
မြန်မာ့နွေဦးတော်လှန်ရေးသည် တစ်နှစ်ခွဲကာလရောက်ပြီဖြစ်သည်။ စစ်တပ်၏ အကြမ်းဖက် သတ်ဖြတ်မှုများကို ဖေဖော်ဝါရီလကတည်းက ခံစားခဲ့ရသည့် ပြည်သူလူထု ယနေ့တိုင် ကြံ့ကြံ့ခံ ခုခံနေခြင်းသည် သမိုင်းတွင်ပြီးဖြစ်သည်။ တူမီးနှင့် စခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သည်လည်း တစ်နှစ်သားနှင့် မလိုက်အောင် အင်အားကြီးထွားလာပြီဖြစ်သည်။ တစ်ဖက်မှာလည်း စစ်ကောင်စီသည် စစ်သားများကျဆုံးမှု၊ CDM များသာမက နှစ်ပေါင်းများစွာ ခြစားလာသည့် အဖွဲ့အစည်းပီပီ ပြည်သူကို အကြိမ်ကြိမ် ထိုးစစ်ဆင်နေသော်လည်း တစ်နေ့တခြားကြီးထွားလာသည့် တော်လှန်ရေးနှင့်သာ ရင်ဆိုင်နေရပြီဖြစ်သည်။ ထို့ကြောင့် တော်လှန်ရေး နောက်ထပ်အဆင့်တက်ဖို့ ရင့်မှည့်လာပြီဖြစ်သည်။
မြန်မာ့ဒီမိုကရေစီတော်လှန်ရေးများသည် ၁၉၆၂၊ ၁၉၈၈၊ ၂၀၀၇ စသည့်နှစ်များတွင် လပိုင်းသာ ကြာမြင့်ခဲ့သည်။ တိုက်ဆိုင်သည်မှာ အဆိုပါ တော်လှန်ရေးများအားလုံးတွင် လူထုသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သည့် နည်းလမ်းများကိုသာ အဓိကထား အသုံးပြုခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်တပ်၏ အာဏာလုယူမှုတွင်တော့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုပါ မဖြစ်မနေ ထည့်သွင်းလာရတော့သည်။
တွဲတိုင်းမှာ ခေါင်းပါခဲ့သည်
စစ်တပ်က ပြည်သူ့အာဏာကို လုယူသည်နှင့် တစ်ပြိုင်နက် အလွှာအသီးသီး၊ နေရာပေါင်းစုံမှ လူထုက တတ်နိုင်သည့်ဘက်က ပြည်လုံးကျွတ်ဆန့်ကျင်ခဲ့ကြသည်။ ခေါင်းဆောင်များ ဖမ်းဆီးခံရချိန် ပြည်သူလူထုအကြား ခေါင်းဆောင်များ မပေါ်ပေါက်လာသေးမီတွင် ကိုယ်ထူကိုယ်ထဖြင့် တော်လှန်ခဲ့ကြသည်။ တွဲတိုင်းတွင် ခေါင်းပါခဲ့ပြီး ဦးတည်ရာဖြစ်သည့် ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်လည်ရရှိရေး နိုးကြွနိုင်ခဲ့သည်။
သို့သော် တစ်ပြည်လုံး အုံကြွကာ၊ နိုင်ငံ့ဝန်ထမ်းများဦးဆောင်သည့် CDM များဖြင့် ငြိမ်းချမ်းစည်းကမ်းရှိသည့် ပြည်သူ့တော်လှန်ရေးကို စစ်တပ်က အကြမ်းဖက်မှုများ၊ သတ်ဖြတ်မှုများ ဆက်တိုက်ကျူးလွန်သည့်နည်းနှင့် တုံ့ပြန်တော့သည်။ ပြည်သူ့အုံကြွမှုသည်လည်း ရက်ပိုင်းအတွင်း တော်လှန်ရေးအသွင် တစ်စတစ်စပြောင်းလဲလာခဲ့သည်။ စစ်ကောင်စီပြုတ်ကျရေးသာမက၊ စစ်တပ်က ပျိုးထောင်ထားသည့် ဗမာလူမျိုးကြီးဝါဒ၊ ဖိနှိပ်မှုကို အားပေးသည့် အကျင့်ပျက်ဘာသာရေးအယူဝါဒများနှင့် အာဏာရှင်စနစ်၏ ဒေါက်တိုင် ခရိုနီစနစ်များကိုပါ တစ်ပြိုင်တည်းဖြိုချမည်ဆိုသည့် တော်လှန်ရေးစိတ်ဓာတ်များ တင်းပြည့်ကျပ်ပြည့် မွေးဖွားလာတော့သည်။
