သတင်း

လက်နက်ခဲယမ်းဈေး နှစ်ဆတက်သဖြင့် တော်လှန်ရေးအဖွဲ့များ အခက်တွေ့နေ

အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေကြေးများ ဈေးမြင့်တက်ကာ ကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းလာသဖြင့် လက်နက်ခဲယမ်းဈေး နှစ်ဆတက်သွားသဖြင့် အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင် ခုခံတော်လှန်သူများ အခက်တွေ့နေသည်။

နိုင်ငံအနှံ့ရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များအနေဖြင့် နီးစပ်ဒေသများမှတစ်ဆင့် လက်နက်ခဲယမ်း ဝယ်ယူစုဆောင်းနေရခြင်းဖြစ်ကာ လတ်တလောတွင် လက်နက်သာမက ကျည်ဆန်ဈေးပါ တက်နေကြောင်း ကရင်ပြည်နယ်တွင် လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့တစ်ခုထံမှ သိရသည်။

ကျပ်ငွေတန်ဖိုး ကျဆင်းနေသဖြင့် AK အမျိုးအစား ရိုင်ဖယ်ကျည်ဆန် တစ်တစ်တောင့်လျှင် ယခင်က ကျပ် ၂၅၀၀ မှ ၃၀၀၀ ဝန်းကျင်သာရှိခဲ့သော်လည်း လက်ရှိတွင် ကျပ် ၉၀၀၀ နီးပါးအထိ ပေးဝယ်နေရကြောင်း ကရင်နယ်ပြည်အတွင်း လှုပ်ရှားနေသည့် PDF လက်အောက်ခံ နဂါးဖြူစစ်ကြောင်းမှ တာဝန်ခံတစ်ဦးဖြစ်သူ ကိုသိမ်းငှက်ဆိုသူက ပြောသည်။

တိုက်ပွဲတွင် ကျည်ချွေတာရန် တာဝန်ရှိသူက တင်းကျပ်ထားသည်ဟုလည်း ဆိုသည်။

“(ကျည်) သုံးတောင့်မှာ တစ်ချက် ထိကိုထိရမယ်ဆိုပြီး ကျွန်တော်တို့ စစ်ကြောင်းမှူးက သေသေချာချာ မှာကြားထားတယ်။ ပြည်သူတွေရဲ့ငွေနဲ့ ပစ်ရတာဖြစ်တဲ့အတွက် မလိုအပ်ရင် လုံးဝမပစ်ဖို့၊ သုံးချက်ဆိုရင် တစ်ချက် ထိကိုထိရမယ်” 

ယခုလ ၁၅ ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ရှိ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် ဘဏ်တို့ကို တော်လှန်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်စဉ် နဂါးဖြူစစ်ကြောင်းလည်း ပါဝင်ခဲ့သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ရဲမှူးအပါအဝင် ၇ ဦးသေဆုံးခဲ့သည်။ 

အမေရိကန်ဒေါ်လာငွေ လဲလှယ်နှုန်းကို စစ်ကောင်စီက ကျပ် ၁၈၅၀ မှ ၂၁၀၀ အထိ ယခုလအတွင်း ပြင်ဆင်သတ်မှတ်ခဲ့ရာ မူလကတည်းက တရိပ်ရိပ်တက်နေသော ဒေါ်လာဈေးမှာ ကျပ် ၃၀၀၀ ဝန်းကျင်အထိ ထိုးတက်သွားသည်။ 

ငွေဈေး မတည်ငြိမ်သဖြင့် လက်နက်အရောင်းအဝယ် အားလုံးနီးပါး ရပ်နားထားရသည်ဟု ကယားပြည်နယ်မှ တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

ထိုင်းနယ်စပ်ဖြစ်သော ကယားနှင့် ကရင်ပြည်နယ်၌သာမက အိန္ဒိယနယ်စပ် ချင်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များလည်း လက်နက်ခဲယမ်းဝယ်ယူရေး အခက်အခဲကြုံတွေ့နေရသည်။

