ဆောင်းပါး

လက်နက်ကြီးနှင့် လေကြောင်းပစ်ကူ မပေးနိုင်သော ဝါဒဖြန့်ချိရေးတိုက်ပွဲ

စာမတတ်သဖြင့် အတွေးအခေါ်အားနည်းသည်ကို မီဒီယာများအမြတ်ထုတ်နေသည်ဟု အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်က နေပြည်တော်အစည်းအဝေးတွင် ပညာရေးအကြောင်း ထည့်ပြောရင်း ထိုသို့ဆိုခြင်းပင်။

အတန်းအောင်သော်လည်း အမှန်တကယ် စာမတတ်သဖြင့် စဉ်းစားတွေးခေါ်မှု အားနည်းသည်ကို ပြည်တွင်းပြည်ပ မီဒီယာများ အမြတ်ထုတ်နေသည်ဟု ဆိုသည်။ ဝါဒဖြန့်ချိရေးယန္တရား မအောင်မမြင်ဖြစ်နေရသည့်အပေါ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခေါင်းခဲနေဟန်ရှိသည်။

စစ်ခေါင်းဆောင်က မီဒီယာကို အပြစ်ဖို့သည်မှာ ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။ မီဒီယာများသည် ဆူပူအုံကြွမှုဖြစ်စေရန် သွေးထိုးလှုံ့ဆော်နေကြောင်း၊ ပဋိပက္ခများတွင် မီးလောင်ရာလေပင့်လုပ်နေကြောင်း မကြာခဏ ပြစ်တင်ပြောဆိုလေ့ရှိသည်။​

ပြီးခဲ့သည့်ရက်ပိုင်းက ဂျပန်အောက်လွှတ်တော်အမတ်နှင့် တွေ့ဆုံရာတွင်လည်း ထိုအချက်ကို အဓိက ထည့်သွင်းပြောဆိုသည်။ မြန်မာ့အရေး ပြည်ပတွင် သတင်းအမှားများဖြစ်ပေါ်နေသည်ဟု ဆိုသည်။ 

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဖယ်ကြဉ်မှုနှင့်အတူ အဘက်ဘက် ယိုယွင်းလာသော အခြေအနေများကြောင့် တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်ရန် ခက်ခဲလာချိန်တွင် စစ်ခေါင်းဆောင်က မီဒီယာများကို လက်ညှိုးထိုးလာခြင်းဖြစ်သည်။ 

မျက်နှာချိုသွေးခဲ့သူ

အမှန်တကယ်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မီဒီယာများကို အာဏာမသိမ်းမီ နှစ်အတန်ကြာကတည်းက မျက်နှာချိုသွေးခဲ့သူဖြစ်သည်။ 

၂၀၁၀ ပြည့်နှစ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီးနောက် မီဒီယာများနှင့်ဆက်ဆံရေးကို ဦးစားပေးခဲ့သည်။ သားသမီးများကို ကုမ္ပဏီများထူထောင်လုပ်ကိုင်စေကာ အနုပညာအသိုင်းအဝိုင်းကို ထိုးဖောက်စေခဲ့သည်။  သူ့သမီးပိုင် ကုမ္ပဏီက ကျပ်သိန်းပေါင်းများစွာ စိုက်ထုတ်ကာ ထိပ်သီး သရုပ်ဆောင်များနှင့် ပညာရှင်များအထိ သိမ်းသွင်းနိုင်သည်။ 

မင်းအောင်လှိုင်က တပ်အခမ်းအနားများတွင် မီဒီယာများကို ဖိတ်သည်။ ယခင်က မရှိခဲ့ဖူးသော ကြည်းရေလေ စစ်ဆင်ရေးလေ့ကျင့်ရေးခန်းများတွင်လည်း တက်ရောက်သတင်းယူစေသည်။ မီဒီယာများနှင့် တွေ့တိုင်း ပြုံးရွှင်စွာနှုတ်ဆက်ပြောဆိုကာ အထူးအလေးထားကြောင်း ပြသတတ်သည်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး စတင်ပြီး နှစ်အနည်းငယ်အကြာ ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော သတင်းမီဒီယာဥပဒေအရ နိုင်ငံတော်အဆင့် သတင်းမီဒီယာကောင်စီ ပေါ်ပေါက်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုမီဒီယာကောင်စီကို အထူးပင်ဦးစားပေးခဲ့သည်။ 

