သတင်း

တပ်ပိုင်ကုမ္ပဏီများတွင် ဒေါ်လာသန်းရာဂဏန်း ရှိနေ 

ပြည်တွင်းနှင့် နိုင်ငံခြားကုမ္ပဏီအများစု၏ ဒေါ်လာရငွေနှင့် လက်ကျန်ငွေများကို ကျပ်ငွေဖြင့် စစ်ကောင်စီက အတင်းအကျပ် လဲယူနေချိန် စစ်တပ်ပိုင် ကုမ္ပဏီကြီးတစ်ခုဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ (UMEHL) ၏ ဩဂုတ်လ ၁၂ရက် နိုင်ငံခြားငွေ လက်ကျန်စာရင်းတွင် အမေရိကန်ဒေါ်လာ ၁၅၆ သန်းကျော် ကျန်ရှိကြောင်း Myanmar Now က ရရှိထားသည့် ကုမ္ပဏီ၏ ဘဏ္ဍာရေးမှတ်တမ်းတွင် တွေ့ရသည်။

ဦးပိုင်ကုမ္ပဏီ လက်အောက်ရှိ ကျောက်စိမ်းတူးဖော်ရေး၊ ကုန်သွယ်ရေး၊ မွေးမြူရေး၊ လယ်ယာထွက်ကုန်၊ ခရီးသွားလုပ်ငန်း၊ ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းနှင့် အာမခံ စသည့်ကုမ္ပဏီ ၁၃ ခုတို့တွင် ထိုပမာဏ ရှိနေခြင်း ဖြစ်သည်။

ထို့အပြင် ယူရို ၈ ဒသမ ၉ သန်း၊ စင်္ကာပူဒေါ်လာ ၉ သိန်းနီးပါးလည်း ကျန်ရှိနေသည်။ 

တောင်ကိုးရီးယား၊ ဂျပန်၊ စင်္ကာပူ ကုမ္ပဏီများနှင့် ဦးပိုင်တို့ ဖက်စပ်လုပ်ကိုင်ခဲ့သည့် ကုမ္ပဏီလေးခုဖြစ်သော Myanmar Brewery, Virginia Tobacco, Myanmar Inno International, Myanmar POSCO တို့တွင် ဒေါ်လာ ၃၇ သန်းကျော်နှင့် ယူရိုငွေ ၈ သန်းနီးပါး ကျန်ရှိနေကြောင်း ထိုဘဏ္ဍာရေးမှတ်တမ်းတွင် တွေ့ရသည်။

အဆိုပါနိုင်ငံခြားငွေ လက်ကျန်များသည် မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB) နှင့် စစ်တပ်ပိုင် မြဝတီဘဏ်တို့တွင် ရှိနေသည်။

ဒေါ်လာအကြီးအကျယ်လိုအပ်နေသည့် စစ်ကောင်စီသည် ဧပြီ ၅ မှစ၍ ပို့ကုန်ရငွေနှင့် လက်ကျန်ဒေါ်လာများကို တစ်ဒေါ်လာကို ၁,၈၅၀ ကျပ်ဖြင့် လဲရမည်ဟု ထုတ်ပြန်ခဲ့သည်။ ယင်းနောက် တစ်ဒေါ်လာ ငွေလဲနှုန်းကို ၂,၁၀၀ ကျပ်သို့ ပြောင်းလဲသတ်မှတ်လိုက်ပြီး၊ ပို့ကုန်၏ ၆၅ ရာခိုင်နှုန်းကို လဲလှယ်ရန် ပြောင်းလဲသတ်မှတ်ခဲ့ပြန်သည်။

သို့သော် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၏ ကုန်သွယ်မှုနှင့် ကုန်သွယ်မှုမဟုတ်သော လုပ်ငန်းများမှ ဒေါ်လာများကို ထိုအမိန့်မှ ကင်းလွတ်ခွင့်ပြုရန် စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်မှတစ်ဆင့် ဧပြီလကုန်တွင် ပြည်တွင်းဘဏ်များကို ညွှန်ကြားထားခဲ့သည်။