တွဲတိုင်းမှာ ခေါင်းပါသည် ဆိုသည့် လူတိုင်းဘက်ပေါင်းစုံမှ ပါဝင်သည့် အာဏာသိမ်းမှု ဆန့်ကျင်ရေးသည် အားကောင်းမောင်းသန်ဖြစ်ခဲ့သည်။ သို့သော် အထက်ဖော်ပြပါ
၁။ အာဏာရှင်စနစ်ဟူသမျှဖြုတ်ချရေး
၂။ နိုင်ငံသားအားလုံးတန်းတူရေး
၃။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရေး
၄။ အတွေးအခေါ် အကျင့်စာရိတ္တမြင့်မားသည့် လူ့အဖွဲ့အစည်းတည်ထောင်ရေးနှင့်
၅။ လူမှုစီးပွား တရားမျှတမှုရှိရေးစသည့် တော်လှန်ရေးဦးတည်ချက်များ မွေးဖွားလာသောအခါ တော်လှန်ရေးသည် ခေါင်းဆောင်လိုအပ်လာသည်။ တစ်ဦးချင်း နားလည်သလို ပါဝင်နိုင်သည့် စစ်ကောင်စီ ဆန့်ကျင်ရေး မဟုတ်တော့ပြီ။

အဓိကနှင့် သာမည
မြန်မာ့ခေတ်သစ်နွေဦးတော်လှန်ရေးသည် အရောင်အသွေးစုံလင်သည့် တပ်ပေါင်းစုံတော်လှန်ရေးကြီး ဖြစ်သည်။ တန်းတူရေးအတွက် တိုင်ပွဲဝင်နေသည့် အခြားတိုင်းရင်းသားများနှင့် ဗမာတိုင်းရင်းသားများ ရည်မှန်းချက်ထပ်တူညီလာသည့် သမိုင်းဝင်တော်လှန်ရေးလည်းဖြစ်သည်။ ထို့အတူ အထွေထွေသပိတ်၊ CDM နှင့် Boycott များ၊ ရွေးကောက်ခံများ၏ CRPH, အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တော်လှန်ရေးအင်အားစုများ စုစည်းထားသည့် NUCC စသည်ဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံမှ တော်လှန်လျက်ရှိသည်။ ပိုအရေးကြီးသည်မှာ ရက်သတ္တပတ်အနည်းငယ်အတွင်းပင် Federal Democratic Charter လိုမျိုး နိုင်ငံရေးသဘောတူမှုများလဲ ရေးဆွဲအတည်ပြုနိုင်ခဲ့သည်။ သို့သော် အဆိုပါ အေးချမ်းသည့် နည်းလမ်းများအားလုံးသည် သမိုင်းတင်လောက်အောင် အားကောင်းသည် မှန်သော်လည်း အကြမ်းဖက်စစ်တပ်အတွက် ဖြိုခွင်းရန် အတွေ့အကြုံမရှိသည့် ပြဿနာများမဟုတ်ပေ။ ဆန္ဒပြသူများကို ပစ်ခတ်သတ်ဖြတ်ခြင်းဖြင့် ရှင်းလင်းပြီး၊ CDM များကိုလည်း ဖိအားပေးသည်။ Boycott နှင့် Social Punishment များကိုလည်း အချိန်ကြာလာသည်နှင့်အမျှ ယုတ်လျော့အောင် လုပ်နိုင်သည်။ နိုင်ငံရေးစုဖွဲ့မှုများကိုလည်း သပ်လျှိုသွေးခွဲခြင်း၊ ပြည်ပသို့ပြေးစေခြင်းစသည့် ယခင် အဝေးရောက်အစိုးရများကို ချေမှုန်းသကဲ့သို့ အနိုင်ယူနိုင်သည်သာ။ ထို့ကြောင့် အခြားရွေးချယ်စရာနည်းလမ်း မမြင်သည့် လူငယ်များက လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။ လက်နက်နှင့်သာ စကားပြောနေသည့် စစ်တပ်အတွက် လက်နက်သာလျှင် ၎င်းတို့နားလည်သည့် ဘာသာစကားဖြစ်သည်။
