သတင်း

တောင်ငူတွင် ပျူစောထီးခေါင်းဆောင်ဟု အမည်ထွက်သူ ပစ်သတ်ခံရ

နိုင်ငံရေးအကျဉ်းသားများကို စစ်ကောင်စီက ကြိုးမိန့်ပေးကွပ်မျက်မှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် ယမန်နေ့ (ဇူလိုင် ၂၆) တွင် ပျူစောထီးခေါင်းဆောင်ဟု အမည်ထွက်သူတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပဲခူးတိုင်း၊ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

ပျူစောထီးခေါင်းဆောင်ဟု အမည်ထွက်နေသူ လင်းယုန်ကြီး (ခ) အောင်ဇော်ဦးဆိုသူမှာ ကေတုမတီမြို့ သစ်၊ တပင်ရွှေထီးရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း၊ ကားဖြင့် ပြန်လာသည့် ၎င်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီကျော်ခန့်က တောင်ငူမြို့အနောက်ဘက် လဲဘူးကျေးရွာအနီးတွင် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း PDF အဖွဲ့ဝင်က ဆိုသည်။​

“ပထမဆုံး နှစ်ချက် ပစ်လိုက်တယ်။ ဒီကောင်က မေ့ပြီး လီဗာကို နင်းလိုက်တဲ့အချိန် ကားက သစ်ပင်ကို ဝင်တိုက်ပြီး မြောင်းထဲ ပြုတ်ကျသွားတယ်။ အဲဒီအချိန်မှာ မသေချာမှာစိုးလို့ တစ်ချက် ထပ်ပစ်လိုက်တယ်” ဟု ထို PDF အဖွဲ့ဝင်က ပြောသည်။

အသက် ၅၀ ကျော်အရွယ် ဦးအောင်ဇော်ဦးမှာ လေတပ်မှ အငြိမ်းစားယူထားသူဖြစ်ကြောင်း၊​ ဆက်ကြေးကောက်ခံ၍ မိုက်ကြေးခွဲနေသူဖြစ်ကာ တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ လူယုံတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။​

အထက်ပါ အချက်အလက်များနှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။ 

ပျူစောထီးအဖွဲ့ကို ၎င်းတို့ဖွဲ့စည်းပေးထားခြင်း မရှိကြောင်း ယမန်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုသည်။​

စစ်တပ်က ဆန့်ကျင်တော်လှန်သူများကို လိုက်လံနှိမ်နင်းရာတွင် ၎င်းတို့ကို ထောက်ခံသူများကို အရပ်ဝတ်ဖြင့် လက်နက်တပ်ဆင်ပေးကာ ပြည်သူ့စစ်အမည်ခံ ဖွဲ့စည်းထားသူများကို ပျူစောထီးဟု ခေါ်ဝေါ်လေ့ရှိသည်။

နိုင်ငံရေးအကျဉ်းသားများကို စစ်ကောင်စီက ကြိုးမိန့်ပေးကွပ်မျက်သည်ကို လက်တုံ့ပြန်သောအားဖြင့် တောင်ငူရှိ ပျူစောထီးခေါင်းဆောင်ကို ရှင်းလင်းခြင်းဖြစ်ကြောင်းလည်း PDF အဖွဲ့က ပြောသည်။

သေဆုံးသူ လင်းယုန်ကြီး (ခ) အောင်ဇော်ဦး၏ ရုပ်အလောင်းအား ဇူလိုင် ၂၆ က အခင်းဖြစ်ရာနေရာအနီး တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့) 
 

“ဒီကောင်တွေရဲ့လုပ်ရပ်က မတရားမှုကို ဆိုးဆိုးရွားရွား ဖြစ်လာတယ်ဗျ။ သူတို့ ကိုယ်ပိုင်ဥပဒေနဲ့ လုပ်ချသွားတယ်။ သေဒဏ်အမိန့်ပေးတာတို့ ထောင်ဒဏ်ချတာတို့ ဒါတွေကတော့ မတရားမှုတွေပေါ့” 

ထင်ရှားသည့် နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်သည့် ဦးဖြိုးဇေယျာသော်နှင့် အခြားနိုင်ငံရေးအကျဉ်းသားနှစ်ဦးကို သေဒဏ်စီရင်ပြီးဖြစ်ကြောင်း စစ်ကောင်စီက ဇူလိုင် ၂၅ တွင် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်သည်။ 

ယမန်နေ့က တောင်ငူတွင် ဒလန်ဟု နာမည်ထွက်သူတစ်ဦး အသတ်ခံရသည်ကို ကြားရကြောင်း၊ ယမန်နေ့ ညပိုင်းအထိ စစ်တပ်က အချို့နေရာများတွင် လိုက်လံရှာဖွေနေကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“မနေ့က ဒလန်လင်းယုန်ကြီး အသတ်ခံရတယ်။ ညက တချို့နေရာတွေ လိုက်ရှာကြတယ်။ ဒီမနက်ကတော့ တစ်မြို့လုံး ပတ်ကြည့်ပြီးပြီ။ ပုံမှန်ပါပဲ” ဟု တောင်ငူမြို့ခံက ပြောသည်။

နိုင်ငံတကာက အပြင်းအထန် ဖိအားပေး တိုက်တွန်းနေသည့်ကြားမှ လက်တွေ့သေဒဏ်စီရင်သည့် စစ်ကောင်စီ၏ လုပ်ရပ်အပေါ် နိုင်ငံတကာရှိ အစိုးရများနှင့် အဖွဲ့အစည်းများက ရှုတ်ချထားသည်။

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားလေးဦးကို သေဒဏ်စီရင်ပြီးနောက် ရန်ကုန် အင်းစိန်ထောင်နှင့် မန္တလေး အိုးဘိုထောင်တို့တွင် မငြိမ်မသက်မှုများ ဖြစ်ပေါ်ခဲ့ကာ မြို့ပြပြောက်ကျားအဖွဲ့များကလည်း လက်တုံ့ပြန်တိုက်ခိုက်ခြင်းများ ပြုလုပ်မည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button