ဦးသိန်းစိန်အစိုးရလက်ထက်ဖြစ်သော ၂၀၁၄ နှင့် ၂၀၁၅ တွင် မီဒီယာကောင်စီနှင့် ငါးကြိမ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအစိုးရလက်ထက် ၂၀၁၆ နှင့် ၂၀၁၈ တို့တွင် ကိုးကြိမ်တိုင် တွေ့ဆုံခဲ့သည်။ ကောင်စီဝင်များကို နေပြည်တော်စစ်ရုံးချုပ်သို့ ဖိတ်ခေါ်ကာ သီးသန့်တွေ့ ဆုံခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရနှင့် မီဒီယာများ အဆီအငေါ် သိပ်မတည့်လှချိန်တွင် မင်းအောင်လှိုင်က မီဒီယာကို ပို၍ပူးကပ်ခဲ့သည်။

NLD ပါတီက အပြတ်အသတ်အနိုင်ရခဲ့သော ၂၀၂၀ ရွေးကောက်ပွဲအပြီး နိုင်ငံရေးအခြေအနေများ တင်းမာသထက်တင်းမာလာချိန်တွင် နေပြည်တော်၌ စစ်တပ်က အထူးသတင်းစာရှင်းလင်းပွဲများ ဆက်တိုက် ပြုလုပ်သည်။ 

အာဏာမသိမ်းဘူးဟု မပြောနိုင်ကြောင်း၊ လိုအပ်ပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းနိုင်ကြောင်း ထုတ်ဖော်ပြောဆိုသည့် ထိုသတင်းစာရှင်းလင်းပွဲများအပြီးတွင် အမှန်တကယ်ပင် အာဏာသိမ်းယူခဲ့သည်။

၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့က NLD အစိုးရကို အာဏာလွှဲပြောင်းပေးသည့် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ခေါင်းဆောင်တို့ အတူတက်ရောက်လာစဉ်။ (ဓာတ်ပုံ​- YE AUNG THU/AFP via Getty Images)

အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်က သတင်းမီဒီယာကောင်စီကို သူ့စိတ်ကြိုက် ပြန်ဖွဲ့သည်။ မီဒီယာကောင်စီဝင်များကို နေပြည်တော်၌ နိုင်ငံတော်အခမ်းအနားဖြင့် ကတိသစ္စာပြုစေသည်။ နိုင်ငံတော်အဆင့် ဝါဒဖြန့်ချိရေးယန္တရားတွင် အထောက်အကူဖြစ်စေရေး ကြိုးပမ်းမှုတစ်ခုပင်။

စိတ်ကြိုက်ရွေးထားသည့် ကောင်စီဝင်သစ်များကို သစ္စာခံခိုင်းသော ထိုအခမ်းအနားကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ပြုလုပ်ခြင်းဖြစ်သည်။ ထိုအခမ်းအနားတွင် သတင်းမီဒီယာကောင်စီ၏ အခန်းကဏ္ဍကို အလေးထားကြောင်း၊ မီဒီယာဖွံ့ဖြိုးရေးတိုးတက်ရေးအတွက် စိတ်ဆန္ဒပြင်းပြကြောင်းလည်း မြှောက်ပင့်ပြောဆိုသည်။

ပြန်ဝန်အဖြစ်ခစားသူ စစ်ဗိုလ်ချုပ်များ 

အာဏာသိမ်းပြီးစတွင် ပြန်ကြားရေးဝန်ကြီးအဖြစ် စစ်ကောင်စီခန့်အပ်သူမှာ ချစ်နိုင် (စိတ်ပညာ) ဖြစ်သည်။ စာရေးဆရာလည်းဖြစ်သူ ဦးချစ်နိုင်မှာ စစ်တပ်အရာရှိဟောင်းဖြစ်ပြီး အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်က ထိုဝန်ကြီးဌာန၌ပင် ညွှန်ကြားရေးမှူးချုပ်လုပ်ခဲ့သူဖြစ်သည်။

စာရေးဆရာအသိုင်းအဝိုင်း၊ သတင်းမီဒီယာအသိုင်းအဝိုင်းနှင့် မျက်နှာမစိမ်းသူလည်းဖြစ်သည်။ ခဏတာ ပြန်ဝန်ဖြစ်ခဲ့သော်လည်း အာဏာသိမ်းစစ်တပ်အလိုကျ ဦးချစ်နိုင် လက်စွမ်းပြခဲ့သည်။​

