
ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များကို နိုင်ငံရေးပင်စင်ပေးလျက်ရှိကြောင်း စစ်ကောင်စီက ယနေ့ ကြေညာရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ပါတီဝင် ၂၁၇ ဦးပါရှိသည်ဟု ဆိုသည်။
နိုင်ငံရေးပင်စင်ခံစားခွင့် လျှောက်ထားလာသူများကို သတ်မှတ်ချက်နှင့်အညီ ခွင့်ပြုပေးလျက်ရှိရာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်း/ပြည်နယ်လွှတ်တော်တို့မှ ကိုယ်စားလှယ်ပေါင်း ၄၉၁ ဦးကို ပင်စင်ခံစားခွင့်ပေးခဲ့ကြောင်း၊ ၎င်းတို့အနက် ကြံ့ခိုင်ရေးပါတီဝင်အမတ် ၉၈ ဦးနှင့် NLD အမတ် ၂၁၇ ဦးရှိသည်ဟု စစ်ကောင်စီက ဆိုသည်။
ပင်စင်ခံစားခွင့်ပြုသူ ၄၉၁ ဦးတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၁၃ ဦးနှင့် နိုင်ငံရေးပါတီဝင် မဟုတ်သူ ၄၃ ဦးပါဝင်ကြောင်း၊ စုစုပေါင်း ကျပ်သန်း ၄၀၀၀ ကျော်ပေးအပ်ပြီးဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ ညပိုင်း ၈ နာရီသတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ စစ်ကောင်စီက တရားဝင်လုပ်ပိုင်ခွင့်ရှိသယောင်ယောင် ဆောင် ရွက်နေသော်လည်း ဆင်သေကို ဆိတ်သားရေဖြင့် ဖုံးမရကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ဦးအောင်ကြည်ညွန့်က ပြောသည်။
“၂၀၁၅ တုန်းက အမတ်ဖြစ်ပြီးတော့ ၂၀၂၀ မှာမပါတော့တဲ့ အမတ်တွေဖြစ်လိမ့်မယ်။ ပါတီကလည်း တစ်ချို့ထုတ်ထားပြီးတဲ့သူတွေရှိတယ်။ (စစ်ကောင်စီ) ဖိအားကြောင့် လက်မှတ်ထိုးထားတဲ့ လူတစ်ချို့ ထုတ်တာလည်းရှိကောင်းရှိနိုင်တယ်။ အသေးစိတ်တော့ ဘယ်သူတွေလဲ အခုမသိသေးဘူး” ဟုလည်း ၎င်းက ပြောသည်။
ရွေကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက ပြည်သူ့လွှတ် တော်တွင် ၂၅၅ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၁၃၅ နေရာ၊ စုစုပေါင်း ကိုယ်စားလှယ် ၃၉၀ နေရာ အနိုင်ရရှိခဲ့သည်။
NLD က ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ငြင်းပယ်၍ အာဏာသိမ်းပြီးနောက် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်များ၊ ပါတီဝင်များကို ဖမ်းဆီးကာ ပုဒ်မမျိုးစုံတပ် အရေးယူခံရသူများရှိသည့်နည်းတူ စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးရသူများလည်းရှိသည်။
ပါတီဝင်ပေါင်း ၆၀၀ ကျော်ဖမ်းဆီးခံထားရသလို လွှတ်တော်ကိုယ်စား လှယ် ၁၁၉ ဦးနှင့် ပါတီဝင် ၂၂၄ ဦးတို့၏ နေအိမ်များနှင့် ပိုင်ဆိုင်မှုများကိုလည်း စစ်တပ်က ဝရမ်းကပ်၊ ချိပ်ပိတ်၊ သိမ်းဆည်းထားသည်ဟု NLD ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သည့် ဦးကျော်ထွေးက ပြောထားသည်။
စစ်ကောင်စီက နိုင်ငံရေးပင်စင်ထုတ်ပေးခြင်းနှင့် ပတ်သက်၍ လစာပေါ်မူတည်တွက်ချက်ကြောင်း၊ ပြည်ထောင်စုအဆင့်နှင့် တိုင်း၊ ပြည်နယ် လွှတ်တော်အမတ်များရရှိသည့် နှုန်းထား မတူကြောင်း ကိုယ်တိုင်ထုတ်ယူခဲ့သည့် မွန်ညီညွတ်ရေးပါတီမှ မွန်ပြည်နယ် အမှတ် ၆ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်သီဟက ပြောသည်။
“သူတို့ပဲ လာစိစစ်တာ၊ ရဲက ရာဇဝင်လာယူတယ်၊ နေထိုင်တဲ့နေရာကို အတည်ပြုတယ်။ ဘယ်သူတွေ ရလဲ၊ ဘယ်လိုသတ်မှတ်လဲ ကျွန်တော်မသိဘူး”ဟု ၎င်းက ပြောသည်။
၎င်းမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်၍ နိုင်ငံရေးပင်စင် ကျပ်သိန်း ၅၀ ရကြောင်း၊ နေထိုင်ရာ သံဖြူဇရပ်မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် တစ်လုံးတစ်ခဲတည်း ထုတ်ယူခွင့်ရကြောင်း ဦးနိုင်သီဟက ပြောသည်။