သတင်း

အင်းစိန်ထောင်ရှိ သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသားများကို နေရာပြောင်းရွှေ့

ရန်ကုန် အင်းစိန်ဗဟိုအကျဉ်းထောင်ရှိ သေဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားများကို သီးသန့်ခွဲထုတ်ကာ နေရာပြောင်းရွှေ့လိုက်ကြောင်း ထောင်အဝင်အထွက်ရှိသူများထံမှ သိရသည်။ 

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင်ပြီးနောက် ထိုသို့ ရုတ်တရက် နေရာပြောင်းရွှေ့လိုက်ခြင်းအပေါ် ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများ စိုးရိမ်နေကြသည်ဟု သိရသည်။

“သူတို့ကိုလည်း ဆက်ပြီး သေဒဏ်စီရင်မလားဆိုတာကို စိုးရိမ်တယ်” ဟု ထောင်အဝင်အထွက်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

စာရင်းအတိအကျ မသိရသော်လည်း ရန်ကုန် အင်းစိန်ထောင်၌ သေဒဏ်ချမှတ်ခံထားရသူ ၄၁ ဦးရှိပြီး လွန်ခဲ့သည့် တနင်္လာနေ့ (ဇူလိုင် ၂၅) က အမျိုးသမီးအကျဉ်းသားအရေအတွက် လာရောက်ကောက်ယူသွားကြောင်းလည်း အမျိုးသမီးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။​

စစ်ခုံးရုံးဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူများတွင် သေဒဏ် နှစ်ကြိမ်သုံးကြိမ် ချမှတ်ခံရသူများလည်း ပါဝင်သည်ဟု အင်းစိန်ထောင် အဝင်အထွက်ရှိသည့် အထက်ပါ အမျိုးသမီးက ပြောသည်။ 

“ကျွန်မအသိထဲမှာ ညမထွက်ရအမိန့် ကြေညာထားတဲ့ မြို့တွေက သေဒဏ် နှစ်ကြိမ် သုံးကြိမ်ကျခံနေရသူတွေလည်း ပါတယ်။ သူတို့ကို စိတ်ပူတယ်၊ ပိုဆိုးတာက သေဒဏ်ကျခံရသူတွေက အပြင်နဲ့ လုံးဝ အဆက်အသွယ်ပြတ်သွားပြီ” ဟု ၎င်းက ပြောသည်။​

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇူလိုင် ၂၂ ရက်ထုတ်ပြန်ချက်အရ သေဒဏ်ချမှတ်ခံရသူ ၁၁၇ ဦးရှိသည်။ ထိုအထဲတွင် အသက် ၁၈ နှစ် မပြည့်သေးသူ နှစ်ဦးပါဝင်ပြီး ၄၁ ဦး မှာ မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူများဖြစ်သည်။ 

ထိုသေဒဏ် ချမှတ်ခံထားရသူများအနက် ​ထင်ရှားသည့် နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ လှိုင်သာယာမြို့နယ်မှ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ လေးဦးကို သေဒဏ်စီရင်ပြီးကြောင်း စစ်ကောင်စီက တနင်္လာနေ့တွင် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

ထိုနေ့တွင် မိသားစုဝင်များက အင်းစိန်ထောင် သွားရောက်စုံစမ်းရာတွင် သေဒဏ်စီရင်ပြီးပြီဖြစ်ကြောင်း၊ အလောင်းထုတ်မပေးနိုင်ကြောင်း ထောင်အာဏာပိုင်များက တုံ့ပြန်ခဲ့သည်။

ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်၏ မိသားစုဝင်များကို သောကြာနေ့တွင်လည်းကောင်း၊ ကိုအောင်သူရဇော်၏ မိသားစုဝင်ကို စနေနေ့တွင်လည်းကောင်း ထောင်အာဏာပိုင်များက အင်းစိန်ထောင်သို့ ခေါ်ယူတွေ့ဆုံစေခဲ့သော်လည်း သေဒဏ်စီရင်မည့်အကြောင်း အသိပေးခြင်း မရှိဟု မိသားစုဝင်များက ထုတ်ဖော်ပြောဆိုထားသည်။

သေဒဏ်စီရင်ခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီက ရှင်းရှင်းလင်းလင်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ ယမန်နေ့က နေပြည်တော်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်မူ ထိုက်သင့်သည့် ပြစ်ဒဏ်ပေးခြင်းသာဖြစ်ကြောင်း၊ အလောင်းထုတ်မပေးခြင်းမှာ ထောင်အာဏာပိုင်များ၏ ဆုံးဖြတ်ချက်သာဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောဆိုသည်။

နိုင်ငံတကာက အပြင်းအထန် ဖိအားပေး တိုက်တွန်းနေသည့်ကြားမှ လက်တွေ့ သေဒဏ်စီရင်သည့် စစ် ကောင်စီ၏ လုပ်ရပ်အပေါ်  ကမ္ဘာတစ်ဝန်းရှိ အစိုးရများနှင့် အဖွဲ့အစည်းများက ရှုတ်ချထားသည်။

ရာဇဝတ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ စီရင်ခြင်းဖြစ်ပြီး၊ ပြည်ပနိုင်ငံများ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်ချက်ဖြင့် တုံ့ပြန်ထားသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button