သာမန်ကုမ္ပဏီများအနေဖြင့် ဒေါ်လာများအလဲခံလိုက်ရသလို သွင်းကုန်ပစ္စည်းများကန့်သတ်ပိတ်ပင်ထား၍ ကုန်ကြမ်းပြတ်လပ်ကာ လုပ်ငန်းရပ်ဆိုင်းနေရသော်လည်း စစ်တပ်ပိုင်လုပ်ငန်းများ ကင်းလွတ်ခွင့်ရနေသဖြင့် စစ်တပ်နှင့် ဆက်နွယ်သည့် ထုတ်ကုန်သွင်းကုန်များကို မှီခိုရမည့် အခြေအနေဖြစ်လာကြောင်း စီးပွားရေးသမားတစ်ဦးက ဆိုသည်။

“သူတို့ရဲ့ စီးပွားရေးအင်ပါယာတစ်ခု သီးခြားထူထောင်ဖို့အတွက်ကို လုပ်လိုက်တယ်လို့ ထင်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်ခွင့်ရတဲ့သူက အကုန်လုံးကို လက်ဝါးကြီးအုပ်လို့ရမှာပဲ” ဟု မန္တလေးမြို့မှ အမည်အဖော်လိုသည့် ထိုလုပ်ငန်းရှင်က ဆိုသည်။

စစ်ကောင်စီသည် စီးပွားရေးလုပ်ငန်းများကို သိမ်းယူလိုက်ခြင်း မဟုတ်သော်လည်း ဒေါ်လာနှင့် လိုင်စင်ဆိုင်ရာ ကန့်သတ်ထိန်းချုပ်မှုများကြောင့် အထူးအခွင့်အရေးရသည့် ကုမ္ပဏီများသာ ဆက်လက်ရှင်သန်နိုင်မည်ဟုလည်း အထက်ပါ  လုပ်ငန်းရှင်က ပြောသည်။

ဒေါ်လာလက်ကျန်ကို ကျပ်ငွေဖြင့် လဲလှယ်ရန် ကင်းလွတ်ခွင့်ရလာသူများတွင် အထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းများ၊ သံရုံးများ၊ သံတမန်များ၊ ကုလသမဂ္ဂနှင့် လက်အောက်ခံဝန်ထမ်းများ၊ ပြည်ပအကူအညီပေးရေးအေဂျင်စီများမှ နိုင်ငံခြားသားများ၊ လေကြောင်းလိုင်းများ ပါဝင်သည်။ 

ထို့အပြင် အထူးစီပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် လက်အောက်ခံလုပ်ငန်း၊ အိန္ဒိယပို့ကုန်သွင်းကုန်ဘဏ်၊ China National Oil Corporation မြန်မာရုံးခွဲ၊ Panjab National Bank (ရန်ကုန်ရုံးခွဲ) ကို ကင်းလွတ်ခွင့်ပြုခဲ့သည်။ 

အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုအသင်းဝင်ကုမ္ပဏီများကို သတ်မှတ်ပမာဏအထိ ဒေါ်လာကိုင်ခွင့်ပြုထားပြီး ကျော်လွန်ပါက ကျပ်ဖြင့် လဲလှယ်ရန် သတ်မှတ်ခဲ့သည်။ ကနဦးတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းအထက် ပါဝင်သောကုမ္ပဏီများကို ကင်းလွတ်ခွင့်ပေးသော်လည်း နောက်ပိုင်တွင် ပယ်ဖျက်ခဲ့သည့်။ ထိုနောက် ၃၅ ရာခိုင်နှုန်းအထိ ပါဝင်သော ကုမ္ပဏီများ၏ ဒေါ်လာလက်ကျန်ကို ကျပ်ဖြင့် လဲရမည်ဟု ပြည်တွင်းဘဏ်များကို ညွှန်ကြားခဲ့သည်။ 

ပြီးခဲ့သည့် ဇူလိုင် ၂၁ တွင် ကင်းလွတ်ခွင့်မပြုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအားလုံး၏ ဒေါ်လာလက်ကျန်များ လဲရမည်ဟု ညွှန်ကြားခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် စီးပွားရေးလုပ်ကိုင်သည့် ကုမ္ပဏီများအားလုံး ဒေါ်လာမှ ကျပ်လဲရန် အကျုံးဝင်သွားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button