သတင်း

လူထုသစ္စာခံယူပွဲပါဝင်မှုစွဲချက်ဖြင့် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

ယမန်နေ့ (ဇူလိုင် ၃၁) က ပြုလုပ်ခဲ့သော လူထုသစ္စာခံယူပွဲတွင် ပါဝင်သည်ဆိုကာ ရန်ကုန်မြို့မှ ပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရသည်ဟု ရဲတပ်ဖွဲ့သတင်းရင်းမြစ်နှင့် ဒေသခံတို့ထံမှ သိရသည်။ 

လှိုင်မြို့နယ်မှ ၆  ဦး၊ ဗဟန်းမြို့ နယ်မှ ၁ ဦး၊ ကမာရွတ်မြို့နယ်မှ ၃ ဦး၊ ပုဇွန်တောင်မြို့နယ်မှ ၁ ဦးတို့ သံပုံးတီးသည်၊ ကားဟွန်းတီးသည်ဟူသော စွပ်စွဲချက်များနှင့် အဖမ်းခံရခြင်းဖြစ်သည်။  

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများက ဇူလိုင် ၃၁၊ ၁၀ နာရီ ၃၇ မိနစ်တွင် တော်လှန်ရေးအဓိဋ္ဌာန်ပြုကြရန် နှိုးဆော်ခဲ့ကြသည်။  

အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၄ ဦးကို စစ်ကောင်စီက ကွပ်မျက်လိုက်ပြီး ရက်ပိုင်းအကြာတွင် ပြုလုပ်သော အဆိုပါသစ္စာအဓိဋ္ဌာန်ပြုပွဲများကို သွားရောက်ရေး အခက်အခဲရှိပါက ကားဟွန်းတီးခြင်း၊ သံပုံးတီးခြင်းများ ပြုလုပ်ခြင်းဖြင့်ပါဝင်ကြရန် ထိုသို့နှိုးဆော်ခဲ့ကြရာ ပြည်သူအများအပြား ပါဝင်ခဲ့ကြသည်။   

ဗဟန်းမြို့နယ်၊ ဆရာစံဈေးဟောင်းလမ်းတွင် နေထိုင်သော အမျိုးသားတစ်ဦးကို သံပုံးတီးသည်ဟူသော စွဲချက်နှင့် စစ်ကောင်စီတပ်က ဇူလိုင် ၃၁ ညပိုင်းတွင် လာရောက်ဖမ်းဆီးသွားသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ 

“လိပ်စာအတိအကျနဲ့ လာဖမ်းသွားတာ။ သူက ည ၁၂ လောက်မှာ ဖမ်းခံရတာ။ ဒီမနက်ကျ (နေအိမ်ကို) ထပ်ရောက်လာပြီး ရှာတယ်” ဟု သူက ဆက်ပြောသည်။

အဆိုပါအမျိုးသား သံပုံးတီးသည်ဟူသော သက်သေအထောက်အထား မည်သို့ရှာဖွေမည်ကို မသိရသေးပေ။

အလားတူ အဆိုပါမြို့နယ်၊ ဆရာစံအနောက်မြောက်ရပ်ကွက်၊ မော်လမြိုင်လမ်းအတွင်းရှိ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်က အချုပ်ကားဖြင့် လာရောက်ဖမ်းဆီးသည်ဟု အဆိုပါ ဒေသခံက ဆိုသည်။ သို့သော် မည်သည့် အကြောင်းကြောင့် ဖမ်းဆီးခံရသည်ကို အတိအကျ မသိရပေ။ 

ကမာရွတ်မြို့နယ်၊ လှည်းတန်း ပေ ၅၀ ဈေးလမ်းအတွင်းမှ အမျိုးသား၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို ဇူလိုင် ၃၁ နံနက် ၁၁ နာရီကျော်က စစ်ကောင်စီတပ်သား အင်အား ၂၀ ခန့်ဖြင့် ဖမ်းဆီးသွားသည်ဟု ဒေသခံ အမျိုးသားနောက်တစ်ဦးက ပြောသည်။ 

“ပထမတစ်ယောက်က အပ်ချုပ်ဆိုင်က ဦးလေးကြီးပါ။ (စစ်သား) သုံးယောက် ဝင်သွားတုန်းကတော့ သူက မတီးဘဲ ရပ်ထားတာ၊ သွားလိုက်မှ တီးတဲ့အချိန်နဲ့ နောက်က ဝင်လာတဲ့ (စစ်သား) တစ်ယောက် တိုးပြီး လက်ထိတ်ခတ်သွားတာ။ နောက်နှစ်ယောက်ကတော့ ငါးရောင်းတဲ့ လင်မယားပါ။ ပထမဦးလေးကိုက လက်ထိတ်ခတ်ပြီး ဖမ်းသွားတယ်ဗျ” ဟု ဆိုသည်။

