သတင်း

စစ်ကောင်စီ၏ သေဒဏ်စီရင်မှု ကုလလုံခြုံရေးကောင်စီ တညီတညွတ်တည်းကန့်ကွက် 

နိုင်ငံရေးအကျဉ်းသားလေးဦးကို ကွပ်မျက်သည့် အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ရပ်ကို တရုတ်နှင့် ရုရှားအပါအဝင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံအားလုံးက ကန့်ကွက်ရှုတ်ချလိုက်ပြီး အကြမ်းဖက်မှုမှန်သမျှ ချက်ချင်းရပ်တန့်ရန်၊​ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို အပြည့်အဝ လေးစား လိုက်နာရန် တောင်းဆိုလိုက်သည်။

သေဒဏ်ချမှတ်ခြင်းကို ပြန်လည်စဉ်းစားရန် အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများက မေတ္တာရပ်ခံခဲ့ပြီးနောက် စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားလေးဦးကို ကြိုးပေးကွပ်မျက်ခဲ့ခြင်းဖြစ်သည်ဟုလည်း အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကုလလုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီသည် အာဆီယံဘုံသဘောတူညီချက်များ အကောင်အထည်ဖော်ရေး အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ ကြိုးပမ်းမှုများကို ထောက်ခံဆောင်ရွက်လိုသည့် ဆန္ဒလုံးဝမရှိကြောင်း ဖော်ပြရာရောက်သည်ဟုလည်း ဆိုသည်။

“သေဒဏ်စီရင်မှုက အာဆီယံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ငြင်းပယ်လိုက်ခြင်းဖြစ်သည်”

သေဒဏ်ချမှတ်ခံထားရသည့် ထင်းရှားသည့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ လှိုင်သာယာမြို့နယ်မှ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်ပြီးဖြစ်ကြောင်း စစ်ကောင်စီက လွန်ခဲ့သည့် တနင်္လာနေ့တွင် သတင်းပြန်ခဲ့သည်။

ထိုနိုင်ငံရေးအကျဉ်းသားလေးဦးကို စစ်ကောင်စီက စစ်ခုံရုံးဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကာ ခုခံချေပခွင့် မရရှိခဲ့သည့်အပြင် စီရင်ပြီးနောက် အလောင်းကိုပင် မိသားစုဝင်များ ပြန်လည် မရရှိခဲ့ပေ။

အကျည်းတန်လွန်းလှသော ကြိုးပေးကွပ်မျက်ခြင်းကို ကန့်ကွက်ရှုတ်ချကြောင်း၊ စစ်ခေါင်းဆောင်များနှင့် အတိုက်အခံများကြား တွေ့ဆုံဆွေးနွေးရေး ကြိုးပမ်းမှုများ နောက်ဆုတ်သွားရသည်ဟု အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်ကလည်း ထုတ်ပြန်ထားသည်။​

မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေနှင့် တည်ငြိမ်ရေး ပြန်လည်ဖော်ဆောင်ရန် အာဆီယံဘုံသဘောတူညီချက်ပါ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးညှိနှိုင်းရန် အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ပြီး ကမ္ဘောဒီးယားနိုင်ငံက ကြိုးပမ်းနေခြင်းဖြစ်သည်။

သို့သော် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် မြန်မာနိုင်ငံသို့ နှစ်ကြိမ်တိုင်သွားရောက်ပြီးဖြစ်သော်လည်း တစ်စုံတစ်ရာ အောင်မြင်မှု မရရှိခဲ့ပေ။

ပြီးခဲ့သည့်နှစ် ဧပြီလတွင် ချမှတ်ခဲ့သော အာဆီယံဘုံသဘောတူညီချက်ကို စစ်ကောင်စီက အစပိုင်းတွင် လက်ခံခဲ့သော်လည်း လက်တွေ့အကောင်အထည်ဖော်ခြင်း မရှိကြောင်း၊ မြန်မာနိုင်ငံ၏ အခြေအနေမှာ ပြည်တွင်းစစ်တစ်ခုအသွင် ဖြစ်ပွားလာနေသည်ဟု ကုလဆိုင်ရာ ကျွမ်းကျင်သူတချို့က သုံးသပ်သည်။

နိုင်ငံရေးအကျဉ်းသားလေးဦးကို ကွပ်မျက်စီရင်မှုသည် လူသားတဦး၏ အသက်ရှင်ပိုင်ခွင့်၊ လွတ်လပ်မှုနှင့် လုံခြုံမှုတို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်မှုအဖြစ် ရှု့မြင်ကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ် Noeleen Heyzer က ပြောဆိုသည်။ 

မြန်မာ၏ အကြီးမားဆုံး ကုန်သွယ်ဖက် အိမ်နီးချင်း တရုတ်နိုင်ငံက အာဆီယံဥက္ကဋ္ဌကြေညာချက်နှင့် ကိုက်ညီသော လုံခြုံရေးကောင်စီ၏ ရပ်တည်ချက်ကို ကြိုဆိုသည်ဟု သိရသည်။

ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကောင်စီ၏ ကြေငြာချက်တွင် “အထူးအ‌ရေးကြီးသည့်အချက်” အဖြစ် အကြမ်းဖက်မှုများအားလုံး ချက်ချင်းရပ်တန့်ရန် တောင်းဆိုမှုကို ရည်ညွှန်းပြောဆိုရာတွင် အခြေခံအဆောက်အအုံ ကျန်းမာရေးနှင့် ပညာရေးအဆောက်အအုံများကို တိုက်ခိုက်မှုများလည်း ပါဝင်သည်ဟု ပြောဆိုခဲ့သည်။

“ဤကြေညာချက်က မည်သူက မည်သည့်နေရာတွင် ကျူးလွန်သည်ဖြစ်စေ တရားသည်ဟု ခုခံချေပနိုင်ခြင်းမရှိသော အကြမ်းဖက်မှုအားလုံးကို လုံခြုံရေးကောင်စီက ကန့်ကွက်ကြောင်း အခိုင်အမာ အချက်ပြလိုက်ခြင်းဖြစ်သည်” ဟု တရုတ်သံအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ကုလလုံခြုံရေးကောင်စီ၏ သတင်းစကားကို သက်ဆိုင်သူအားလုံး ဂရုပြုအလေးထားလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button