ယမန်နေ့က မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းမြို့နယ်အတွင်း ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်တချို့ အဖမ်းခံရသည့် နေရာဝန်းကျင်ကို ယနေ့ (ဇူလိုင် ၂၇) တွင် စစ်ကောင်စီက ကုန်းကြောင်း၊ ရေကြောင်းမှ ထိုးစစ်ဆင်နေသည်။
ယမန်နေ့ နံနက် ၁၁ နာရီတွင် စစ်ကိုင်းဘက်မှ ကြွယ်ပုံရွာဘက်သို့ ဦးတည်လာသည့် မော်တော်ယာဉ်တစ်စီးကို ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်း တိုက်ခိုက်ပြီးနောက် ဒေသတွင်း ပျူစောထီးဒုခေါင်းဆောင်နှင့် ခရီးသည် ၁၄ ဦးကို ဖမ်းဆီးခြင်း ဖြစ်သည်။
ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် စစ်ကိုင်းမြို့နယ် မူးမြစ်ကမ်းအနီးရှိ တလိုင်းကျွန်း၊ မူးသာ၊ မန်ကျည်းကုန်း၊ ကျောက်ဖျာ၊ နယ်မြေဆက်သည့် မြင်းမူမြို့နယ်မှ အင်းမနှင့် မူးမန္တလေးရွာတို့ တိုက်ခိုက်ခံရကြောင်း ဒေသတွင်း သတင်းရင်းမြစ် ၃ ဦးက အတည်ပြုသည်။
စစ်ရဟတ်ယာဉ်နှစ်စီး တစ်နာရီနီးပါးကြာ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံတို့ ထွက်ပြေးနေကြပြီး ပြည်သူနှင့် အိုးအိမ် ထိခိုက်မှုအခြေအနေကို မသိရသေးဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“မူးမန္တလေး (ရွာ) ကိုတော့ လက်နက်ကြီးပါကျတာ။ လေကြောင်းကနေချတဲ့ လက်နက်ကြီးတွေ။ တစ်ခါတလေကျ စက်သေနတ်နဲ့ ပစ်လိုက်။ လက်နက်ကြီးနဲ့ အုန်းအုန်းဆို ပစ်လိုက်နဲ့။ အပေါ်ကပဲ ပစ်တာ။ အောက်က စစ်ကြောင်းထိုးရုံထိုးတာ” ဟု ထိုအမျိုးသားက ပြောသည်။
ထို့ပြင် မူးမန္တလေးရွာအနီးဟု ခန့်မှန်းရသည့် နေရာတွင် ရဟတ်ယာဉ် ၃ စီးပေါ်မှ စစ်သားများ ဆင်းလာသည်ကို အဝေးမှ တွေ့မြင်ရကြောင်း၊ စစ်ကိုင်းမြို့နယ် ဆားတောင်ဘက်မှ စစ်ကား ၂ စီး သာဇင်ရွာဘက်သို့ ထွက်ခွာလာကြောင်း ဒေသတွင်း သတင်းရင်းမြစ် ၃ ခုထံမှ သိရသည်။
မြေပြင်တွင် စစ်ကောင်စီတပ်က ၂ နေရာခွဲပြီး လာနေသည်ဟု သတင်းရကြောင်း မြင်းမူမှ တော်လှန်ရေးခေါင်းဆောင်တစ်ဦးက ပြောသည်။
“အခုညနေ ၄ နာရီလောက်မှာ တလိုင်းကျွန်းဘက်ကို လက်နက်ကြီးနဲ့ ထုနေတယ်။ တလိုင်းကျွန်းရွာထဲကနေလည်း မီးခိုးလုံးတွေထွက်နေတယ်။ ညောင်ပင်ရှည်မှာ တစ်ဖွဲ့။ မူးမန္တလေးမှာ တစ်ဖွဲ့ရှိတယ်” ဟု သူက ညနေ ၄ နာရီခွဲတွင်ပြောသည်။
ဖမ်းဆီးထားသူများထဲတွင် ပျူစောထီးတပ်ဖွဲ့ဝင် မည်မျှပါသည်၊ မည်သည့်နေရာသို့ ပို့ဆောင်ထားသည့် စသည့် နောက်ဆက်တွဲအခြေအနေကို မသိရသေးပေ။
သို့သော် အသက်မပြည့်သေးသူ ၅ ဦး၊ အသက် ၇၀ ကျော် တစ်ဦး၊ အမျိုးသမီး ၄ ဦးတို့ကို ပြန်လွှတ်ပေးခဲ့ကြောင်း PDF နှင့် နီးစပ်သူက ပြောသည်။
ထိုအထဲမှ အမျိုးသမီးတစ်ဦးမှာ လုပ်ငန်းခွင်ဝင်နေဆဲ ကျောင်းဆရာမဖြစ်သည်ဟု သူက ဆက်ပြောသည်။
“ပျူခေါင်းဆောင်ကတော့ ဖမ်းထားတုန်းပဲ။ အဲဒါနဲ့ပတ်သက်ပြီး ထိုးစစ်ဆင်တယ် ထင်တယ်” ဟု ၎င်းက ဆိုသည်။
စစ်တပ်က ဝေဟင်၊ မြေပြင်မှ ပစ်ခတ်ပြီး ဝင်ရောက်လာခြင်းကြောင့် မူးမြစ်ကမ်းဘေးရှိ ညောင်ပင်ရှည်၊ မူးမန်းလေး၊ မူးသာ၊ အင်းမ၊ တလိုင်းကျွန်း၊ မန်ကျည်းကုန်းနှင့် အနီးအနားကျေးရွာများမှ ဒေသခံ ရာနှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေရသည်ဟု အထက်ပါ သတင်းရင်းမြစ်များက ပြောသည်။
လက်ရှိတွင် မူးမြစ်နှင့် ချောင်းလက်တက်များ၌ ရေတက်ချိန်ဖြစ်၍ ဒေသခံတို့ တိမ်းရှောင်ရာတွင် အခက်တွေ့နေသည်ဟု ၎င်းတို့ထံမှ သိရသည်။
အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။
အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ချိန်တွင် ရှိရင်းစွဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အခြေစိုက်ရာ ပြည်နယ်များတွင်သာမက ဗမာအများစုနေထိုင်ရာ နိုင်ငံအလယ်ပိုင်းရှိ တိုင်းများတွင်ပင် လက်နက်ကိုင် ခုခံမှုများဖြင့် စစ်ကောင်စီ ရင်ဆိုင်နေရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)