ဆောင်းပါး

ခေတ်ပျက်နေချိန် မြေစာပင်ဖြစ်လာသည့် ရခိုင်လူထု

ရခိုင်ပြည်နယ်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ၏ သြဇာကြီးထွားလာသည်နှင့်အမျှ မြို့ပေါ်တွင်သာ ကွက်၍ရှိသော စစ်ကောင်စီ၏ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်သည် တဖြည်းဖြည်း ပျက်စီးလာနေသည်ဟု ဒေသခံများက ဆိုကြသည်။ 

ရခိုင်မြောက်ပိုင်းကျေးလက်ဒေသကို ခြေကုပ်ယူကာ တရားဥပဒေစိုးမိုးရေးနှင့်အုပ်ချုပ်ရေးယန္တရားကို AA က တည်ဆောက်နိုင်ရန် ကြိုးပမ်းလာသော်လည်း စစ်ကောင်စီ ထိန်းချုပ်ထားသော မြို့ပေါ်ဒေသများတွင် တရားဥပဒေစိုးမိုးမှုနှင့် အုပ်ချုပ်ရေးမှာ တစ်နေ့ထက်တစ်နေ့ ယိုယွင်းလာနေသည်။ 

စစ်ရေးတင်းမာနေသော ရခိုင်ဒေသတွင် မြို့ကြီးများ၌ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအတွက် ရဲလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်မှု အားနည်းလာပြီးနောက် လက်သည်ရှာမရသည့် လူသတ်မှုများ၊ အမည်မသိအလောင်းများ နှင့် အုပ်စုဖွဲ့ လူမိုက်ဂိုဏ်းများ၏ အန္တရာယ်သည် ဆိုးရွာသထက် ဆိုးရွားလာခဲ့သည်။

စစ်ကောင်စီ၏ပြည်နယ်အစိုးရ ရုံးစိုက်ရာ မြို့တော် စစ်တွေတွင် ၂၀၂၂ ဩဂုတ်လအထိ ဓားထိုးခံရ၍ သေဆုံးသူ  ၁ဝ ဦး ထက်မနည်းရှိခဲ့ပြီး ဒဏ်ရာရရှိသူလည်း ၁၀ ဂဏန်းအထိ ရှိခဲ့သည်။

ယင်းသို့ လူသေမှု၊ လူသတ်မှုများကို စစ်ကောင်စီဘက်က အရေးတယူ ဖော်ထုတ်ဖမ်းဆီးခြင်းများလည်း မတွေ့ရသလို တရားခံကို ဖမ်းဆီးအရေးယူမှုများလည်း မရှိသလောက်နည်းပါးသည်ကို တွေ့ရသည်။ 

မြို့တော် စစ်တွေမှ သေဆုံး၊ သတ်ဖြတ်မှုများ

စစ်တွေမြို့ စစ်ကောင်စီလက်အောက်ခံ ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့်အနီးကပ်ဆုံးနေရာတွင် ရှိနေသည့် အရောင်းဆိုင်တစ်ဆိုင်၌ ယမန်နေ့ (ဩဂုတ် ၁၅) က အမျိုးသမီးငယ်တစ်ဦး အသတ်ခံခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ 

အသတ်ခံရသူမှာ အသက် ၁၈ နှစ်အရွယ်ခန့် အမျိုးသမီးအရောင်းဝန်ထမ်းတစ်ဦးဖြစ်ပြီး ဆိုင်အတွင်း ဝမ်းဗိုက်တွင် ဓားဒဏ်ရာ နှစ်ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

သြဂုတ် ၁၁ ညတွင် စစ်တွေ အဝေးပြေးကားကြီးကွင်းမှ အမျိုးသားတစ်ဦး၊ သြဂုတ် ၁၀ တွင် ဓညဝတီရပ်ကွက်မှ တစ်ဦးနှင့် ကိုးရီးယားဆိပ်ကမ်း ကုလားချောင်းမှ စက်လှေသမားတစ်ဦး၊ သြဂုတ် ၉ တွင်  မင်းဂံရပ်ကွက် အကွက် ၁၀ မှ ဆရာတော် တစ်ပါးတို့ ဓားထိုးခံရ၍ ဒဏ်ရာများရရှိခဲ့သည်။

