သတင်း

မြိုင်မြို့နယ် ကျောက်ဆောက်ရွာတွင် စစ်တပ်က မီးရှို့

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ဆောက်ရွာတွင် စစ်တပ်က ယနေ့ (ဇူလိုင် ၂၈) နံနက်ပိုင်းတွင် မီးရှို့နေကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။​

မြို့အရှေ့တောင်ဘက် ပခုက္ကူ – မြိုင်ကားလမ်းမပေါ်ရှိ ထိုရွာအနီးတစ်ဝိုက်တွင် ၂၆ ရက်နေ့မှစ၍ တိုက်ပွဲဖြစ်နေပြီး၊ ယနေ့ နံနက်ပိုင်းတွင် မီးရှို့နေခြင်းဖြစ်ကြောင်း မြိုင် PDF မှ တပ်ရင်းမှူးတစ်ဦးဖြစ်သူ ဗိုလ်လက်ယာက ပြောသည်။

“ကျွန်တော်တို့နဲ့ ထိတွေ့မှုဖြစ်ရင် ဒီကောင်တွေက ထိခိုက်မှုမရှိရင် ဘာမှလုပ်မသွားဘူး။ ထိခိုက်မှုရှိရင် ရွာမီးရှို့တော့တာပဲ။ … (အိမ်) နှစ်လုံးလောက် ပါသွားတယ်လို့ပဲ သိရသေးတယ်။ လောလောဆယ် ကပ်မရသေးတော့ အဝေးကနေပဲ မြင်ရတာ” ဟု ၎င်းက ပြောသည်။​

ကျောက်ဆောက်ရွာအနီး စစ်တပ်ရှိနေဆဲဖြစ်ကာ အနီးဝန်းကျင်ကျေးရွာမှ ဒေသခံများလည်း ထွက်ပြေး တိမ်းရှောင်နေရသဖြင့် မီးလောင်ပျက်စီးမှု အခြေအနေအသေးစိတ် မသိရသေးဟု ဆိုသည်။​

ယမန်နေ့က ကျောက်ဆောက်ရွာအနီး တိုက်ပွဲဖြစ်စဉ် PDF တပ်ဖွဲ့ဝင်နှစ်ဦး အဖမ်းခံရပြီး ၎င်းတို့ကို စစ်တပ်က နေရာမှာပင် သတ်ဖြတ်ခဲ့ကြောင်းလည်း သိရသည်။

ထို PDF အဖွဲ့ဝင်နှစ်ဦးမှာ စစ်တပ်က စစ်ကြောင်းနှစ်ကြောင်းခွဲကာ ဝိုင်းဝန်းပိတ်ဆို့ထားစဉ် အဖမ်းခံရခြင်း ဖြစ်ပြီး ပါးစပ်ထဲ သေနတ်ပြောင်းထည့်၍ ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဗိုလ်လက်ယာက ပြောသည်။​

“နှစ်ယောက်က ပိတ်မိသွားတာ။ ထွက်မရတော့ မိုင်းခွဲလိုက်ကြတယ်။ စစ်ကြောင်းကြားထဲ ရောက်သွားချိန် မိသွားတော့ ပါးစပ်ထဲ တေ့ပစ်သွားတယ်” ဟု ၎င်းက ပြောသည်။

သတ်ဖြတ်ခံရသူနှစ်ဦးမှာ အသက် ၂၀ ဝန်းကျင် လူငယ်များဖြစ်ကြောင်း၊ မိသားစုဝင်များ၏ လုံခြုံရေးအရ အမည်ကို ထုတ်ဖော်ပြောဆိုလိုခြင်း မရှိကြောင်း ဗိုလ်လက်ယာက ဆိုသည်။​

သုံးရက်ကြာ ဖြစ်ပွားနေသည့် ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်ကြောင်းလည်း ၎င်းက ပြောသည်။​

မကွေးတိုင်းအနောက်မြောက်ဘက် အစွန်ဆုံးရှိ မြိုင်နှင့် ထိစပ်နေသည့် ပေါက်မြို့နယ်တွင်လည်း ယမန်နေ့၌ စစ်တပ်က ကျေးရွာတစ်ခုကို ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးနေသည်ဟု သိရသည်။

ပေါက်မြို့တောင်ဘက် ၅ မိုင်အကွာရှိ ကျားပစ်ကန်ရွာကို ယမန်နေ့ နံနက်ပိုင်းတွင် စစ်တပ်က အင်အား ၇၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းပြီး ယနေ့ ရွာကို မီးရှို့နေခြင်းဖြစ်သည်ဟု ပေါက် PDF တာဝန်ရှိသူက ပြောသည်။

ယမန်နေ့က ရွာကိုဝင်စီးစဉ် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်ငါးနှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ပြီး မိသားစုဝင်များလည်း ထိခိုက်ဒဏ်ရာရသည်ဟု သိရသည်။

ထိုဒေသတိုက်ပွဲများနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိပေ။ မီးရှို့မှုများနှင့် ပတ်သက်လျှင်လည်း ငြင်းလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button