သတင်း

မော်လမြိုင်မြို့တွင် ကျောင်းအုတ်နံရံပြိုကျ၍ လူ ၅ ဦး သေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ယနေ့ (ဇူလိုင် ၂၂) နံနက်က စာသင်ကျောင်းအုတ်နံရံပြိုကျ၍ လူ ၅ ဦး သေဆုံးသွားသည်ဟု လူမှုကူညီရေးအသင်းများထံမှ သိရသည်။ 

နံနက် ၉ နာရီခွဲတွင် မိုးရေတိုက်စားမှုကြောင့် ရွှေတောင်ရပ်ကွက်၊ မာလာဝင်း၊ တောင်ရိုးတန်းလမ်းရှိ အ.ထ.က (၅) စာသင်ကျောင်း၏ အုတ်တံတိုင်းနံရံ ပြိုကျခဲ့ရာ အပျက်အစီးများက ကျောင်းနှင့် ကပ်လျက်ရှိသော လက်ဖက်ရည်ဆိုင်ပေါ် ကျခဲ့ခြင်းဖြစ်သည်ဟု ရာမညအရေးပေါ်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ကိုနေမျိုးအောင်က ပြောသည်။ 

“လက်ဖက်ရည်ဆိုင်ပိုင်ရှင်လည်းပါတယ်။ သောက်နေတဲ့သူတွေလည်းပါတယ်၊ မြေစာပုံအောက်မှာပဲ ဆုံးသွားကြတယ်” ဟု သူက ဆိုသည်။

သေဆုံးသူများမှာ ဒေါ်ခင်သီတာ (၄၀ နှစ်)၊ ကိုအငယ်လေး (၂၅ နှစ်)၊ ဒေါ်လပ်ချမီး (၅၀ နှစ်)၊ ကိုသိန်းအောင်(ခ) ပုလင်း (၃၇ နှစ်) နှင့် ဒေါ်မီးငယ် (၅၂ နှစ်) တို့ဖြစ်သည်။

ပြိုကျပြီးနောက် ပိမိနေသူများကို မြေစာများ ဖယ်ရှားကာ ကယ်ဆယ်ခဲ့သော်လည်း အားလုံး သေဆုံးသွားကြခြင်း ဖြစ်သည်။

ကိုဟိန်းစိုး(ခ)အငယ်လေး၏ ဈာပနကို ယနေ့တွင် အစ္စလာမ်ဘာသာထုံးစံအရ ချက်ချင်းပြုလုပ်ခဲ့သည်ဟု ကွယ်လွန်သူ၏ အစ်မဝမ်းကွဲဖြစ်သူ မအိအိဝင်းက ပြောသည်။

“(အုတ်တံတိုင်း) ဘေးနားက လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတာ။ ထိုင်နေရင်းနဲ့ အုတ်နံရံ ရုတ်တရက်ပြိုကျတော့ ရှောင်လို့မရလိုက်ဘူးပေါ့” ဟု သူက ပြောသည်။

စည်ပင်ဝန်ထမ်းတစ်ဦးဖြစ်သည့် ကိုဟိန်းစိုး၏ ဇနီးဖြစ်သူမှာ ယမန်နှစ် ဇူလိုင်လ ၁၇ ရက်က ကိုယ်ဝန်နှစ်လဖြင့် ကိုဗစ်ရောဂါနှင့် ဆုံးပါးသွားကြောင်း၊ ၎င်းတို့တွင် သားသမီးမကျန်ရစ်ဟု ဆိုသည်။

အုတ်နံရံပြိုကျမှုတွင် ပါဝင်ခဲ့သည့် ဒေါ်ခင်သီတာမှာလည်း ကိုဟိန်းစိုးဇနီး၏ အဒေါ်တော်စပ်ကြောင်း မအိအိဝင်းက ဆက်ပြောသည်။

အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု Mawlamyine Rescue အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ 

အဆိုပါကျောင်းသည် ၂၀၁၉ ခုနှစ် ဩဂုတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုအပြီး အုတ်တံတိုင်းပြိုကျခဲ့ဖူးသော်လည်း ထိုစဉ်က လူထိခိုက်သေဆုံးမှု မရှိပေ။

၂၀၁၉ ဩဂုတ်လတွင်ပင် မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ၌ မလတ်တောင် ပြိုကျခဲ့ပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် နေအိမ် ၂၇ လုံး မြေဖုံးလွှမ်းကာ လူ ၇၀ ထက်မနည်း သေဆုံးခဲ့သည်။

၂၀၁၈ ဇွန်လအတွင်းက အမှတ် (၅) အထကကျောင်းနှင့် မီတာ ၅၀၀ ခန့်အကွာရှိ ကျိုက်သလ္လံစေတီ မြေပြိုမှုကြောင့် အနောက်ဘက်နှင့် အရှေ့ဘက်မုခ် တန်ဆောင်းများ၊ ရင်ပြင်များ ပြိုကျပျက်စီးခဲ့သည်။ 

မော်လမြိုင်မြို့သည် ၂၀၁၈ ခုနှစ်မှစ၍ မိုးရာသီတွင် မကြုံစဖူး ရေကြီးရေလျှံခြင်းကို စတင်ကြုံတွေ့ခဲ့ရပြီး မြေနိမ့်ပိုင်းရပ်ကွက် ၁၅ ခုခန့်မှ လူဦးရေထောင်နှင့်ချီ ရေဘေးသင့်ခဲ့ကြသည်။ 

မွန်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်မှစ၍ ဘီးလင်း၊ ပေါင်၊ မော်လမြိုင်၊ ကျိုက်မရော၊ ရေး စသည့်မြို့နယ်များတွင် ရေကြီးရေလျှံနှင့် မြေပြိုသည့် သဘာဝဘေးအန္တရာယ်များ နှစ်စဉ်ဆက်တိုက် ကြုံတွေ့နေရသည်။  

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button