သတင်းမီဒီယာများကို ထုတ်ဝေခွင့် လိုင်စင်ဖျက်သိမ်းသည်။ သတင်းစာတိုက်များကို ဝင်ရောက်စီးနင်းစေသည်။ သတင်းသမားများကို စတင်ဖမ်းဆီးစေသည်။ သတင်းသမားများ ရေးသားဖော်ပြရာတွင် လိုက်နာရမည့်အချက်များလည်း ထုတ်ပြန်သည်။

သို့သော် အာဏာသိမ်းခေါင်းဆောင်က ပြန်ဝန်တစ်ဖြစ်လဲ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးအရာရှိချုပ်ဟောင်း၏ လုပ်ဆောင်ချက်များအပေါ် အားရဟန်မတူပေ။ 

ဦးချစ်နိုင်၏နေရာတွင် စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သူ ဦးမောင်မောင်အုန်းနှင့် အစားထိုးသည်။ ဗိုလ်ချုပ်မောင်မောင်အုန်းမှာ ဦးသိန်းစိန်အစိုးရလက်ထက်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ စစ်တပ် ဒုအကြီးအကဲနှင့် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် စစ်တက္ကသိုလ်အတူတက်ရောက်ခဲ့သူ မောင်မောင်အုန်းသည် ဟိုတယ်ခရီးဝန်ကြီးအဖြစ်မှ ပြန်ဝန်ဖြစ်လာသည်။ 

သူ့လက်အောက်တွင် ဒုပြန်ဝန်အဖြစ် တာဝန်ပေးခံရသူတစ်ဦးမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းဖြစ်သည်။ လူအများက ဇော်မဲလုံးဟု ခေါ်ဝေါ်သည့် ၎င်းသည် အာဏာမသိမ်းခင်ကတည်းက စစ်တပ်ပြောရေးဆိုခွင့်ရှိသူအဖြစ် ကာလကြာရှည်လုပ်ကိုင်ခဲ့သူဖြစ်သည်။ 

စစ်ကောင်စီ၏ နောက်ဒုပြန်ဝန်တစ်ဦးမှာ ဦးရဲတင့်ဖြစ်သည်။ ထိုဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်တာဝန်ထမ်းခဲ့ဖူးသူတစ်ဦးပင်။ သူသည်လည်း ဗိုလ်မှူးအဆင့်ဖြင့် အရပ်ဘက်ပြောင်းလာသူ တပ်အရာရှိတစ်ဦးပင်ဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲများနှင့် သတင်းထုတ်ပြန်ရေးကို ဗိုလ်ချုပ်ဇော်မင်းထွန်းက အဓိကတာဝန်ယူပြီး ဦးရဲတင့်သည် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ပြန်ဆက်ဝန်ထမ်းများကို တာဝန်ယူကြီးကြပ်ကြောင်း တွေ့ရသည်။ 

ဝါဒဖြန့်ချိရေးယန္တရားချဲ့ထွင်

ယခုနှစ်ဆန်းပိုင်းက နေပြည်တော် မြန်မာ့ရုပ်မြင်သံကြားဌာနချုပ်တွင် ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် တွေ့ရသည့် စစ်ခေါင်းဆောင်။

စစ်ကောင်စီလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ သတင်းစာနှင့် မီဒီယာလုပ်ငန်းများမှာ ယခင် စစ်အစိုးရများလက်ထက်က အနေအထားကို ပြန်ရောက်သွားပြီဖြစ်ကြောင်း ထိုဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အရာရှိကြီးတစ်ဦးက ဆိုသည်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့်အတူ ဦးသိန်းစိန်အစိုးရလက်ထက်တွင် နိုင်ငံပိုင် သတင်းစာနှင့် မီဒီယာလုပ်ငန်းများကို ပြည်သူ့ဝန်ဆောင်မီဒီယာအဖြစ် အသွင်ပြောင်းလဲရန် ကြိုးပမ်းခဲ့သည်ကို သူက ထောက်ပြသည်။