ထို့ကြောင့် ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင်သည့် တော်လှန်ရေးနည်းလမ်းများ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဖိအားများသည် တော်လှန်ရေး၏ ကြီးမားသည့် အထောက်အပံ့များဖြစ်သော်လည်း လက်နက်ကိုင်တော်လှန်ရေးသည် စစ်တပ်ကို အဓိက ထိန်းချုပ်ထားနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်နေသည်ကို ပြတ်သားရှင်းလင်းစွာ ရှုမြင်ရန် လိုအပ်သည်။ လက်နက်ကိုင်တော်လှန်ရေးသာ မစတင်နိုင်ခဲ့ပါက အခြားတော်လှန်ရေးနည်းလမ်းများအားလုံး အားပျော့ ဆုတ်ယုတ်သွားမည်ဖြစ်သည်။ သို့သော် လက်နက်ကိုင်လမ်းစဉ်သည်သာ တစ်ခုတည်းသောအဖြေမဟုတ်သည်မှာလည်း အထက်ဖော်ပြပါ တော်လှန်ရေးရည်မှန်းချက်များကို ကြည့်ရုံနှင့် သိနိုင်ပါသည်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို လက်နက်နှင့် မတည်ထောင်နိုင်သော်လည်း အတားအဆီးဖြစ်သည့် အကြမ်းဖက်စစ်တပ်ကို နိုင်ငံရေးနည်းလမ်းများ၊ စာချုပ်များနှင့် ရှင်းမထုတ်နိုင်သည်မှာလည်း ပြီးခဲ့သည့် ၁၀ နှစ်က သက်သေပင်ဖြစ်သည်။

တော်လှန်ရေးခေါင်းဆောင်များ
ခေတ်အဆက်ဆက်၊ သမိုင်းတစ်လျှောက် ကမ္ဘာ့နေရာဒေသမရွေး တော်လှန်ရေးများကို လေ့လာပါက ပြည်သူများထဲမှ ပေါက်ဖွားကာ ပြည်သူများအတွင်းတွင် အတူရုန်းကန်သည့် ခေါင်းဆောင်များက အောင်မြင်မှုကို ဆောင်ကြဉ်းနိုင်သည်ကို တွေ့ကြရသည်။ မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးခရီးကြမ်းကို ကြည့်လျှင်ပင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ခေါင်းဆောင်များသည် လူထုခံစားရသည့် ဒုက္ခဆင်းရဲထက်မနည်း ခံစားရင်း ပြည်တွင်းမှပင် ဦးဆောင်မှုပေးခဲ့ခြင်းကြောင့် ၂၀၁၂ မှ ၂၀၂၁ ထိ ပြည်သူ့အကျိုးစီးပွားကို ဆောင်ရွက်နိုင်သည်ထိ အောင်မြင်ခဲ့ကြခြင်းဖြစ်သည်။
