သတင်း

KIA နှင့် စစ်ကောင်စီတပ် ဝိုင်းမော်တွင် တိုက်ပွဲဖြစ်၊ ဒေသခံများ တိမ်းရှောင်နေရ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ၁၂၀ ကျော် စစ်ဘေးတိမ်းရှောင်နေရသည်ဟု ဒေသခံများနှင့် အကူအညီပေးနေသူများက ပြောသည်။

မြို့အရှေ့ဘက် မိုင် ၂၀ ခန့်ဝေးသည့် အင်ဝမ့်ကောင်ကျေးရွာအနီးရှိ စစ်ကောင်စီစခန်းကို ဩဂုတ် ၂ နံနက် ၈ နာရီကျော်တွင် KIA က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲကြောင့် အင်ဝမ့်ကောင်ဒေသခံအားလုံး အနီးနားရှိရွာများနှင့် တောထဲတွင် တစ်နေကုန် ပုန်းအောင်းနေခဲ့ရသည်ဟု အင်ဝမ့်ကောင်ရွာခံ အမျိုးသမီးက ပြောသည်။

ဒေသခံများ၏ တောင်းဆိုမှုကြောင့် ဩဂုတ် ၃ နံနက်ပိုင်းတွင် ဆဒုံးခရစ်ယာန်အသင်းတော်က ကား ၅ စီးဖြင့် သွားရောက်ကူညီခဲ့ရပြီး အသင်းတော်ဝန်းအတွင်းရှိ အဆောင်များတွင် နေရာချပေးထားသည်ဟု သိရသည်။

အမျိုးသား၊ အမျိုးသမီးများကို အဆောင်ခွဲ၍ နေရာချထားပေးပြီး နေထိုင်မကောင်းသူများလည်း ရှိနေ၍ ဆေးဝါးနှင့် စားနပ်ရိက္ခာ လိုအပ်နေသည်ဟု အသင်းတော် တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုကတော့ အသင်းတော်ကပဲ သူတို့ကို တတ်နိုင်သလောက် ကျွေးမွေးနေရတယ်၊ အဓိကကတော့ အစားအသောက်၊ ရိက္ခာ အစားအစာလိုနေတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ဩဂုတ် ၂ တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်၊ ခဲယမ်းတချို့ KIA  တပ်မဟာ(၅) လက်အောက်ခံ တပ်ရင်း(၃) က ရရှိခဲ့ပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း KIA သတင်းပြန်ကြားရေး Facebook  စာမျက်နှာ The Kachinnet တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်စွဲထားသည့် စခန်းသည် ဝိုင်းမော်-ကန်ပိုက်တီ လမ်းမပေါ်ရှိ ထိုရွာအနီးတွင် ရှိခြင်းကြောင့် တိုက်ပွဲဖြစ်ပွားသံများကို အတိုင်းသား ကြားနေရသည်ဟု အသက် ၆၀ ခန့်ရှိသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထိုနေ့ညတွင် တိုက်ပွဲဖြစ်ပွားသည့် နေရာသို့ စစ်ကူလာသည့် ဝိုင်းမော်မြို့ ခလရ (၅၈) တပ်မှ အင်အား ၅၀ ခန့်ကို ဝိုင်းမော်-ကန်ပိုက်တီလမ်း ဘွမ်တောင်ကျေးရွာအနီးတွင် KIA က မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် ၁၀ ဦးခန့် သေဆုံးခဲ့သည်ဟု ဒေသတွင်း သတင်းများက ရေးသားကြသည်။

သို့သော် ထိုအခြေအနေကို Myanmar Now က သီးခြားအတည်ပြု၍မရသေးသလို KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍မရသေးပါ။ 

တိုက်ပွဲသတင်းများနှင့် ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရသူများထံလည်း Myanmar Now က ဆက်သွယ်၍မရပါ။

လတ်တလောတွင် KIA တပ်ဖွဲ့ဝင်များသည် စခန်းအနီးဝန်းကျင်တင်မက စခန်းနှင့် ၂ မိုင်ခန့်ဝေးသည့် ရေတံခွန်အနီးရှိ တံတားတွင် နေရာယူထားကြပြီး စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

ကချင်ပြည်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကလည်း KIA တပ်များနှင့်အတူ ရှိနေသည်။

KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဗမာအဖွဲ့အစည်း၊ ဗမာပြည်သူများနှင့် အတူလက်တွဲပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းသွားမည်ဟု ပြောကြားထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button