ပြန်ကြားရေးဝန်ကြီးဌာနအပြင် စစ်တပ်အနေဖြင့် သီးခြားဝါဒဖြန့်ချိရေး ယန္တရားရှိပြီးဖြစ်သည်။ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးဖြစ်သည်။ ထိုဝါဒဖြန့်ချိရေးဌာနကို လက်ရှိ ဦးစီးနေသူမှာ ဒုပြန်ဝန် ဗိုလ်ချုပ်ဇော်မင်းထွန်းပင်ဖြစ်သည်။

ထိုဌာနသည် မြဝတီရုပ်မြင်သံကြား၊ မြဝတီသတင်းစာ၊ ရတနာပုံသတင်းစာ အပါအဝင် အခြားသော မီဒီယာပလက်ဖောင်းများကို စီမံခန့်ခွဲသည်။ 

ရည်မှန်းချက်ကြီးသူ စစ်သိမ်းခေါင်းဆောင်က ရှိရင်းစွဲထိုယန္တရာများဖြင့် မကျေနပ်ပေ။ အာဏာသိမ်းပြီး လအတန်ကြာ ၂၀၂၁ ခုနှစ် မေလဆန်းပိုင်းတွင် မီဒီယာစင်တာကြီးတစ်ခု ဖွင့်လှစ်သည်။ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် မိုးကောင်းလမ်းရှိ စစ်တပ်ပိုင်မြေပေါ်တွင် တခမ်းတနားတည်ဆောက်ထားသည့် မြဝတီမီဒီယာစင်တာဖွင့်လှစ်ပွဲကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်သည်။ ထိုစင်တာနှင့် တွဲလျက်ရှိ ကလေးဆေးရုံကို သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်သည်ဟုလည်း ဆိုကြသည်။

ရုပ်ရှင်၊ သဘင်၊ ဂီတနှင့် စာနယ်ဇင်းလုပ်ငန်းများကို တစ်နေရာတည်းတွင် နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နိုင်ရန် ထိုမီဒီယာစင်တာ တည်ဆောက်ခြင်းဖြစ်ကြောင်း အားကိုးအားထားပြုထိုက်သော မီဒီယာလုပ်ငန်းကြီးတစ်ခု ဖန်တီးရန်ဖြစ်ကြောင်း အာဏာသိမ်းခေါင်းဆောင်က ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများက အကျိုးစီးပွားအတွက် ခေတ်မီဘက်စုံမီဒီယာများကို တွင်တွင်ကျယ်ကျယ် အသုံးပြုလျက် ၎င်းတို့လိုလားသည့် အယူအဆ၊ လူနေမှုစနစ်၊ ယဉ်ကျေးမှုများ သွတ်သွင်းနေကြောင်း၊ ထိုသို့ ထိုးနှက်ချက်များကို အခိုင်အမာကာကွယ်ရန်လိုကြောင်းလည်း ၎င်းက ဆိုခဲ့သည်။​

ကဏ္ဍစုံမှလူများကို ငွေပေးစည်းရုံး 

ပြီးခဲ့သည့်နှစ် အောက်တိုဘာလကုန်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရန်ကုန်ရောက်လာသည်။ စာပေ၊ ရုပ်ရှင်၊ ဂီတနှင့် စာနယ်ဇင်းမှ ပုဂ္ဂိုလ်များကို တွေ့ဆုံသည်။ နာမည်ကြီးအနုပညာရှင်အချို့နှင့် ဆိုင်ရာဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် အဖွဲ့အသီးသီးအတွက် ရန်ပုံငွေကျပ်သိန်း ၄,၀၀၀ ပေးသည်။ ကိုဗစ်ချေးငွေဟုလည်း ခေါ်သည်။ ရာဂဏန်းရှိ ဆန်၊ ဆီ၊ ပဲ အိတ်များလည်း ဝေငှသည်။ နိုင်ငံတည်ဆောက်ရေးတွင် ပူးပေါင်းပါဝင်ကြရန်လည်း အာဏာသိမ်းခေါင်းဆောင်က စည်းရုံးခဲ့သည်။ 

ရုပ်ရှင်၊ ဂီတ၊ သဘင်နှင့် စာနယ်ဇင်းလုပ်ငန်းများမှ ကုမ္ပဏီပေါင်း ၁၀၀ ကျော် စစ်ကောင်စီချေးငွေ ယူခဲ့ရာတွင် နတ်ဝင်သည်နှင့် ဆိုင်းသမားစ၍ ဂျာနယ်နှင့် စာအုပ်အရောင်းဆိုင်ပါမကျန် နာမည်ကြီး ရုပ်ရှင်နှင့် မီဒီယာကုမ္ပဏီကြီးများလည်း ပါဝင်သည်။