ဩဂုတ် ၃  နံနက် ၉ နာရီခွဲခန့်တွင် စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်ရှိ ပွိုင့်ကမ်းခြေမျှော်စင်အနီး၌ ဘုန်းကြီးတစ်ပါး၏ ရုပ်လောင်းတွေ့ရှိခဲ့ရသည်။

အလားတူ ဩဂုတ် ၁ နံနက်တွင် စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်၊ ကမ်းနားလမ်း၊ တြိဂံလမ်းဆုံအနီး အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ 

ထိုသူမှာ စစ်တွေမြို့ မြောက်စံပြတွင် နေသူ ၃၆ နှစ်အရွယ် အမျိုးသားဖြစ်ပြီး  ညသန်းခေါင် ကျော် ည ၁ နာရီအချိန်ထိ အခင်းဖြစ်နေရာ၌ တစ်ရပ်ကွက်တည်းနေ အပေါင်းအသင်းများနှင့်အတူ ဝိုင်းဖွဲ့ အရက် သောက်နေစဉ် စကားများရန်ဖြစ်ရာမှ  ဓားထိုးခံရသည်ဟု ပြည်နယ်စစ်ကောင်စီက သတင်းထုတ်ပြန် သည်။

အလားတူ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၊ စက်ရုံစု(အထကခွဲ)ကျောင်းရှေ့တွင် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦး ဓားဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရသည်။ 

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေတွင် လူအများ သွားလာလှုပ်ရှားနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီ အစောပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-EPA)

စစ်တွေမြို့ ပေါ်ရှိ ကယ်ဆယ်ရေးစခန်းတစ်ခုတွင် နေထိုင်သည့် ထိုအမျိုးသမီးကြီးကို သမီးဖြစ်သူ၏ ကွဲကွာနေသော ခင်ပွန်းက ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး သက်သေခံဓားမြှောင် ၁ လက်နှင့် အတူ ရဲစခန်း သို့ လာရောက်အဖမ်းခံခဲ့ရသည်ဟု ပြည်နယ်စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးဖြစ်သော ရခိုင်နေ့စဉ် ဖေ့ဘွတ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

ဇူလိုင် ၁၄ ကလည်း စစ်တွေမြို့ ကယ်ဆယ်ရေး တံတား အနီးတွင် ထိုးသွင်း ဒဏ်ရာများနှင့် အမျိုးသား အလောင်း တစ်လောင်းကို တွေ့ရှိခဲ့ရသလို ဇူလိုင် ၂၈  နံနက် ၆ နာရီကျော်ခန့်ကလည်း စစ်တွေမြို့၊ မိဇံရပ်ကွက်၊ ကမ်းနားလမ်း ပန်းခြံရှေ့မှ လက်ဖက်ရည်ဆိုင်တွင် အသက် ၆၀ အရွယ် ညစောင့် အမျိုးသား တစ်ဦး ဓားဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

စစ်တွေတွင်ဖြစ်ပွားခဲ့သည့် လူသတ်မှု အများစုကို ရဲတပ်ဖွဲ့ အနေဖြင့် ဖော်ထုတ်နိုင်ခြင်းမရှိသလောက် နည်းပါးသည်ဟု စစ်တွေမြို့ခံများထံမှ သိရသည်။ 

စစ်တွေမြို့ ၏ ကမ်းနားလမ်း၊ ကမ်းခြေကဲ့သို့ အများပြည်သူ အပန်းဖြေတတ်သည့် နေရာများတွင်  အရက်သေစာ သောက်စားကြသူများကို ယခင်က ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူမှု ရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် အရေးယူမှု မရှိတော့ပေ။ 

