သတင်း

ထောင်၂ နှစ်ချခံရသည့် မန်းစည်ပင် ဦးကျော်ဇေယျ တယ်လီဖုန်း ပြန်မရ

မန္တလေးတိုင်း စည်ပင်သာယာရေး ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးကျော်ဇေယျကို မန္တလေး အိုးဘိုထောင်တွင်းတရားရုံးက ဇူလိုင် ၂၀ တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်။

နိုင်ငံတော် ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ၅၀၅(ခ) ဖြင့် ထောင်ချခြင်း ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“နောက်ထပ်ရင်ဆိုင်စရာအမှုမရှိပါဘူး။ အမိန့်ချတာတော့ ရုံးထဲကို မိသားစုတောင် ဝင်ခွင့်မရဘူး” ဟု သူက ပြောသည်။

အသက် ၄၃ နှစ်အရွယ် ဦးကျော်ဇေယျသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မန္တလေးခရိုင် အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ နိုင်ငံတော်အာဏာကို စစ်တပ်က သိမ်းယူအပြီး တစ်ပတ်အကြာ ဖေဖော်ဝါရီ ၈ ညသန်းခေါင်တွင် စစ်ကောင်စီတပ်သား ၃၀ ခန့်က ချမ်းအေးသာစံမြို့နယ်အတွင်းရှိ နေအိမ်အနီး ကင်းပုန်းများချကာ ဖမ်းဆီးခြင်းဖြစ်သည်ဟု အိမ်နီးချင်းတစ်ဦးက ပြောသည်။

“အဲဒီတုန်းက အိမ်တံခါးခေါက်ပြီး စစ်မေးစရာရှိတယ်ဆိုပြီး ခေါ်သွားတယ်။ အကြမ်းဖက်ရိုက်နှက်တာမျိုးတော့ မလုပ်ဘူး။ လာဖမ်းတဲ့ အင်အားတော့ တော်တော်များတယ်” ဟု ထိုအိမ်နီးချင်းက ပြောသည်။

ဦးကျော်ဇေယျသည် ကျန်းမာရေးမကောင်းသည့်အတွက် လိုအပ်သည့် ဆေးဝါးများကို ထောင်တွင်းသို့ အပတ်စဉ် ပေးပို့နေရကြောင်း မိသားစုနီးစပ်သူတစ်ဦးက ပြောသည်။

“ကျန်းမာရေးက ပုံမှန်ဆေးသောက်နေရတယ်။ ဆေးရုံတက် ကုသရတာမျိုးတော့ မဟုတ်ဘူး၊ သူက သွေးတိုးနဲ့ ကုပ်ကျီးပေါင်းရှိတယ်” ဟုလည်း ပြောသည်။ 

“မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ တစ်ခန်းထဲ အတူနေရတယ်၊ ဆရာဇော်လည်း ရုံးထုတ်လာတော့ ပိန်သွားတယ်၊ ကျန်းမာရေးကတော့ ကောင်းတယ်” ဟုလည်း သူက ဆက်ပြောသည်။ 

ထောင်ချကြောင်း တရားသူကြီးက ပြောသောအခါ ဦးကျော်ဇေယျက ဖမ်းဆီးခံရစဉ်က သိမ်းယူထားသော လက်ကိုင်ဖုန်းကို ပြန်တောင်းခဲ့သည်ဟု သိရကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။ 

“ဖမ်းတုန်းက သိမ်းသွားတယ်၊ တရားသူကြီးကတော့ တရားရုံးကသိမ်းတာ မဟုတ်တဲ့အတွက် မရဘူးတဲ့၊ ဖမ်းတုန်းကပါတဲ့ ဒုဗိုလ်မှူးက သိမ်းတယ်ပြောတယ်” ဟု သူက ဆိုသည်။