AK 47 အမျိုးအစား သေနတ်တစ်လက်လျှင် ကျပ်သိန်း ၉၀ မှ ၁၈၀ အထိ ထိုးတက်သွားသည်ဟု ပြည်နယ်တောင်ပိုင်းတွင် လှုပ်ရှားနေသည့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တော်တော်အခက်အခဲဖြစ်နေတယ်။ လက်နက်ဝယ်ယူမှုအပိုင်းတွေ ရပ်ဆိုင်းထားရတယ်” ဟု ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်မှ CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

တော်လှန်ရေးအဖွဲ့များ လက်နက်လိုအပ်ချက် ကြီးမားနေချိန်တွင် စစ်ကောင်စီလက်အောက်ခံစစ်သားများ လက်နက်နှင့်အတူ အာဏာဖီဆန်ကာ ပူးပေါင်းလာမည်ဆိုပါက ဆုကြေးငွေ ထိုက်ထိုက်တန်တန် ချီးမြှင့်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယခုလအတွင်း ထုတ်ပြန်ထားသည်။​

ကျပ်တန်ဖိုးကျသဖြင့် M16 အမျိုးအစား ရိုင်ဖယ်တစ်လက်ဈေးနှုန်းမှာ ကျပ်သိန်း ၅၀ ခန့်မှ သိန်း ၁၂၀ အထိရှိလာကြောင်း၊ နိုင်ငံအလယ်ပိုင်း မကွေးတိုင်းအတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့အချို့က ဆိုသည်။

“သေနတ် ၅ လက် ဝယ်မယ်ဆိုပြီး ရလာတဲ့ငွေက နှစ်လက်သုံးလက်လောက်ပဲ ရတော့တာမျိုးပါ။ ဈေးတက်လာတာက လက်နက်ခဲယမ်း ရရှိမှုအတွက် အများကြီးထိခိုက်ပါတယ်” ဟု PRA-Magway ဆိုသော PDF အဖွဲ့၏ စစ်ရေးတာဝန်ခံက ပြောသည်။ 

တော်လှန်ရေးအဖွဲ့များအနေဖြင့် လက်နက်ဈေးနှုန်းကြီးမြင့်ခြင်း၊ ရန်ပုံငွေမလုံလောက်ခြင်းတို့ကြောင့် ရသည့်ကုန်ကြမ်းဖြင့် လက်လုပ်သေနတ်များကို အားထားနေရသည်ဟု ဆိုသည်။

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှ PDF တာဝန်ခံကလည်း “အခက်အခဲတွေရှိလည်း ကျွန်တော်တို့ကတော့ မောင်းပြန်လောက်ထိ မရောက်ရင်တောင် တစ်တောင့်ထိုးကျည်တို့၊ ဆွဲမိုင်းတို့ ရရာလက်လုပ် လက်နက်တွေနဲ့ နိုင်သလောက် ဆက်လုပ်သွားမယ်” ဟု ပြောသည်။

ချင်းပြည်နယ်တွင်လည်း တူမီးသေနတ်ကို အဆင့်မြှင့်ထားသည့် လက်လုပ်သေနတ်များ၊ လက်လုပ် ၆၀ မမ စိန်ပြောင်းများ၊ ရှော့တိုက်ဒုံးများ တီထွင်အသုံးနေရကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“လုံးဝချွေတာရမယ်ဆိုတဲ့ နည်းအတိုင်း သွားနေကြရတာ။ အခွင့်မသာရင် မပစ်ဖို့ အဲ့လိုလျှော့ချထားရတာ ရှိတယ်။ စုဆောင်းထားတဲ့ လက်နက်ခဲယမ်းတွေကို ပေါ့ပေါ့ဆဆမသုံးဖို့ အဲ့လို ထိန်းချုပ်ထားရတယ်” 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button