သတင်း

ကွပ်မျက်မှု သတင်းကြောင့် မန္တလေးအိုးဘိုထောင်တွင် မငြိမ်မသက်ဖြစ် 

နိုင်ငံရေးအကျဉ်းသား ၄ ဦးကို စစ်ကောင်စီက သေဒဏ်ပေးကွပ်မျက်လိုက်သည့် သတင်းကြောင့် ယမန်နေ့ညက မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်အတွင်း မငြိမ်မသက်ဖြစ်ပွားခဲ့ရာ ယနေ့ (ဇူလိုင် ၂၆) တွင်လည်း အကျဉ်းထောင်ဝန်းကျင်၌ လုံခြုံရေးတင်းကျပ်ထားကြောင်း မြို့ခံများထံမှ သိရသည်။

ည ၉ နာရီခန့်တွင် ထောင်အတွင်းမှ ကြွေးကြော်သံများထွက်ပေါ်လာသည်ကို ကြားရပြီး သေနတ်သံ ၂ ချက် ထွက်လာကြောင်း အကျဉ်းထောင်အနီး နေထိုင်သူတစ်ဦးက Myanmar Now ကို ပြောသည်။

“သဲသဲကွဲကွဲတော့ မကြားရဘူး။ တစ်ခုခုကို ကြွေးကြော်အော်ဟစ်နေပုံပဲ။ ဆူပူတာ သေချာတယ်။ နောက် သေနတ်သံ နှစ်ချက်ကြားရတယ်။ အဲဒီနောက် တိတ်သွားတာပဲ” ဟု ၎င်းက ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနှင့် NLD လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို စစ်ကောင်စီက ကွပ်မျက်လိုက်ကြောင်း ယမန်နေ့က သတင်းစာများမှတစ်ဆင့် စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီးနောက် ရန်ကုန်နှင့် မန္တလေးတွင် ထောင်ဆူပူမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ 

ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း ယမန်နေ့က ဆူပူမှုများဖြစ်ပေါ်ခဲ့ရာ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးထက်မနည်း ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံရသလို စစ်တပ်အရာရှိများပါ ရောက်ရှိလာကာ ထောင်ကို အဝင်အထွက် ပိုမို ကန့်သတ်လိုက်သည်။ 

မန္တလေးမြို့တွင် ယမန်နေ့ညပိုင်းမှစ၍ လုံခြုံရေးအထူးတင်းကျပ်ခဲ့ပြီး အိုးဘိုထောင်ကိုလည်း စစ်ကောင်စီတပ်သားအများအပြား ရောက်လာကြောင်း အထက်ပါသတင်းရင်းမြစ်က ဆက်ပြောသည်။

“အဓိကတော့ ရန်ကုန်လို ထောင်ဆူမှာစိုးလို့ သူတို့အင်အားတွေ ချထားတယ်။ ပုံမှန်ဆို ထောင်ရှေ့မှာအထိ အစောင့်အကြပ်တွေ မရှိဘူး။ ညကတော့ စစ်သား ၁၅ ဦးလောက် အသင့်အနေအထားရှိတယ်။ ပြီးတော့ ကင်းပုန်းတွေလည်း ရှိတယ်” ဟု ထိုသူက ဆိုသည်။ 

သေဒဏ်ချမှတ်ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး လက်တုံ့ပြန်သည့်အနေဖြင့် ယမန်နေ့ ည ၈ နာရီခန့်က အမရပူရမြို့နယ်၊ တောင်သမန်အင်းဘေးရှိ စစ်တပ်ကို မန္တလေးမြို့ပြပြောက်ကျားအဖွဲ့များက ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း Anonymous Force Mandalay(AFM) အဖွဲ့က သတင်းထုတ်ပြန်သည်။

အလားတူ ယမန်နေ့ ညနေမှာပင် အင်းစိန်ထောင်ဂိတ်ပေါက်ဝကို Yangon Ghost Ranger Force အဖွဲ့က သွားရောက် ပစ်ခတ်ခဲ့ကြောင်း အွန်လိုင်းသတင်းတချို့တွင် ဖော်ပြထားသည်။

ယမန်နေ့ညက မန္တလေးမြို့ နေရာအများအပြားတွင် စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်သလို လမ်းသွားလမ်းလာများကို စစ်ဆေး ရှာဖွေကြောင်း၊ လမ်းတွင် တားဆီးစဉ် ရပ်တန့်ခြင်းမရှိသည့် ဆိုင်ကယ်နှင့် ကားများကို ပစ်ခတ်ကြောင်း၊  ဖမ်းဆီးခံရသူများရှိကြောင်း သိရသည်။

ဇူလိုင် ၁၃ တွင်လည်း အိုးဘိုအကျဉ်းထောင် ထောင်ဝင်စာပို့သည့်နေရာအနီး ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ သေနတ်ပစ်ဖောက်မှု ဖြစ်ပေါ်ခဲ့သည်။

အိုးဘိုရှိ ထောင်အာဏာပိုင်များနှင့် နိုင်ငံရေးအကျဉ်းသားများ မကြာခဏပြသနာဖြစ်ပွားလေ့ရှိပြီး ထောင်ဝန်ထမ်းများက သေနတ်ပစ်ဖောက်၍ ခြိမ်းခြောက်တတ်ကြောင်း နိုင်ကျဉ်းမိသားစုများထံမှ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button