ထို့ပြင် မြို့ပေါ်ရပ်ကွက် လုံခြုံရေးအတွက် ကင်းလှည့်ခြင်းများမရှိသကဲ့သို့ အမှုအခင်းနှင့်ပတ်သက်၍ မည်သို့ အရေးယူ ဆောင်ရွက်နေကြောင်း သက်ဆိုင်ရာရဲတပ်ဖွဲ့၏ ပြောဆိုချက်များ မတွေ့ရပေ။ 

ထိုသို့အမှုများကို အကြောင်းအမျိုးမျိုးကြောင့် ဒဏ်ရာရရှိသူများကို ကူညီကယ်ဆယ်ပေးနေသည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက ထုတ်ပြန်ဖော်ပြမှသာ ဒေသ တွင်းမီဒီယာများနှင့် မြို့ခံများက သိရှိရသည်။

အလားတူ မူးယစ်ဆေးဝါးသုံးစွဲမှု၊ ဂိုဏ်းဖွဲ့ကျူးလွန်နေသည့် ခိုးဝှက်၊ လုယက်မှုများလည်း နေ့စဉ် ဖြစ်ပွားနေပြီး ခိုးယူသူများကို  ရပ်ကွက်လူထု၏ ကြိုးပမ်းမှုဖြင့် လက်ရ ဖမ်းဆီးရရှိနေသည်ဟု ဒေသခံများက ဆိုသည်။

လက်နက်ကိုင် အုပ်စုဖွဲ့ လုယက်

နိုင်ငံတကာခရီးသည်များကို ဆွဲဆောင်သည့်နေရာဖြစ်ပြီး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်တွင် ပါဝင်ရန် ကြိုးစားနေ သည့် မြောက်ဦးမြို့တွင်လည်း ဥပဒေစိုးမိုးမှုအားနည်းလာပြီး ခိုးမှု၊ဖောက်ထွင်းမှု၊ လုယက်မှု နှင့် အုပ်စုဖွဲ့ဓားပြတိုက်သည့် ဖြစ်စဉ်များ တစ်နေ့ထက် တစ်နေ့ များပြားလာနေသည်ဟု သိရသည်။ 

နေအိမ်ကို ဖောက်ထွင်းဝင်ရောက်သည့် သူခိုးက အိမ်ရှင်ကို ပြန်ရန်ပြုသည့်ဖြစ်စဉ်များလည်း ရှိခဲ့ပြီး သူခိုးက လေးခွဖြင့် ပြန်ပစ်ခြင်း၊ သူခိုးက ဓားထောင်ပြ၍ ရန်မူခြင်းတို့ကို ခံကြရသည်ဟု မြို့ခံများက ပြောသည်။

လက်နက်များကိုင်ဆောင်ကာ အုပ်စုဖွဲ့ ဖောက်ထွင်းခိုးယူခြင်းနှင့် အိမ်ရှင်ကို ရန်မူခြင်းများပင် ပြုမူလာသည့်အတွက် ဓားပြအဆင့် ဖြစ်သွားပြီဟု မြောက်ဦးမြို့ခံတစ်ဦးက ဆိုသည်။

မြို့တွေမှာ အထူးသဖြင့် စစ်တွေလို မြို့တွေမှာ ပိုပြီး ဓားထိုးမှုတွေ၊ လူသတ်မှုတွေ၊ လုယက်မှုတွေ ဖြစ်နေတာတွေဟာ မြန်မာစစ်တပ်ဘက်က စနစ်တကျနဲ့ တည်ငြိမ်မှုပျက်ပြားအောင် လုပ်နေတဲ့အချက်တွေထဲက တစ်ချက်ဖြစ်ပါတယ်

