သတင်း

စစ်ကောင်စီ၏ စွမ်းအင်ဝင်ငွေကို အမေရိကန် ဖြတ်ပစ်တော့မည်

နိုင်ငံရေးအကျဉ်းသား ၄ ဦးကို စစ်ကောင်စီက ကွပ်မျက်လိုက်ပြီးနောက် နိုင်ငံအတွက် နိုင်ငံခြားငွေ အဓိကအရင်းအမြစ်တစ်ခုဖြစ်သော စွမ်းအင်လုပ်ငန်းကို အမေရိကန်နိုင်ငံက ပစ်မှတ်ထား အရေးယူပိတ်ဆို့ရန် စီစဉ်နေကြောင်း Foreign Policy မဂ္ဂဇင်းက ဩဂုတ် ၂ တွင် ဖော်ပြသည်။

အမေရိကန်၏ အရေးယူပိတ်ဆို့ရေးဆုံးဖြတ်ချက်သည် လာမည့်လတွင် ကြေညာနိုင်ဖွယ်ရှိသည်ဟု ဝါရှင်တန်ဒီစီအခြေစိုက် ထိုမဂ္ဂဇင်းက ဆိုသည်။

အမေရိကန်လွှတ်တော်နှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများက စစ်ကောင်စီကို လုံလောက်သည့် တားဆီးအရေးယူမှု မပြုလုပ်နိုင်သဖြင့် စိတ်ပျက်လာချိန်တွင် အမေရိကန်က မြန်မာ့စွမ်းအင်လုပ်ငန်းကို ပစ်မှတ်ထားရန် စီစဉ်လာခြင်းဖြစ်သည်။

မြန်မာ့စွမ်းအင်ကဏ္ဍကို အရေးယူပိတ်ဆို့ရန် လေးဖင့်နေမှုနှင့် ပတ်သက်ပြီး ဇူလိုင် ၂၇ တွင် လွှတ်တော်အတွင်း တံခါးပိတ်ဆွေးနွေစဉ် လွှတ်တော်နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌအပါဝင် သမ္မတဂျိုးဘိုင်ဒန်နှင့် နီးစပ်သည့် လွှတ်တော်ကိုယ်စားလှယ်များက ဖိအားပေးခဲ့ကြောင်း ထိုကိစ္စကို သိရှိသည့် သတင်းရင်းမြစ်များကို ကိုးကား၍ Foreign Policy မဂ္ဂဇင်းက ရေးသားထားသည်။

“မြန်မာ့အကျပ်အတည်း ပိုဆိုးလာတာကို လွှတ်တော်ထဲမှာ အမှန်တကယ် စိတ်ပျက်နေကြတဲ့ ကိုယ်စားလှယ်တွေ ရှိပါတယ်။ စစ်တပ်ကို စီးပွားရေးအရ အသက်ရှူပေါက်ပိတ်ဖို့နဲ့ သံတမန်ရေးအရ ဖယ်ကြဉ်ထားဖို့ အမေရိကန်က ဒီထက်ပိုပြီးလုပ်ပြနိုင်ဖို့ ဥက္ကဋ္ဌက စိတ်အားထက်သန်ပါတယ်” ဟု အမေရိကန်လွှတ်တော်နိုင်ငံခြားရေးရာ ကော်မတီသတင်းရင်းမြစ်က ဆိုကြောင်း Foreign Policy က ရေးသားသည်။

ပြီးခဲ့သည့် ၂၀၂၁ တွင် အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် အာဏာသိမ်းမှုဖြစ်စဉ်နှင့် ဆက်စပ်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် စီးပွားရေးလုပ်ငန်းများကို အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂနှင့် မဟာမိတ်နိုင်ငံများက အရေးယူပိတ်ဆို့ခဲ့ကြသည်။

သို့သော် အမေရိကန်သည် စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် စွမ်းအင်ကဏ္ဍကို အရေးယူပိတ်ဆို့ရန် ချန်လှပ်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် MOGE ကို အဖွဲ့ဝင်ပေါင်း ၂၇ နိုင်ငံရှိသည့် ဥရောပသမဂ္ဂက အရေယူပိတ်ဆို့ခဲ့ပြီး အမေရိကန်နှင့် ဗြိတိန်တို့ကိုလည်း အလားတူပိတ်ဆို့မှုများချမှတ်ရန် တက်ကြွလှုပ်ရှားသူများက တောင်းဆိုထားကြသည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၄ ဦးကို စစ်ကောင်စီက သတ်ဖြတ်လိုက်ပြီးနောက် စွမ်းအင်နယ်ပယ်ကို အရေးယူပိတ်ဆို့ရန် ဖြစ်နိုင်ခြေရှိသောအလှည့်အပြောင်းဖြစ်လာသည်ဟု ဘိုင်ဒန်အစိုးရ၏ သတင်းရင်းမြစ်က ပြောကြောင်း Foreign Policy မဂ္ဂဇင်းက ဆိုသည်။ 