တော်လှန်ရေးကာလဖြစ်သည့်အတွက် ဝေ့ဝိုက်မနေဘဲ တည့်တည့်ပင်တင်ပြလိုပါသည်။ တော်လှန်ရေးမှန်သမျှတွင် ပါဝင်သူတိုင်းက ကိုယ်တတ်နိုင်သည့် ရွေးချယ်မှုပြုခြင်းကို လေးစားရမည်ဖြစ်သည်။ ထို့ကြောင့် ပြည်ပမှ ကူညီပေးနေသူ၊ အလှူငွေထည့်ဝင်သူ၊ အစိုးရအဖွဲ့ဖွဲ့ကာ ဦးဆောင်မှုပေးခြင်း စသည်တို့အားလုံးမှာ လွန်စွာအရေးပါပါသည်။ သို့သော် အဝေးပြည်ပ ရောက်နေသည့် ခေါင်းဆောင်များက ဦးဆောင်သည့် တော်လှန်ရေးသည် အောင်မြင်သည့် ထုံးစံမရှိသည်ကိုလည်း သတိချပ်သင့်သည်။ အခြားနိုင်ငံများ အလှမ်းဝေးသည်ဆိုလျှင်ပင် မြန်မာ့လွတ်လပ်ရေးသမိုင်းနှင့် တိုင်းရင်းသားတို့၏ တန်းတူရေးတိုက်ပွဲဝင်မှုများကို လေ့လာနိုင်သည်။ ခေါင်းဆောင်အားလုံး လူထုနှင့်အတူ မြေပြင်တွင် အတူရှိနေပြီး ဦးဆောင်ကြသည်ကို တိုက်ဆိုင်စွာ တွေ့ရမည် ဖြစ်သည်။
ခေါင်းဆောင်သစ်များ ပေါ်ထွက်ခွင့်ပေးဖို့လို
မြန်မာ့နိုင်ငံရေးဖြတ်သန်းမှုသည် ကိုလိုနီစနစ်၏ ဖိနှိပ်မှု၊ စစ်တပ်၏ အကြမ်းဖက်မှုနှင့် သွေးခွဲမှုများကြောင့် ယုံကြည်မှုတည်ဆောက်ရန် အခက်ခဲဆုံးဝန်းကျင်ဖြစ်သည်။ တော်ရုံလူ့အဖွဲ့အစည်းတွင် ခေါင်းဆောင်များကို မွေးထုတ်လိုက်၊ မှားယွင်းလျှင် သို့မဟုတ် လူထုဆန္ဒနှင့် ဆန့်ကျင်လျှင် ပစ်ပယ်လိုက်ဖြင့် ရှေ့ဆက်ကြသည်။ မြန်မာလူထုမှာမူ မိမိတို့ရင်ဆိုင်ရသည့် ပြဿနာများ၏ နက်ရှိုင်းမှု၊ အချိန်ယူပြင်ဆင်ရန် အခြေအနေမပေးမှုတို့ကြောင့် ထိုသို့ ခေါင်းဆောင်ထည်လဲရွေးသည့်အလုပ်ကို မလုပ်နိုင်ကြပေ။ အကျိုးဆက်မှာ ခေါင်းဆောင်တစ်ယောက် ဖြစ်လာရန် ဆယ်စုနှစ်ပေါင်းများစွာ မှတ်ကျောက်တင်ခံရသည်။ ရှိနှင့်ပြီး ခေါင်းဆောင်များကိုသာ ဆက်လက် အသုံးပြုလိုကြသည်။ ထို့ကြောင့် ခေါင်းဆောင်သစ်များ ပေါ်ထွက်လာရန် အင်မတန် ခက်ခဲသည်။
ယခုတော်လှန်ရေးသည် ၂၁ ရာစုတော်လှန်ရေးဖြစ်သည်နှင့်အညီ မြန်ဆန်သည်။ အပြောင်းအလဲ အချိုးအကွေ့ များသည်။ ဆိုရှယ်မီဒီယာ၊ သတင်းအချက်အလက်နည်းပညာနှင့် လူထု၏ အတွေးအခေါ်မှာ ယခင်တော်လှန်ရေးများနှင့် များစွာ ကွဲပြားသည်ကို သတိပြုရမည်ဖြစ်သည်။ တော်လှန်ရေးအသစ်အတွက် ခေါင်းဆောင်အသစ်များ လိုအပ်သည်မှာ ရှင်းလင်းသည်။ သို့သော် ခေါင်းဆောင်အဟောင်းများ၊ အဝေးရောက်၊ အကျဉ်းကျ ခေါင်းဆောင်များကို ပစ်ပယ်ကြရန် မဟုတ်။ သစ်လွင်သည့် မြေပြင်ခေါင်းဆောင်များကို ဝိုင်းဝန်းပံ့ပိုးကြရန်သာဖြစ်သည်။

တော်လှန်ရေး ဂီယာပြောင်းနိုင်ဖို့