စစ်ကောင်စီထုတ်ပြန်ချက်များအရ Forever Group၊ မင်္ဂလာ၊ Fortune၊ Bo Bo Entertainment၊ စိန်ဌေး ရုပ်ရှင်၊ ခရေဖြူရုပ်ရှင်၊ စင်ရော်ဖျော်ဖြေရေးလုပ်ငန်း စသည့်ကုမ္ပဏီများ ပါဝင်သည့်နည်းတူ၊ Myanmar Newsweek၊ ကွန်ပျူတာဂျာနယ်၊ မြန်မာသံတော်ဆင့်၊ နံနက်ခင်း စသည့် ဂျာနယ်များလည်း ပါဝင်သည်ကို တွေ့ရသည်။

ထိုကာလနှင့် မရှေးမနှောင်းမှာပင် လူမှုကွန်ရက်အခြေခံ မီဒီယာအသစ်များ ပေါ်ထွက်လာသည်ကို တွေ့ရသည်။

ဝါဒဖြန့် သတင်းစာရှင်းလင်းပွဲ

စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲများတွင် ပင်တိုင်တက်ရောက်သူ အများစုမှာ မည်သူမည်ဝါ လုပ်ကိုင်သည်မသိရသော နာမည်ဆန်းဆန်းဖြင့် ထိုမီဒီယာများဖြစ်သည်။

လစဉ်ပုံမှန် ပြုလုပ်လေ့ရှိသော ထိုသတင်းစာရှင်းလင်းပွဲများတွင် သတင်းအချက်အလက် မေးမြန်းခြင်းထက် လွှတ်တော်တက်ရောက်သည့်နှယ် အရေးဆိုခြင်းများ၊ စစ်ကောင်စီအလိုကျ မေးခွန်းမေးမြန်းခြင်း၊ အာဏာသိမ်းစစ်တပ်က အကြမ်းဖက်ဟု ကြေညာထားသူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်ခိုက်ပြောဆိုခြင်းများ ပြုလုပ်သည်ကို တွေ့ရသည်။

သတင်းစာရှင်းလင်းများတွင် ဒိုင်ခံဖြေကြားရှင်းလင်းသူမှာ ဒုပြန်ဝန်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး လက်အောက်ရှိ စိတ်ဓာတ်စစ်ဆင်ရေးဌာန ညွှန်ကြားရေးမှူးဖြစ်သူ ဗိုလ်ချုပ်ဇော်မင်းထွန်းဖြစ်သည်။ 

အာဏာသိမ်းပြီးနောက် စစ်ကောင်စီနောက်ကွယ်မှ ထောက်ပံ့ထားသည့် အွန်လိုင်းမီဒီယာများ ပေါ်ထွက်လာကြောင်း၊ သတင်းစာရှင်းလင်းပွဲများတွင် ကြိုတင်ဇာတ်တိုက်ထားသည့် မေးခွန်းများ မေးခိုင်းခြင်း ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူတစ်ဦးက ဆိုသည်။

“ဇာတ်တိုက်ထားတဲ့ မေးခွန်းတွေ မေးခိုင်းပြီး သူတို့ပြန်ဖြေတဲ့ဟာကို Live လွှင့်တယ်။ နောက်နေ့မှာ အစိုးရပုံနှိပ်မီဒီယာတွေမှာ အစအဆုံး ဖော်ပြတယ်။ MRTV မှာ ပြန်လွှင့်တယ်။ လူထုကို အဲလိုနည်းနဲ့ ဝါဒဖြန့်တယ်” ဟု စစ်တပ်က အာဏာသိမ်းပြီး လပိုင်းအကြာတွင် အလုပ်မှအနားလိုက်သူ ၎င်းက ပြောသည်။ 

စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေး ယန္တရားအတွင်း လိုက်ပါဆောင်ရွက်နေသူများတွင် အာဏာသိမ်းပြီးနောက် ကြံ့ခိုင်ရေးပါတီထံမှနေ၍ စစ်တပ်က လွှဲပြောင်းထောက်ပံ့နေသည့် မီဒီယာများ ပါဝင်သည်ဟု ပြည်တွင်းမှ ဝါရင့်သတင်းစာဆရာတစ်ဦးကလည်း မှတ်ချက်ပြုသည်။