“မြောက်ဦးမြို့ မှာ ရပ်ကွက်တိုင်းမှာ သူခိုးဝင်ခံရတယ်။ သူခိုးတွေက အုပ်စုလိုက် ဓားတွေ ကိုင်ပြီး ဝင်ခိုးတာ။ သူခိုးကို မြင်လို့ လိုက်ဖမ်းရင်လည်း ရန်မူခံရတယ်။ သူခိုးလို့တောင် ပြောမရတော့ဘူး။ ဓားပြအဆင့်ဖြစ်သွားပြီ။ ဒါကြောင့် တစ်မြို့သားလုံး အသက်အန္တရာယ်တွေပါ  စိုးရိမ်လာရတဲ့အခြေအနေ ဖြစ်လာတယ်။ အခုတော့ ခိုးတာ ၊ လုယက်တာ မခံရအောင် သတိထားရတယ်” ဟု မြောက်ဦးမြို့မှ ကုန်စုံဆိုင်သည်တစ်ဦးက ပြောသည်။

AA ၏ အုပ်ချုပ်ရေး မြို့ပေါ် မရောက်ရှိသေးသလို စစ်ကောင်စီကလည်း  လုံခြုံမှု အပြည့်အ၀ မပေးနိုင် သည့် အခြေအနေကြောင့်  ခိုးဆိုးလုယက်မှုများတိုးပွားလာနေခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ 

မြောက်ဦးမြို့မှ ပုရားပုထိုးတချို့ကို ၂၀၁၆ ဖေဖော်ဝါရီအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-ခွန်လတ်) 

နယ်မြေလုံခြုံရေးကို စစ်ကောင်စီလက်အောက်မှ ရဲတပ်ဖွဲ့က မဆောင်ရွက်နိုင်သည့်အခါ မြို့နေ ပြည်သူလူထု၏ လုံခြုံရေးကို မည်သည့်အဖွဲ့အစည်းက တာဝန်ယူမည်ကို စစ်တွေမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးက မေးခွန်းထုတ်သည်။ 

“ဒီလိုကြားကာလမှာ တရားဥပဒေစိုးမိုးရေးက စိန်ခေါ်မှုတစ်ရပ်ဖြစ်လာတယ်။ ဒီအချိန်မှာ မြို့နေ ပြည်သူလူထုအတွက် လုံခြုံမှုမရှိဖြစ်နေတာပေါ့။ ပြည်သူလူထုကို အကာအကွယ် မပေးနိုင်ရင် မပေးနိုင်ကြောင်း ထုတ်ပြော ရ မယ်။ အကာအကွယ်ပေးနိုင်တဲ့အဖွဲ့ကို တာဝန်ပေးရမယ်။ ပြည်သူ တွေရဲ့အသက်၊ စည်းစိမ်ဥစ္စာ လုံခြုံမှုကို တာဝန် ယူနိုင်တဲ့ အဖွဲ့အစည်းတစ်ရပ် မဖြစ်မနေ လိုလာတယ်။ ဘယ်အဖွဲ့ အစည်းက တာဝန်ယူနိုင်မလဲ” ဟု သူက ဆိုသည်။ 

AA ဘက်က ပြောစကား

ရာဇဝတ်မှု များစွာ ဖြစ်ပေါ်နေခြင်းသည် စစ်ကောင်စီက တည်ငြိမ်မှုပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေခြင်းကြောင့် ဖြစ်သည်ဟု AA ၏ ပြောခွင့်ရသူ  ဦးခိုင်သုခက ဩဂုတ် ၁၁ က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဝေဖန်လိုက်သည်။ 

“ကျွန်တော်တို့ ULA/AA ဦးဆောင်တဲ့ ပြည်သူအစိုးရကတော့ ကျွန်တော်တို့ ထိန်းချုပ်ထားတဲ့ဒေသတွေ ကျွန်တော်တို့ သြဇာလွှမ်းမိုးမှုရှိတဲ့ဒေသတွေကို ပိုပြီး တည်ငြိမ်အေးချမ်းမှုရအောင် အကောင်းဆုံး ဆောင်ရွက်နေပါတယ်” ဟု  သူက ဆိုသည်။