ဖုန်းယူသွားသည့် စစ်အရာရှိတို့၏ အမည်များကို မသိရသေးပေ။

စစ်ကောင်စီတပ် လက်နက်ကိုင်တို့က အရပ်သားတို့၏ ပိုင်ဆိုင်မှုများကို ဖျက်ဆီး၊ သိမ်းယူသည်ဟူသည့် ဖြစ်စဉ်များကို ဒေသအသီးသီးတွင် တွေ့နိုင်သည်။

စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုများ မထူးဆန်းတော့သည့် ယနေ့အချိန်တွင် လုယက်မှု၊ ဖျက်ဆီးမှုများသည်လည်း စစ်ကောင်စီတပ်၏ ပုံမှန်လုပ်ငန်း ဖြစ်လာနေသည်။

စစ်ကောင်စီကမူ ၎င်းတို့က ပြည်သူကို အကာအကွယ်ပေးနေသည်ဟု မကြာခဏ ပြောဆိုလေ့ရှိသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် လွှတ်တော်အမတ်များ၊ ထင်ရှားကျော်ကြားသူများ၊ အနုပညာရှင်များ၊ နိုင်ငံရေးသမားများ စသည့် အလွှာစုံမှ လူပေါင်းစုံကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဟု အများသိကြသည့် ပုဒ်မ ၅၀၅ (က)၊ (ခ) တို့ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။

ပုဒ်မ ၅၀၅ (က)၊ (ခ) ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူ ထောင်ပေါင်းများစွာရှိခဲ့သည်။ လက်ရှိတွင် မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသူပေါင်း ၁၁,၇၅၉ ဦးထက်မနည်း ရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇူလိုင်လ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။ ထိုအထဲတွင် ပုဒ်မ ၅၀၅ (က)၊ (ခ) တို့ဖြင့် တရားစွဲဆိုခံထားရသူပေါင်း ၂,၁၅၂ ဦးရှိနေသည်။ 

ပုဒ်မ ၅၀၅ (က) သည် အစိုးရ၊ ကြည်း၊ ရေ၊ လေ တပ်တစ်ခုခုမှ အရာရှိ၊ တပ်သားများကို ပုန်ကန်အောင် သတင်းပြုလုပ် ဖြန့်ချိပါက ပြစ်မှုမြောက်သည်ဟု ပြဋ္ဌာန်းထားသည်။ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်က ထိုပုဒ်မကို ထပ်မံဖြည့်စွက် ပြင်ဆင်ခဲ့သည်။ 

ပြင်ဆင်ချက်တွင် အစိုးရ၊ ကြည်း၊ ရေ၊ လေ တစ်ခုခုမှ အရာရှိ၊ တပ်သားများ အပါအဝင် အစိုးရဝန်ထမ်းတစ်ဦးဦးကို ပြစ်မှုကျူးလွန်ရန် သွေးထိုးလှုံ့ဆော်ခြင်း။ မမှန်သတင်းဖြန့်ပါက ပြစ်မှုမြောက်သည်ဟု ဖြည့်စွက်ထားသည်။ အဆိုပါ ပုဒ်မများသည် ယခင်က ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိသည့် ပုဒ်မများဖြစ်သော်လည်း အာဏာသိမ်းပြီးနောက် ဝရမ်းမပါဘဲ ဖမ်းခွင့်ရှိသည့် ပုဒ်များအဖြစ် စစ်ခေါင်းဆောင်က ပြောင်းလဲထားသည်။

လူမှုကွန်ရက်အသုံးပြု၍ လှုံ့ဆော် ဝါဒဖြန့်ပါကလည်း အထက်ပါ ပုဒ်မများဖြင့် တရားစွဲဆိုနိုင်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် သတင်းစာများက ကြေညာထားသည်။ နိုင်ငံအနှံ့မှ လူမှုကွန်ရက်အသုံးပြု လှုံ့ဆော်ဝါဒဖြန့်နေသူများကို အရေးယူနေကြောင်းလည်း စစ်ကောင်စီဝါဒဖြန့် သတင်းစာများက ဆက်တိုက်ဖော်ပြနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button