“စစ်ကောင်စီဘက်ကို ဝါဒဖြန့်ပေးဖို့ လုပ်ကြတယ်လို့ ယူဆရတယ်။ ကြံ့ခိုင်ရေးက အခုလိုကာလမှာ ဝါဒဖြန့်ဖို့ သိပ်မလိုတော့တာလည်း ပါကောင်းပါမယ်။ အထောက်အထားနဲ့ ထုတ်ပြဖို့ခက်ပေမယ့် လုပ်ပုံကိုင်ပုံကြည့်ရင် ၇၀/၈၀ လောက် ရာခိုင်နှုန်းလောက် ရွေးထုတ်ပြလို့ရတယ်” 

စစ်ကောင်စီ၏ စည်းရုံးသိမ်းသွင်းမှုကြောင့် တချို့သော သတင်းဂျာနယ်များသည်လည်း သတင်းစာရှင်းလင်းပွဲတွင် လူလုံးထွက်ပြလာကြောင်း၊ အထောက်အပံ့ရ ထိုမီဒီယာများသည် NLD ဆန့်ကျင်ရေး၊ NUG ဆန့်ကျင်ရေး မီဒီယာအသွင်ပြောင်းသွားကြောင်းလည်း ဝါရင့်သတင်းစာဆရာက ဆိုသည်။​

“စစ်ကောင်စီက ဒီလိုဝါဒဖြန့်ချိရေးအတွက် ရန်ပုံငွေ သီးသန့်ဖယ်ထားပြီး ခေါင်းစဉ်က မီဒီယာဖွံ့ဖြိုးရေးရန်ပုံငွေလို့ နာမည်တပ်ထားလို့ ကြားသိရတယ်။ တကယ်တော့ နိုင်ငံဘဏ္ဍာပါ”

သဲထဲရေသွန် စီမံကိန်းများ 

နိုင်ငံတကာအသိုင်းအဝိုင်းကို စည်းရုံးရန်အလို့ငှာ စစ်ကောင်စီ၏ အထူးကြိုးပမ်းမှုတစ်ခုရှိခဲ့သည်။ အမေရိကန်မှ နာမည်ကျော် CNN သတင်းဌာနကို ဖိတ်ခေါ်ကာ လာရောက်သတင်းယူစေခြင်းပင်။ အာဏာသိမ်းပြီး နှစ်လအကြာ ၂၀၂၁ ဧပြီလအတွင်းက ဖြစ်သည်။

CNN အဖွဲ့သားများကို စစ်ကောင်စီက ၎င်းတို့အစီအစဉ်ဖြင့် ရန်ကုန်မြို့ကို လှည့်လည်ပြသသည်။ နေပြည်တော်သို့ ဖိတ်ခေါ်ကာ အင်တာဗျူးလည်း ပေးသည်။ သို့သော် အမှန်တကယ်သတင်းထုတ်လွှင့်ချိန်တွင် ၎င်းတို့အလိုရှိသည့်အတိုင်း ဖြစ်မလာသဖြင့် စစ်ကောင်စီတာဝန်ရှိသူများ အရှက်ကွဲခဲ့ရသည်။ 

ဝါဒဖြန့်ချိရေးအတွက် စစ်ကောင်စီက နည်းလမ်းမျိုးစုံ အသုံးပြုသည်။ အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံများကို ဆွယ်တရားဟောပေးရန် အစ္စရေးထောက်လှမ်းရေး ဦးဆောင်သော လော်ဘီအဖွဲ့ကိုပင် ဒေါ်လာနှစ်သန်းပေး ငှားရမ်းသည်။

သို့သော် နောက်ပိုင်းတွင် အမေရိကန်နှင့် ကနေဒါတို့၏ စစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူမှုဆိုင်ရာ စည်းမျဉ်းများကြောင့် ထိုလော်ဘီအဖွဲ့သည်လည်း စာချုပ်ကို ပယ်ဖျက်ခဲ့ရသည်။ 