“တီးရဲတဲ့ကောင် တွေ့မယ်လို့ အော်ပါတယ်” ဟု အဆိုပါဒေသခံ အမျိုးသားက ဆက်ပြောသည်။ လာရောက်ဖမ်းဆီးရာတွင် စစ်သားနှင့် ယာဉ်ထိန်းရဲများ ပါဝင်သည်ဟု သိရသည်။ 

ပုဇွန်တောင်မြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ဇီဇဝါလမ်းနှင့် မြောင်းကြီးလမ်းထောင့်တွင်လည်း ကားဟွန်းတီးသည့် လူငယ်တစ်ဦး ဇူလိုင် ၃၁ နေ့လယ်က ဖမ်းဆီးခံရသည်ဟု ရဲတပ်ဖွဲ့သတင်းရင်းမြစ်က ပြောသည်။  

ဟွန်းတီးသံ မရပ်မနားထွက်ပေါ်အပြီး ရိုက်နှက်ဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။ 

လှိုင်မြို့နယ်တွင်မူ သံလမ်း မယ်စီကုန်းလမ်းရှိ နန်းမေတ္တာ ၂ လက်ဖက်ရည်ဆိုင်မှ စားပွဲထိုးဝန်ထမ်းများနှင့် ဆိုင်ရှင်ကို စစ်ကောင်စီတပ်က ဒူးထောက်ခိုင်းထားပြီး လူငယ်၂ ဦးထက်မနည်းကို ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု လှိုင်မြို့နယ်သတင်းများ ဖော်ပြပေးနေသော Hlaing Info ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။

Voice of Myanmar အွန်လိုင်းသတင်းစာမျက်နှာတွင် လှိုင်မြို့နယ်၊ ၇ ရပ်ကွက်တွင် လူငယ် ၈ ဦး ဖမ်းဆီးခံရသည်ဟု ဩဂုတ် ၁ ရက်နေ့က ဖော်ပြထားသည်။ 

လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ ပြုလုပ်ခဲ့သော ယမန်နေ့တွင် စစ်ကောင်စီတပ်က ရန်ကုန်မြို့တွင် လုံခြုံရေးတင်းကျပ်ခဲ့သည်။ ရန်ကုန်မြို့လမ်းမကြီးများပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်သေနတ်များ အသင့်ချိန်ကာ ကင်းလှည့်ခြင်း၊ လမ်းသွားလမ်းလာများကို စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။  

ထို့အပြင် လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲတွင် ပါဝင်သူများကို ထိရောက်စွာအရေးယူမည်၊ ပိုင်ဆိုင်မှုများ ချိပ်ပိတ်မည်ဟု ဖော်ပြထားသော ခြိမ်းခြောက်စာများ လိုက်ကပ်ခဲ့သည်ကို တွေ့ရသည်။  

ထိုသို့ ကြိုတင်ဟန့်တားခဲ့လင့်ကစား မြို့နယ်တချို့တွင် နေအိမ်အတွင်း ညဘက် သံပုံးတီးသည့်နည်းဖြင့် စစ်တပ်အာဏာသိမ်းထားခြင်းကို လက်မခံနိုင်ကြောင်း ပြသခဲ့ကြသည်။

လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲအကြောင်း သတင်းမျှဝေသည့် ပြည်သူအချို့ကိုလည်း ဖမ်းဆီးခဲ့သည်ဟု စစ်ကောင်စီ၏ဝါဒဖြန့်သတင်းများတွင် ဖော်ပြခဲ့သည်။ 

စစ်ကောင်စီသည် ပြီးခဲ့သည့်နှစ်အတွင်းက ပြုလုပ်ခဲ့သော အသံတိတ်သပိတ်လှုပ်ရှားမှုများတွင်လည်း ပါဝင်သော ပြည်သူများကို ဖမ်းဆီးကာ ပုဒ်မကြီးများဖြင့် အရေးယူခြင်း၊ ပစ္စည်းများဖျက်ဆီးခြင်း၊ လူမှုကွန်ရက်တွင်မျှဝေသူ ရာနှင့်ချီကို ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။

ဆန္ဒပြပွဲအနည်းငယ်ကိုမူ စစ်ကောင်စီက နယ်မြေရှင်းလင်းပြီး လုံခြုံရေးပေးလေ့ရှိသည်။

ဇူလိုင် ၂၉ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် လူအုပ်ကြီးတစ်ခုက စစ်ကောင်စီ စီစဉ်သည့် အင်းစိန်ထောင်တွင်းကွပ်မျက်မှုကို ထောက်ခံဆန္ဒပြကြသည်။

လူရမ်းကားများ၊ စစ်တပ်ထောက်ခံသည်ဟု ကြွေးကြော်လေ့ရှိသူများ ပါဝင်သည့် ထိုလူစုလူဝေးမှု အဆင်ပြေစေရေးအတွက် စစ်ကောင်စီတပ်က အကြီးအကျယ် ကြိုတင်ပြင်ဆင်ခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

Show More

Related Articles

Back to top button