“သို့သော်လည်းပဲ မြို့တွေမှာ အထူးသဖြင့် စစ်တွေလို မြို့တွေမှာ ပိုပြီး ဓားထိုးမှုတွေ၊ လူသတ်မှုတွေ၊ လုယက်မှုတွေ ဖြစ်နေတာတွေဟာ မြန်မာစစ်တပ်ဘက်က စနစ်တကျနဲ့ တည်ငြိမ်မှုပျက်ပြားအောင် လုပ်နေတဲ့အချက်တွေထဲက တစ်ချက်ဖြစ်ပါတယ်”

ထိုပြဿနာများသည် စစ်ကောင်စီတပ် ထိန်းချုပ်ထားရာ မြို့ပေါ်တစ်ဝိုက်တွင်သာ ဖြစ်နေကြောင်း AA ဘက်က ပြောသည်။ 

အထူးသဖြင့် မကြာသေးခင်က ALP လိုအဖွဲ့အစည်းတွေထဲက လူတချို့ကို ကျွန်တော်တို့ ထိန်းသိမ်းရတာ ဟာလည်း ဒီလို ဂိုဏ်းဖွဲ့ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ဆက်စပ်လို့ ထိန်းသိမ်းထားရတာဖြစ်ပါတယ်။ နောက်ထပ်လည်း လိုအပ်ရင်လိုအပ်သလို ဒီလိုကိစ္စတွေကို အကောင်းဆုံး တတ်နိုင်သလောက် ထိန်းကျောင်းပေးသွားမယ့် အစီအစဉ်တွေ ရှိပါတယ်

“အဲဒီနေရာတွေကို နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ကျွန်တော်တို့တပ်တွေကို စေလွှတ်ရင်လည်း မြန်မာ စစ်တပ်နဲ့ ကျွန်တော်တို့ တပ်တွေ ထိပ်တိုက်ရင်ဆိုင်ဖြစ်ပြီးပြည်သူတွေအတွက် ဘေးထွက်ဆိုးကျိုးတွေ အများကြီး ဖြစ်သွားနိုင်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

ရခိုင်ဒေသတွင် ဆင်းရဲမွဲတေခြင်းကို အခွင့်ကောင်းယူပြီး ဒေသတည်ငြိမ်မှုကို ပျက်ပြားအောင် စစ်ကောင်စီက လုပ်နေသည်ဟု ၎င်က ဆက်ပြောသည်။ 

“ဒီလိုကိစ္စတွေကို ထိန်းချုပ်ဖို့ဆိုရင် မြန်မာစစ်တပ်အနေနဲ့ အထူးသဖြင့် လက်ရှိ ရခိုင်ပြည်နယ်အစိုးရ အနေနဲ့ သူတို့မှာ အများကြီးတာဝန်ရှိပါတယ်။ သူတို့ဟာ အဲဒီကိစ္စတွေကို တည်ငြိမ်အောင် ဖြေရှင်းဖို့အစား အခြေအနေကို ပိုပြီး ဆိုးသထက်ဆိုးအောင် လုပ်နေတာကို တွေ့ရပါတယ်” 

သို့ရာတွင် စစ်ကောင်စီတပ်သားများနှင့် ဆက်စပ်သူတချို့ကိုမူ ULA/AA က စစ်တွေမြို့အပါအဝင် မြို့ပေါ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့သည်။ 

ဩဂုတ်၂ တွင်  အပစ်ရပ် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို AA က စစ်တွမြို့နေအိမ်တွင် ဝင်ဖမ်းခဲ့သည်။

ထိုသို့ ဖမ်းဆီးရခြင်းမှာ ဂိုဏ်းဖွဲ့ရာဇဝတ်မှုများနှင့်ဆက်စပ်ခြင်းကြောင့် ဖြစ်သည်ဟု ဦးခိုင်သုခက ဆိုသည်။