အာဏာသိမ်းစစ်တပ်က လက်လျှော့မပေးပေ။ ပုံမှန်အတိုင်း ဝါဒဖြန့်ချိရေးဆက်လုပ်သည်။ စစ်ခေါင်းဆောင်ကိုယ်တိုင် သတင်းဌာနများကို တွေ့ဆုံမေးမြန်းခွင့်ပေးသည်။ ရုရှား အပါအဝင် တရုတ်နှင့် ဂျပန် စသော အာရှဒေသမှ သတင်းဌာနများဖြစ်သည်။

ထိရောက်မှုတော့ မရှိခဲ့ပေ။ အရပ်သားပြည်သူများကို အကြမ်းဖက်ဖြိုခွင်းသည့် အာဏာသိမ်းကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းက လိုလားခြင်း မရှိပေ။​

စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်သမျှသော လူမှုကွန်ရက်စာမျက်နှာများ Facebook, Telegram, Twitter စသည့် နာမည်ကျော်ပလက်ဖောင်းများမှ ဖယ်ရှားပိတ်ပင်ခံရသည်။ ဝါဒဖြန့်ချိရေးအတွက် လူမှုကွန်ရက်ကို အားကိုးအားထားပြုလိုသော်လည်း ပိတ်ပင်ကန့်သတ်မှုများသာ ဆက်တိုက်ကြုံတွေ့ရသည်။

ဝါဒဖြန့်ချိရေးအတွက် စစ်ကောင်စီ၏ ကြိုးပမ်းမှုများမှာ လှုပ်လေမြုပ်လေဖြစ်သည်။ 

နိုင်ငံတကာအထိ ကျယ်ကျယ်ပြန့်ပြန့်ထိုးဖောက်ရန် ရည်ရွယ်ကာ စစ်ကောင်စီက ကြိုးပမ်းမှုတစ်ခုပြုလုပ်ခဲ့သည်။ ယခုနှစ် မေလဆန်းပိုင်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မိုဘိုင်းအက်ပလီကေးရှင်းနှင့် ဝက်ဆိုက်စာမျာနှာ ဖွင့်လှစ်ခြင်းဖြစ်သည်။

နိုင်ငံတကာဂြိုဟ်တုများကို ငှားရမ်းအသုံးပြုကာ နိုင်ငံပေါင်း ၁၈၁ နိုင်ငံအထိ ထုတ်လွှင့်ပေးနိုင်ရန် ရည်ရွယ်ထားသည့် ထိုအစီအစဉ်မှာ ကြေညာပြီးတစ်ရက်အကြာတွင် ဖြုတ်ချခံရသည်။ ငွေကျပ်သန်းပေါင်းများစွာ အကုန်အကျခံကာ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သော အစီအစဉ်မှာ တစ်ရက်ပင်မခံဘဲ သဲထဲရေသွန်ဖြစ်ခဲ့ရသည်။

နိုင်ငံပိုင်မီဒီယာများအနေဖြင့် ပြည်ပကို မထိုးဖောက်နိုင်သဖြင့် မြန်မာနိုင်ငံမှ အဖြစ်မှန်ကို နိုင်ငံခြားအစိုးရများ နားမလည်ခြင်းဖြစ်ကြောင်း စစ်ဗိုလ်ချုပ်များက ပြောဆိုလေ့ရှိသည်ဟု နိုင်ငံပိုင်သတင်းစာတွင် လုပ်ကိုင်ခဲ့သူက ဆိုသည်။

ထို့ပြင် စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်မီဒီယာများမှတစ်ဆင့် ပြည်တွင်းကို ဝါဒဖြန့်နေသော်လည်း မအောင်မြင်ကြောင်း၊ ဝန်ကြီးဌာနရှိ ဝန်ထမ်းများ စိတ်ညစ်နေကြောင်းလည်း ၎င်းက ပြောသည်။ 

“Social Media ကြောင့် အဖြစ်မှန်ကို သိနေကြပြီ။ လုပ်နေရတာက သတင်းမှား၊ ဝါဒဖြန့်ဆိုတော့ သူတို့ လည်း စိတ်ညစ်နေကြတယ်။ ပင်စင်ယူခါနီးမို့ တချို့က စားဝတ်နေရေး မပြေလည်မှာစိုးလို့ ကြိတ်မှိတ်ပြီးလုပ်နေကြတာ”

