလျော့နည်းခဲ့သည်ကိုမူ ၎င်းကိုယ်တိုင် ဝန်ခံထားဖူးသည်။

ကျောင်းသားကျောင်းသူ ၁၀ သန်းနီးပါး ကျောင်းတက်မည်ဟု ခန့်မှန်းသော်လည်း ကျောင်းဖွင့်ရန် စာရင်းကောက်ယူချိန်တွင် လေးသန်းကျော် ပျက်ကွက်နေကြောင်း ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ဝန်ကြီးချုပ်များနှင့် တွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့သည်။

ကျောင်းမတက်သည့် အကြောင်းရင်းများတွင် နိုင်ငံရေး မတည်ငြိမ်ခြင်းနှင့် ပညာရေးဝန်ထမ်းများ လုပ်ငန်းခွင်တွင် မရှိခြင်းတို့ပါဝင်ကြောင်း စစ်ခေါင်းဆောင် ထည့်သွင်း ပြောဆိုသည်ကို ပေါက်ကြားလာသည့် ထိုအစည်းအဝေးမှတ်တမ်းအရ သိရသည်။

စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် နိုင်ငံတစ်ဝန်းရှိ ကျောင်းသူကျောင်းသားများ၊ ပညာရေးဝန်ထမ်းများ၊​ ကျောင်းဆရာ ဆရာမများ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသည်။ တစ်နိုင်ငံလုံးတွင် ဆရာဆရာမ လေးသိန်းကျော်ရှိသည့်အနက် နှစ်သိန်းခွဲကျော် CDM ဝင်ခဲ့သည်ဟု NUG ၏ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူက ဆိုသည်။

ကျောင်းများပြန်ဖွင့်နိုင်ရေး စစ်ကောင်စီက ကြိုးပမ်းခဲ့သည့်နည်းတူ အာဏာသိမ်းမှုကို ဆန့်ကျင် တော်လှန်သူများကလည်း ကိုယ်ပိုင်ပညာရေးအစီအစဉ်များ ဖော်ဆောင်ခဲ့သည်။​ 

စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရားမရှိသည့် ကျေးလက်ဒေသများတွင် NUG ၏ ပညာရေးအစီအစဉ်ဖြင့် ဖွင့်သည့်ကျောင်းများ ပေါ်ပေါက်လာသည့်အပြင် အွန်လိုင်းမှတစ်ဆင့် သင်ကြားသည့် ကျောင်းများလည်း ရှိလာသည်။

အွန်လိုင်းစနစ်ဖြင့် သင်ကြားပေးသည့် Kaung For You အမည်ရကျောင်း ဦးဆောင်ဖွင့်လှစ်သူတချို့ကို စစ်ကောင်စီက အကြမ်းဖက်မှု အားပေးအားမြှောက်ပြုသည်ဆိုကာ ဖမ်းဆီးအရေးယူခဲ့သည်။ ထိုကျောင်းနှင့် ပတ်သက်၍ ရာနှင့်ချီသော CDM ဆရာဆရာမများ ဖမ်းဆီးခံရပြီးဖြစ်သည်။ 

စစ်ကောင်စီက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံရေးအရ အသုံးချခြင်းသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဒုတိယပညာရေးဝန်ကြီး စိုင်းခိုင်မျိုးထွန်းက ဝေဖန်သည်။

“သူ့အုပ်ချုပ်ရေး လည်ပတ်တယ်ဆိုတာကို ပြနိုင်ဖို့နဲ့ ကလေးမိဘတွေ ထောက်ခံမှုရဖို့အတွက် ပညာရေးကို အသုံးချခဲ့တာ အခုထိပါပဲ။ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေလိုပါပဲ၊ အာဏာရှင်အုပ်ချုပ်ရေးကို အဓွန့်ရှည်စေမယ့် ပညာရေးလုပ်တာလို့ မြင်ပါတယ်” 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button