“အထူးသဖြင့် မကြာသေးခင်က ALP လိုအဖွဲ့အစည်းတွေထဲက လူတချို့ကို ကျွန်တော်တို့ ထိန်းသိမ်းရတာ ဟာလည်း ဒီလို ဂိုဏ်းဖွဲ့ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ဆက်စပ်လို့ ထိန်းသိမ်းထားရတာဖြစ်ပါတယ်။ နောက်ထပ်လည်း လိုအပ်ရင်လိုအပ်သလို ဒီလိုကိစ္စတွေကို အကောင်းဆုံး တတ်နိုင်သလောက် ထိန်းကျောင်းပေးသွားမယ့် အစီအစဉ်တွေ ရှိပါတယ်” ဟု ဦးခိုင်သုခက  သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

ယင်းပြောဆိုချက်ချက်နှင့် ပတ်သက်ပြီး ALP က ငြင်းဆိုထားသည်။ 

အပြန်အလှန်အားဖြင့် သြဂုတ် ၇ တွင် စစ်တွေမြို့ စက်ရုံစုရပ်ကွက် မီးလောင်ကွင်း ALP ရုံးအနီး ALP အဖွဲ့ဝင်အချို့က AA နှင့်ဆက်စပ်သူဟု စွပ်စွဲပြီး လူနှစ်ဦးကို ဖမ်းဆီးရာမှာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်တပ်ကလည်း AA နှင့်ဆက်စပ်သည်ဟု ၎င်းတို့ သံသယရှိသူများကို  ဝင်ရောက် စစ်ဆေးရှာဖွေခြင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများကို AA နှင့် မပူးပေါင်းရန် ခေါ်ယူသတိပေးခြင်းများ လုပ်ဆောင်နေသည်။ 

ဇူလိုင် ၁၇ တွင် ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးကို AA ကဖမ်းဆီးသွားပြီးနောက် စစ်တပ်က မြို့ပေါ် ရပ်ကွက်များမှ ဒေသခံအများအပြားကို ဝင်ရောက်ဖမ်းဆီးစစ်ဆေးမှုများရှိခဲ့ကာ ကျောင်းနှင့် ဈေးများ ပိတ်ထားရသည့်အထိ စစ်တပ် နှင့် AA တို့ စစ်ရေးတင်းမာမှုများရှိခဲ့သည်။ 

ရခိုင်ပြည်နယ် လတ်တလော အခြေအနေ 

မောင်တောမြို့နယ်တွင် တမန်းသားကျေးရွာ၊ မင်းခမောင်းကျေးရွာတို့မှ အုပ်ချုပ်ရေးမှူး၂ ဦး  ထွက်စာ တင်ထားပြီး အများအပြားကလည်း နုတ်ထွက်ရန်ဆန္ဒရှိနေကြကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း အိမ်အပြင်မထွက်ရအမိန့်  ထုတ်ပြန်ထားသည့်  ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပလက်ဝမြို့နယ်များတွင် ညမထွက်ရအမိန့်ကို သြဂုတ်လ ၂ ရက်မှစ၍ နောက်ထပ် ၂ လ ထပ်တိုးခဲ့သည်။

ရခိုင်မြောက်ပိုင်း မောင်တောဒေသခံများကို ၂၀၂၀ ဖေဖော်ဝါရီအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-EPA)

AAနှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြသည့် ရခိုင်မှ မြောက်ဦး၊ ကျောက်တော်၊ အမ်း၊ မြေပုံ၊ ပုဏ္ဏား ကျွန်းနှင့် ရသေ့တောင်စသည့်မြို့နယ်များအပြင် ပဋိပက္ခများဖြစ်ပွားခဲ့သည့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင်လည်း ညမထွက်ရအမိန့်ကို ၂ လ တစ်ကြိမ် ထပ်တိုးထုတ်ပြန်နေသည်။

ညမထွက်ရအမိန့်ကြောင့် ဒေသခံများ၊ ဈေးသည်များနှင့် ကုန်စည်ပို့ဆောင်သည့်ကားသမားများအတွက် အခက် အခဲအကျပ်အတည်းများရှိကြောင်း ပုဏ္ဏားကျွန်းမြို့မဈေးမှ ဈေးသည်တစ်ဦးက ပြောသည်။