နွေဦးတော်လှန်ရေးသည် အခြားတော်လှန်ရေးများကဲ့သို့ပင် ခေါင်းဆောင်များကို မွေးထုတ်ပြီးလျက်သား ရှိနေပြီဖြစ်သည်။ လွတ်လပ်ရေးတွင် သခင်အောင်ဆန်းတို့ကဲ့သို့သော လူငယ်ခေါင်းဆောင်များ ပေါ်ထွက်ခဲ့ကြသလို ၁၉၈၈ တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် သစ်လွင်သည့် ခေါင်းဆောင်များစွာပေါ်ထွက်ခဲ့သည်။ ယခုနွေဦးတော်လှန်ရေးတွင်လည်း လူထုကြားထဲ ဦးဆောင်မှုပေးနေသူများ၊ ရွေးကောက်ခံအမတ်များ၊ PDF နှင့် ERO တပ်မှူးပေါင်းများစွာ ပေါ်ထွက်နေပြီဖြစ်ပါသည်။ ထို့အတူ နိုင်ငံပြင်ပမှ ချိတ်ဆက်ဆောင်ရွက်ပေးနေသည့် နိုင်ငံရေးခေါင်းဆောင်များလည်း ပေါ်ထွက်နေပြီဖြစ်သည်။
သို့သော် အာဏာသိမ်းမှု ဆန့်ကျင်ရေးမှ တော်လှန်ရေးအသွင် တိုးတက်ပြောင်းလဲလာခဲ့ချိန်တွင် ခေါင်းတွဲအားလုံး တစ်ပြိုင်တည်း ဂီယာပြောင်းကြဖို့ မဖြစ်နိုင်တော့ပေ။ ရထားတွဲများအားလုံးကို ချိတ်ဆက်ထားပြီး လမ်းကြောင်းတစ်ခုတည်းပေါ်မှာ ဦးဆောင်မောင်းနှင်မည့် အားကောင်းမောင်းသန်အင်ဂျင်ကြီးနှင့် ရှေ့ဆက်နိုင်မှသာ တော်လှန်ရေးခရီးပေါက်မည်ဖြစ်သည်ကို ပြတ်ပြတ်သားသား သိမြင်ရန် အချိန်ကျပြီဖြစ်သည်။
ခေါင်းဆောင်မှုနေရာ ပြောင်းပြန်လှန်နိုင်ဖို့ဆိုလျှင်
အထက်တွင်တင်ပြခဲ့သလို တော်လှန်ရေးသည် ဦးဆောင်မှု မုချလိုအပ်နေပြီဖြစ်သည်။ ထို့အတူ လူထုနှင့်အတူ တိုက်ပွဲဝင်နေသည့်သူများသာ အောင်မြင်မှုကို မောင်းနှင်ပေးသည်ဆိုသည်မှာလည်း သံသယဖြစ်ဖွယ် မရှိပေ။ စစ်တပ်သည်လည်း ပြည်သူတစ်ရပ်လုံးကို အဘက်ဘက်က အားနည်းအောင် ရန်သူသဖွယ် ထိုးစစ်ဆင်နေသည်။ လူထု၏ ခေါင်းဆောင်များကို ကြိုးပေးသတ်ဖြတ်ခြင်း၊ နိုင်ငံစီးပွားပျက်ခံကာ နိုင်ငံခြားငွေများ ရသမျှသိမ်းယူခြင်း၊ ERO များကို ထိုးစစ်ဆင်ရန်ပြင်ဆင်ခြင်းများကို ကြည့်သည်နှင့် စစ်ကောင်စီသည် နိုင်ငံခြားရေး၊ ပြည်တွင်းနိုင်ငံရေးနှင့် စီးပွားရေးမျက်နှာစာများကို လုံးဝစွန့်လွှတ်ပြီး စစ်ရေးကို အာရုံစိုက်ကာ တိုက်ခိုက်ရန် ပြင်ဆင်နေသည်ဆိုသည်မှာ ထင်ရှားလာသည်။ တစ်နည်းအားဖြင့် မည်သည့်နိုင်ငံ၏ထောက်ခံမှုကိုမျှ မမျှော်လင့်၊ ပြည်သူ၏ ယုံကြည်မှုကိုလည်း ပြန်ရယူနိုင်ရန် မကြိုးစားတော့ဘဲ စစ်ပွဲကိုသာ အနိုင်တိုက်ပြီး အကြမ်းဖက်အုပ်ချုပ်ရန် ဆုံးဖြတ်ပြီးဖြစ်သည်။ မိမိတို့ဘက်မှလည်း စစ်ပွဲကာလတွင် စစ်ခေါင်းဆောင်များ ဦးဆောင်ရသည်မှာ သဘာဝသာဖြစ်သည်။ နိုင်ငံရေးခေါင်းဆောင်များ၏ အခန်းကဏ္ဍမှာ ထိရောက်သည် မှန်သော်လည်း စစ်ပွဲများတွင် စစ်နိုင်ရေးသည် အဓိကဖြစ်လာသည်။
