သတင်း

မောင်တောတွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ ထွက်စာတင်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီခန့်  အုပ်ချုပ်ရေးမှူး အများအပြား နုတ်ထွက်ရန် ဆန္ဒရှိနေကြရာ   ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ၂ ဦး  ထွက်စာတင်ထားကြကြောင်း ဒေသခံများထံမှ သိရသည်။

စာတင်ထားသူများမှာ မြို့မြောက်ပိုင်း တမန်းသားကျေးရွာ၊ မင်းခမောင်းကျေးရွာတို့မှ အုပ်ချုပ်ရေးမှူးတို့ ဖြစ်သည် ဟု ကြားသိရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“နုတ်ထွက်စာတင်ထားကြတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် သူတို့က နုတ်ထွက်ခွင့် မရကြသေးဘူး။ ဘာကြောင့် နုတ်ထွက်စာ တင်ကြလဲဆိုတာကိုတော့ ကာယကံရှင်တွေသာ သိပါလိမ့်မယ်။ ကျွန်တော်တို့တော့ မပြောတတ်ဘူး”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုအမျိုးသားက ပြောသည်။

မောင်တောမြို့နယ် မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား ပြီးခဲ့သည့်ဇူလိုင် ၁၈ ရက်က တိုက်ပွဲဖြစ်ပွားပြီးနောက်  ကြိမ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး၊ တူရိန်းကျေးရွာအုပ်ချုပ်ရေးမှူး၊ သာယာကုန်း ကျေးရွာတာဝန်ခံနှင့် အရပ်သားတချို့ကို စစ်ကောင်စီတပ်က ဖမ်းထားပြီး  မိသားစုဝင်များနှင့် အဆက်အသွယ် လုပ်ခွင့် မပေးသေးပေ။

ထိုသူများကဲ့သို့ ဖမ်းဆီးခံရမည်ကို စိုးရိမ်သည်ဟု မောင်တောမြို့နယ်မြောက်ပိုင်းမှ လုံခြုံရေးအရ အမည် မဖော်လိုသည့် အုပ်ချုပ်‌ရေးမှူးတစ်ဦးကလည်း ပြောသည်။

“အခြေအနေကို စောင့်ကြည့်နေတာပါ။ ဖမ်းဆီးခံရတဲ့ အုပ်ချုပ်ရေးမှူးတွေ ပြန်လွတ်မလာဘူးဆိုရင် နုတ်ထွက်စာ တင်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လိုဖြစ်မှာကြောက်လို့လေ” ဟု သူက ဆိုသည်။

လုံခြုံမှု မရှိသည့်အတွက် နုတ်ထွက်လိုခြင်းဖြစ်ကြောင်း၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို မြို့နယ်အုပ်ချုပ်ရေးပိုင်း မှ တာဝန်မယူနိုင်သည့်အတွက် နုတ်ထွက်ရန် ဆန္ဒရှိနေကြခြင်းဖြစ်ကြောင်း  ကျေးရွာအုပ်ချုပ်‌ရေးမှူးတစ်ဦးက ပြောသည်။ 

“ထွက်ကတော့ ထွက်ကြမယ်။ ဒါက ခွင့်မပြုလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ကျွန်တော်တို့ စာချုပ်နဲ့ လုပ်နေတာမျိုး မဟုတ်ဘူး။ လုံခြုံမှု မရှိရင်တော့ထွက်ရမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်တိုင် တာဝန်မယူဘူးလေ။ ဒါဆိုကျွန်တော်တို့ ဘာလုံခြုံမှုရှိတော့မလဲ”ဟု သူက ပြောသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးကို အသိမပေးဘဲ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းကြောင့် ပို၍ စိုးရိမ် ကြောက်လန့်နေကြ ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

မောင်တောခရိုင်ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသည့် ငှက်ဖျားဌာနမှ ဆေးဖက်ကျွမ်းကျင်(၃) ဦးစောမင်းနိုင်က AA ကို ဆေးခြင်ထောင်များပေးသည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် (စရဖ)များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

အသက် ၃၈ နှစ်အရွယ် အဆိုပါ ဝန်ထမ်းမှာ ပြီးခဲ့သည့် ဇွန် ၁၉ ရက်နေ့က စစ်တွေမြို့ရှိ ပြည်နယ်ကျန်းမာရေးဌာနသို့ ရောက်ရှိနေစဥ် အဖမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီကျန်းမာရေးဝန်ထမ်းကို ဖမ်းတုန်းက မြို့နယ်အုပ်ချုပ်ရေးမှူးအဆင့်တောင်မဟုတ်ဘူး၊ ကျန်းမာရေးက ပြည်နယ်ဝန်ကြီးအဆင့်ရှိသူက ပြောတာတောင်လက်မခံဘူးဆိုတော့ မြို့နယ်အုပ်ရေးမှူးက ကျေးရွာအုပ်ချုပ်ရေးမှူး တွေကို ဘာလုပ်ပေးလို့ရမလဲဆိုတဲ့ ပုံစံမျိုးတွေ ပြောတာလည်းရှိတယ်” ဟု အထက်ပါ အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

မောင်တောအခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းမထုတ်ပြန်သေးပေ။

အုပ်ချုပ်ရေးမှူးများ AA နှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု စစ်တပ်က ယူဆပြီး ဖမ်းဆီးလေ့ရှိသည်။

နှစ်ဘက် လက်နက်ကိုင်အဖွဲ့များက ကျေးရွာများကို ရောက်လျှင် အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံလေ့ရှိသည်။ လက်နက်မဲ့၊  အကာအကွယ်မဲ့ အုပ်ချုပ်ရေးမှူးများသည် နှစ်ဘက်လုံးနှင့် ထိတွေ့ဆက်ဆံရသူများဖြစ်သောကြောင့် အချိန်မရွေး ရန်ပြုခံရနိုင်သည်။ 

“ဒီအချိန်မှာ အလုပ်လုပ်ရတာ ကျွန်တော်တို့က နှစ်ဘက်ကြားညှပ်နေတယ်။ သံသယနဲ့ ကြည့်တာခံနေကြရတယ်” ဟု ၎င်းတို့က ပြောလေ့ရှိသည်။

ရခိုင်တွင် တိုက်ပွဲပြင်းထန်ခဲ့ချိန် ၂၀၁၉ ခုနှစ်ကလည်း စစ်တပ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ခွင့်ပြုချက်မရဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ကို ဖမ်းဆီးခဲ့မှုကြောင့် ကျောက်တော်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၄၅ ဦး နုတ်ထွက်စာ တင်ခဲ့ကြသည်။

မောင်တောတွင် ရပ်ကွက်ပေါင်း ၂၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၉၆ စုနှင့် ကျေးရွာအရေအတွက် ၃၆၄ ရွာရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button