မှန်းချက်နှင့် နှမ်းထွက်မကိုက် 

မီဒီယာများကို နှစ်ပေါင်းများစွာ မျက်နှာချိုသွေး ပေါင်းသင်းခဲ့သော်လည်း လက်တွေ့တွင် မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်လာသည်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ထုတ်ဖော်ဝန်ခံထားသည်။ ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်းက ရုရှားသတင်းဌာနနှင့် တွေ့ဆုံစဉ်ဖြစ်သည်။

“အကောင်း အပြောမခံရသလို အကောင်းလည်း အရေးမခံရဘူး။ ဘာလို့လဲဆိုတော့ သူတို့လိုချင်တဲ့ အစိုးရမဟုတ်လို့ပါ” 

ထို့နောက်ပိုင်းတွင် မီဒီယာများက သတင်းတု၊ သတင်းမှားများ ထုတ်လွှင့်နေသည်၊ ကောလာဟလများဖြင့် တိုင်းပြည်မငြိမ်မသက်ဖြစ်စေရန် လှုံ့ဆော်နေသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခါအခွင့်သင့်တိုင်း ထုတ်ပြောတော့သည်။

နိုင်ငံအနှံ့ဖြစ်ပေါ်နေသော လက်နက်ကိုင်ပုန်ကန်မှုများနှင့် ပတ်သက်၍မူ စစ်ခေါင်းဆောင်က တုန်လှုပ်ဟန်မပြပေ။ နေ့စဉ်နှင့်အမျှ အထိအခိုက် အကျအဆုံးရှိနေသော်လည်း သိန်းနှင့်ချီသော အောက်ခြေစစ်သည်များဖြင့် အပြုန်းအတီးခံနိုင်သည့်နှယ်ဖြစ်သည်။

ထို့ပြင် တခြား မယှဉ်သော လက်နက်ခဲယမ်းနှင့် စစ်အင်အားလည်းရှိနေသည်။ ပုန်ကန်သူများကို လိုက်လံနှိမ်နင်းရာတွင် လက်နက်ကြီးပစ်ကူနှင့် လေကြောင်းတိုက်ခိုက်မှုများကို မနားတမ်း အသုံးပြုလျက်ရှိသည်။ 

သို့သော် ဝါဒဖြန့်ချိရေးတိုက်ပွဲတွင်မူ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူပေးစရာ မရှိပေ။

အာဏာရရှိရေးအတွက် အကျိုးလိုလို့ ညောင်ရေလောင်းသည့်နှယ် မျက်နှာချိုသွေးခဲ့သော်လည်း မင်းအောင်လှိုင်သည် မီဒီယာကို အငြိုးနှင့် ဖိနှိပ်သူသာဖြစ်သည်။ အာဏာသိမ်းပြီးနောက် သတင်းသမား ၁၀၀ ကျော် အဖမ်းခံခဲ့ရပြီး အကျဉ်းထောင်များတွင် ဆက်လက်ထိန်းသိမ်းခံထားရသည့် သတင်းသမား ၅၀ ကျော်ရှိနေဆဲဖြစ်သည်။ 

အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း၌ပင် သတင်မီဒီယာများကို ထုတ်ဝေခွင့်လိုင်စင် ဖျက်သိမ်းပစ်သည်။ သတင်းစာတိုက်များကိုလည်း ဝင်ရောက်စီးနင်းစေခဲ့သည်။ သတင်းများကို ဖမ်းဆီးကာ ပုဒ်မအမျိုးမျိုး တပ်လျက် ထောင်ချသည်။ 

သတင်းရေးသားဖော်ပြရာတွင် အာဏာသိမ်းစစ်အစိုးရဟု ဆက်လက်သုံးနှုန်းပါက အရေးယူမည်ဖြစ်ကြောင်း မင်းအောင်လှိုင်ကိုယ်တိုင် အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီလအတွင်း ထုတ်ဖော်ပြောဆိုကာ ခြိမ်းခြောက်ခဲ့သည်။ 

“သိတဲ့အတိုင်းပဲ ဖမ်းဆီးခံရသူ ရာဂဏန်းကျော်ခဲ့ပြီး လက်ရှိ ၆၀ နီးပါးလောက် ထောင်ထဲမှာ ရှိနေတာက မီဒီယာအပေါ် ဘယ်လိုသဘောထားလဲဆိုတာ ထင်ရှားတယ်” ဟု ရန်ကုန်မြို့မှ ဝါရင့်သတင်းစာဆရာက မှတ်ချက်ပြုသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button