ထို့ကြောင့် မြေပြင်တွင် လူထုနှင့်အတူ တိုက်ပွဲဝင်လျက်ရှိသည့် ရွေးကောက်ခံအမတ်များ၊ PDF နှင့် ERO တပ်မှူးများ၊ လူထုခေါင်းဆောင်များသည် တပ်ဦးက ဦးဆောင်သူများဖြစ်လာမှသာ စစ်ပွဲနိုင်ရန် အလားအလာကောင်းပြီး အမှန်တကယ် တော်လှန်ရေး အဆင့်မြှင့်တင်နိုင်မည်ဖြစ်သည်။ NUG နှင့် အခြားနိုင်ငံရေးခေါင်းဆောင်များသည် မြေပြင်ခေါင်းဆောင်များကို ပံ့ပိုးကူညီသည့် အခြေအနေမျိုးဖြစ်သင့်သည်။ တော်လှန်ရေးကို မောင်းနှင်နိုင်သည်မှာ ပြည်သူလူထုနှင့် အတူ တိုက်ပွဲဝင်နေသည့် မြေပြင်ခေါင်းဆောင်များ ဖြစ်သည်ကို ရှင်းလင်းရန် လိုအပ်သည်။ စစ်ပွဲနိုင်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်သည့်အခါ နိုင်ငံရေးခေါင်းဆောင်များထံ တပ်ဦးအလံကို ပြန်လည်လွှဲပြောင်းနိုင်ရန်သာ လိုအပ်သည်။

ခေါင်းဆောင်သစ်ဘယ်လိုမွေးထုတ်မလဲ
မြေပြင်ခေါင်းဆောင်သစ်များသည် တင်းပြည့်ကျပ်ပြည့် တော်လှန်ရေးကို ဦးဆောင်နိုင်ရန်
၁။ ခေါင်းဆောင်သစ်များကိုယ်တိုင် အရည်အချင်းပြည့်ဝဖို့ အားထုတ်ရန်
၂။ ခေါင်းဆောင်ဟောင်းများက ကူညီပံ့ပိုး လက်ဆင့်ကမ်းကြရန်
၃။ လူထုကိုယ်တိုင်က လက်ခံလိုက်နာရန်တို့ လိုအပ်သည်။
မြေပြင်ခေါင်းဆောင်များသည် ပြည်ပရောက်ခေါင်းဆောင်များလောက် အချိတ်အဆက်နှင့် နိုင်ငံရေးပါးနပ်မှု အားနည်းနိုင်သည်။ ထိုအားနည်းချက်ကို ဝိုင်းဝန်းဖြည့်ဆည်းပေးကြရန် လိုအပ်သည်။ ပြည်ပရောက်ခေါင်းဆောင်များက ကနဦး ဦးဆောင်မှုနေရာတွင် ယူထားရသည် မှန်သော်လည်း မြေပြင်ခေါင်းဆောင်များကို ဦးဆောင်ခွင့်ပေးနိုင်ရေး တော်လှန်ရေးသစ္စာကို ထားရှိရန် အချိန်တန်ပြီဖြစ်သည်။ လူထုသည်လည်းပြည်ပရောက်ခေါင်းဆောင်များနှင့် အကျဉ်းကျ ခေါင်းဆောင်များ၏ အခန်းကဏ္ဍကို လေးစားသည် မှန်သော်လည်း စစ်ကောင်စီ ဖြုတ်ချနိုင်ရေးအတွက် စစ်ပွဲများကို ကိုယ်ထိလက်ရောက် ဦးဆောင်နေသည့် မြေပြင်ခေါင်းဆောင်များ၏ နောက်တွင် ရပ်တည်ပေးရန် ပိုမို လိုအပ်လာပြီဖြစ်သည်။
