
ရန်ကုန်မြို့ အနောက်ဘက် လှိုင်မြစ်တစ်ဖက်ကမ်း တွံတေးမြို့နယ် ဇီးဖြူကုန်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ပစ်သတ်ခံရပြီး နာရီပိုင်းအတွင်း ရောက်လာသည့် စစ်တပ်က ဒေသခံ ၂၀ ခန့်ကို ဖမ်း၍ ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ရိုက်နှက်စစ်ဆေးနေသည်။
ဇီးဖြူကုန်းကျေးရွာ အုပ်ကြီး၊ ရာအိမ်မှူး ၃ ဦးနှင့် အခြား ၂ ဦးတို့မှာ ဩဂုတ် ၂၂ ရက် ညနေပိုင်းက တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ သွားပြီး အပြန်လမ်းတွင် မြို့ပြပြောက်ကျားအဖွဲ့ ပစ်ခတ်မှုကြောင့် သေဆုံးပြီးနောက်တွင် စစ်တပ်က ထိုသို့ လုပ်ဆောင်နေခြင်းဖြစ်သည်။
ပစ်ခတ်မှုဖြစ်သည့်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ကား ၅ စီးဖြင့် လက်နက်ကိုင်အင်အား ၅၀ ခန့် ဇီးဖြူကုန်းကျေးရွာသို့ ရောက်လာကြောင်း မြို့ပြပြောက်ကျားအဖွဲ့- တွံတေး တာဝန်ရှိသူက ပြောသည်။
ထို ၅၀ ထဲတွင် စစ်တပ်က လေ့ကျင့် လက်နက်ပေးထားသည့် ပြည်သူ့စစ် ခေါ် ပျူစောထီးများလည်း ပါဝင်သည်ဟု ဆိုသည်။
စစ်ကောင်စီအဖွဲ့မှာ ဇီးဖြူကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ယနေ့ (ဩဂုတ် ၂၄) အထိ တပ်စွဲထားကြောင်း၊ ဇီးဖြူကုန်းအပြင် ထိုရွာနှင့် ရွာနီးချုပ်စပ်ရှိသည့် မြဂိုး၊ မြကန်သာတို့တွင် နေထိုင်သူအချို့ပါ ဖမ်းဆီးခံထားရကြောင်း ၎င်းထံမှသိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များအဖြစ် စစ်ကောင်စီက စွပ်စွဲဖမ်းဆီးထားသူတို့မှာ အသက် ၁၈ မှ ၄၀ ကြားရှိပြီး အမျိုးသမီး ၃ ဦးပါကြောင်း ထိုသူက ဆိုသည်။ အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးပေ။
“(ဇီးဖြူကုန်း) တစ်ရွာလုံးပတ်ပြီး တွေ့သမျှဆွဲချ၊ ရိုက်နှက်ပြီး ဖုန်းသိမ်း လုပ်နေတယ်၊ အိမ်ထဲက အိမ်ပြင်ကို မထွက်ရဲကြဘူး။.ကြိုးတုပ် ဝမ်းလျားမှောက်ပြီး ရိုက်ခံနေရတာပါ” ဟု အထက်ပါ တွံတေးပြောက်ကျားအဖွဲ့ တာဝန်ရှိသူက ပြောသည်။

တွံတေးမြို့မှ ဇီးဖြူကုန်းရွာမရောက်မီ လမ်းခုလတ်၊ သဝန်းတောရွာနှင့် မြကန်သာရွာလမ်းဆုံတွင် ပြောက်ကျားအဖွဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူတို့မှာ ဇီးဖြူကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးခင်ညွန့်၊ ရာအိမ်မှူးများဖြစ်ကြသော ဦးအေးမြင့်၊ ဦးဝင်းဇော်၊ ဦးသန်းဌေး၊ ယာဉ်မောင်းဖြစ်သူနှင့် ဘိုဘိုဆိုသူ ဆိုင်ကယ်သမား ၁ ဦး ဖြစ်သည်။
ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းသည့် စစ်တပ်က ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေရာ နိုင်ငံအနှံ့ခုခံမှုများ မြင့်တက်လာချိန်တွင် စီးပွားရေးမြို့တော် ရန်ကုန်၌ပင် စစ်ကောင်စီပစ်မှတ်များ တိုက်ခိုက်ခံနေရရာ ထိုအထဲတွင် တွံတေးမြို့နယ်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်အတွင်းရှိ ဇီးဖြူကုန်းရွာတွင် စစ်ကောင်စီက ပုံမှန်တပ်စွဲထားလေ့ရှိသည်ဟု ဒေသအခြေစိုက် ပြောက်ကျားအဖွဲ့က ဆိုသည်။ အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)