အမေရိကန်သည် စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရန် ပံ့ပိုးကူညီမည်ဟု အစဉ်တစိုက်ပြောဆိုနေခဲ့သည်။ သို့သော် စိုးရိမ်ကြောင်းကြေညာချက်သာ တစ်စောင်ပြီးတစ်စောင် ထုတ်နေကြောင်း ရေနံနှင့် သဘာဝဓာတ်ငွေ့မှ စစ်ကောင်စီရရှိနေသည့် ဝင်ငွေများဖြတ်တောက်ရန် လှုပ်ရှားနေသည့် သွေးစွန်းငွေ(Blood Money) အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။ 

“သူတို့ ရှုတ်ချ၊ စိုးရိမ်၊ စောင့်ကြည့်နေတာနဲ့ကို တစ်နေ့တစ်နေ့ လူတွေ အသက်ပေါင်းများစွာ ပေးနေရတဲ့အပြင် အခုကွပ်မျက်ခံလိုက်ရတဲ့အထိကို ဖြစ်လာတာ” ဟု သူက ဆိုသည်။

“ဖိနှိပ်ခံပြည်သူတွေ သူရဲကောင်းတွေရဲ့ အသက်တွေနဲ့ အနောက်နိုင်ငံတွေက သူတို့အကျိုးစီးပွားနဲ့ လောင်းကြေးထပ်နေတာလားပေါ့။ အခုချိန်က စောင့်ကြည့်ရတော့မဲ့ အချိန်မဟုတ်ဘူး။ ချက်ချင်း အမြန် စစ်တပ်ကို ပြိုလဲအောင် ဒီစစ်တပ်အသက်သွေးကြော Energy Sector ကို အရေးယူရတော့မဲ့အချိန်ပါ” ဟုလည်း သူက ဆက်ပြောသည်။

တရားမျှတမှုကို မြန်မာပြည်သူများက အသက်စွန့်လွှတ်မှသာ ရရှိမည့်အရာဖြစ်လာခြင်းနှင့် ကွက်မျက်မှုများအပြီး အရေးယူရန် စောင့်ကြည့်နေသည်ဟူသော သတင်းထွက်လာခြင်းမှာ စိတ်ပျက်ဖွယ်ရာဖြစ်ကြောင်း သူက ဆိုသည်။ ထို့ပြင် လက်တွေ့အရေးယူမှုများ ဖြစ်လာရန် တွန်းအားပေး တောင်းဆိုရမည်ဟုလည်း သူက ဆိုသည်။

ရေနံနှင့် သဘာဝဓာတ်ငွေဝင်ငွေသည် စစ်ကောင်စီ၏ အရေးပါဆုံး နိုင်ငံခြားငွေအရင်းအမြစ်ဖြစ်ပြီး MOGE တစ်ခုတည်းလျှင်ပင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် ဝင်ငွေရရှိနေကာ ထိုဝင်ငွေဖြတ်ပစ်ရန် အမေရိကန်၏ အရေးယူပိတ်ဆို့မှုသည် အခရာအကျဆုံးဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူတို့က ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းအော်ပရေတာ ပြင်သစ်ရေနံကုမ္ပဏီ Total မြန်မာပြည်မှ ထွက်ခွာသွားပြီဖြစ်သလို ရဲတံခွန်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံတကာကုမ္ပဏီအားလုံးလည်း ထွက်ခွာသွားပြီးဖြစ်သည်။

စစ်တပ်က လူပေါင်းနှစ်ထောင်ကျော် သတ်ဖြတ်ခဲ့သည့်အပြင် ရက်ရက်စက်စက် သေဒဏ်စီရင်ပြီးနောက် ထွက်ပေါ်လာသည့် အရေးယူပိတ်ဆို့ရေးခြေလှမ်းမှာ နောက်ကျလွန်းသည်ဟု လေ့လာသူများက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button