ရပ်တည်သည်ဆိုရာဝယ် “ငါတို့ကလေးတွေ အသက်စွန့်ပြီး တိုက်ပွဲဝင်ပေးနေကြတယ်” ဆိုသည့် ချစ်ခင်စာနာစိတ်များအပေါ်မှာ “ငါတို့ ခေါင်းဆောင်တွေ ငါတို့နဲ့အတူ ငါတို့အသက်နဲ့ ဘဝအတွက် တိုက်ပွဲဝင်ပေးနေကြတယ်” ဆိုတဲ့ ခေါင်းဆောင်မှုကို လေးစားနာယူသည့် စိတ်ထားမျိုး ပြောင်းလဲနိုင်ရန် လိုအပ်ပြီ ဖြစ်သည်။ ထို့အတူ “ငါတို့ တတ်နိုင်သလောက် ငါတို့မြေပြင်က ကလေးတွေအတွက် အလှူငွေ ထည့်ဝင်ပေးနေတယ်” ဆိုသည်ထက် “ငါတို့အတွက် တိုက်ပွဲဝင်နေတဲ့ ငါတို့ခေါင်းဆောင်တွေကို တတ်နိုင်တဲ့ဘက်က အစွမ်းကုန် ကူညီရမယ်” ဆိုသည့် အတွေးများ ကိန်းအောင်းလာမှ ခေါင်းဆောင်အသစ်များ မာမာချာချာ ပေါ်ပေါက်လာပေမည်။ ထို့အတူ ခေါင်းဆောင်ဟောင်းများနှင့် အဝေးရောက်ခေါင်းဆောင်များသည်လည်း “ငါတို့အောက်က မြေပြင်က ရဲဘော်တွေ” ဆိုတာထက် “တော်လှန်ရေးတပ်ဦးမှာရှိနေတဲ့ ငါတို့ရဲ့ မြေပြင်က ရဲဘော်ရဲဘက်တွေနဲ့ ခေါင်းဆောင်တွေ” ဆိုပြီး သဘောထားကြီး အသိအမှတ်ပြုရန် လိုအပ်သည်။ နောက်ဆုံးအနေနှင့် မြေပြင်မှ ရဲဘော်များအနေနှင့်လည်း “ပြည်ပကို ပြေးသွားသူတွေ၊ online ပေါ်က တော်လှန်နေသူတွေ” ဟု မမြင်ကြဘဲ “ငါတို့မြေပြင်ခေါင်းဆောင်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ပြင်ပဆက်ဆံရေးတွေ၊ အထောက်အပံ့တွေကို ကူညီပေးနေတဲ့ ရဲဘော်ရဲဘက်တွေ” ဆိုသည့် အမြင်နှင့် တော်လှန်ရေးကို ဦးဆောင်ပေးနိုင်ရန် အချိန်ကျရောက်ပြီ ဖြစ်သည်။
ဒီမိုကရေစီအရေးအတွက် အပ်တိုတစ်ချောင်းမကိုင်ဘဲ စစ်တပ်ကို အန်တုခဲ့ကြသည့် ခေါင်းဆောင်ဟောင်းများ၊ ပြည်ပရောက်ခေါင်းဆောင်များအနေနှင့် ခေါင်းဆောင်သစ်များကို လက်ဆင့်ကမ်းမည့် တော်လှန်ရေးသစ္စာ မွေးမြူနိုင်ကြဖို့ ခက်ခဲမည်မဟုတ်ပါ။ ထို့အတူ အသက်အိုးအိမ်များ ပဓာနမထားဘဲ တိုက်ပွဲဝင်နေသည့် မြေပြင်ခေါင်းဆောင်များလည်း သဘောထားကြီးကြီး ဦးဆောင်ကြရန် တိုက်တွန်းလိုပါသည်။ နောက်ဆုံးအနေနှင့် အကြမ်းဖက် စစ်အာဏာရှင်ကိုပင် မကြောက်မရွံ့ ဆန့်ကျင်နေသည့် လူထုကြီးသည်လည်း မြေပြင်ခေါင်းဆောင်သစ်များကို သတ္တိရှိရှိလက်ခံ ဦးဆောင်ခွင့်ပေးကြဖို့ လိုပါသည်။ သို့မှသာ စစ်တွင်းကာလနှင့် စစ်ပြီးကာလများတွင် စစ်ရေးနှင့် နိုင်ငံရေးခေါင်းဆောင်များ တော်လှန်ရေးတပ်ဦးအလံကို လူမှန်နေရာမှန် ဦးဆောင်မှုအမှန်နှင့် လက်ဆင့်ကမ်း သယ်ဆောင်ကာ ပြည်သူ့အောင်ပွဲကို အမြန်ဆုံး ဆောင်ကြဉ်းနိုင်မည်ဖြစ်ပါကြောင်း။
(ဆောင်းပါးရှင်သည် မြန်မာ့အရေး၊ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်သည့် သုတေသီ ဖြစ်သည်။)