ဇူလိုင် ၃ဝ တွင်  ကျောက်တော်မြို့ နေပူခံစစ်ဘေးရှောင်စခန်းမှ   ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦး သူ၏အခန်းတွင် မိသားစုဝင်များမရှိချိန် အရိုးအသွား ၈ လက်မခန့်ရှိ ဓားဖြင့် ဝမ်းဗိုက်ကိုထိုးသွင်းကာ သေကြောင်းကြံခဲ့သည်။

သြဂုတ်လဆန်းပိုင်း၌ မြန်မာစစ်တပ်နှင့်  AA တို့ကြား မောင်တော၊ ပလက်ဝမြို့နယ်တို့၌ ထိတွေ့တိုက်ပွဲ များ ဖြစ်ပွားခဲ့ပြီးနောက် ပစ်ခတ်မှုများ ဆက်လက်ရှိနေသည်။

ရခိုင်ပြည်နယ်တွင် ကုန်ဈေးနှုန်းမြင့်တက်လာခြင်း၊ ဝင်ငွေရလုပ်ငန်းရှားပါးလာခြင်း နှင့်ရင်ဆိုင်လာရ သည့် အခြေခံလူတန်းစားများတွင် အထွေထွေအကျပ်အတည်းကို ရင်ဆိုင်လာရသည်။

ထို့ပြင် မူးယစ်ဆေးဝါးသုံးစွဲသူများ၊ အရက်သေစာ သောက်စားသူများနှင့်လောင်းကစားကြောင့် ဘဝပျက်သူများ တိုးပွားလာနေခြင်းမှာလည်း ဒုစရိုက်မှုများ တိုးပွားလာခြင်းနှင့်ဆက်စပ်နေကြောင်း မြို့ခံများက ပြောဆိုကြသည်။

အထူးသဖြင့် အလုပ်အကိုင်မရှိသည့် စစ်ဘေးဒုက္ခသည်များအနေဖြင့် အထောက်အပံ့ မရရှိတော့သည့် အချိန် ထိခိုက်မှုပိုများသည်။ ယင်းကြောင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသည့်နည်းဖြင့် ထွက်ပေါက်ရှာသူတချို့လည်း ရှိလာနေသည်။

ဇူလိုင် ၃ဝ တွင်  ကျောက်တော်မြို့ နေပူခံစစ်ဘေးရှောင်စခန်းမှ   ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦး သူ၏အခန်းတွင် မိသားစုဝင်များမရှိချိန် အရိုးအသွား ၈ လက်မခန့်ရှိ ဓားဖြင့် ဝမ်းဗိုက်ကိုထိုးသွင်းကာ သေကြောင်းကြံခဲ့သည်။

ကြားကာလ အာဏာသက်ရောက်မှု တရားဥပဒေစိုးမိုးမှုနည်းခြင်း၊ အလုပ်အကိုင်ရှားပါးမှု၊ ငွေကြေး ဖောင်းပွမှု၊ ဆင်းရဲမွဲတေမှုနှင့် တိုင်းပြည်မတည်ငြိမ်မှုများ ရှိနေသည့်အတွက် တရားဥပဒေစိုးမိုးရေး လျော့ရဲလာနေသည့် မြို့နေပြည်သူလူထု အတွက် လုံခြုံရေးအာမခံချက်ကို တာဝန်ယူကိုင်တွယ်မည့် အဖွဲ့အစည်း မရှိဖြစ်နေသည်။ 

သို့တွက် လက်ရှိကြားကာလတွင် ပြည်သူများအနေဖြင့် သတိဝိရိယဖြင့်  သွားလာနေထိုင်ကြရန် အထူး လိုအပ်သည် ဟု အရပ်ဖက်အဖွဲ့အစည်းများက သတိပေးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button