သတင်း

ကုမ္ပဏီအားလုံးရှိ ဒေါ်လာလက်ကျန်ကို ကျပ်ဖြင့်လဲလှယ်ရန် စစ်ကောင်စီညွှန်ကြား

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီအားလုံး၏ နိုင်ငံခြားဘဏ်စာရင်းရှိ ဒေါ်လာငွေများကို ယနေ့ (ဇူလိုင် ၂၁) ညနေ ၆ နာရီ နောက်ဆုံးထား၍ ကျပ်ငွေဖြင့် အပြီးလဲလှယ်ရန် စစ်ကောင်စီထိန်းချုပ် ဗဟိုဘဏ်က ညွှန်ကြားလိုက်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းအထိ ပါဝင်သည့် ကုမ္ပဏီများအပါဝင် ကင်းလွတ်ခွင့်ပယ်ဖျက်ထားသည့်ကုမ္ပဏီများ၊ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအနေဖြင့် ဒေါ်လာနှင့် ကျပ် လဲလှယ်ခြင်းကို မဖြစ်မနေဆောင်ရွက်ရန် ညွှန်ကြားချက်တွင် ပါရှိသည်။

အဆိုပါ ညွှန်ကြားချက်ကို ယနေ့ မွန်းတည့်ချိန်တွင် ပြည်တွင်းဘဏ်များသို့ ပေးပို့လာခြင်းဖြစ်ကြောင်း၊ ဒေါ်လာလက်ကျန်အားလုံးကို ဗဟိုဘဏ်သတ်မှတ်နှုန်း ၁၈၅၀ ကျပ်နှုန်းဖြင့် လဲရမည်ဖြစ်ကြောင်း ဘဏ်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။​

“စာအရတော့ DICA ကုမ္ပဏီတွေ အကုန်ပါပြီ။ ဒါပေမဲ့ မရှင်းလို့ Clarify (ရှင်းလင်း) လုပ်နေကြတယ်။ အကုန်ပါတာတော့ သေချာသလောက်ပဲ” ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

လတ်တလောတွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ခွင့်ပြုချက်ရလုပ်ငန်းများနှင့် အထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းများမှာ ကျပ်နှင့် ဒေါ်လာ မဖြစ်မနေလဲလှယ်ရေးအစီအစဉ်မှ ကင်းလွတ်နေသေးကြောင်း သိရသော်လည်း အသေးစိတ် အတည်မပြုနိုင်သေးပေ။

လူပုဂ္ဂိုလ်များ အပါအဝင် ကုမ္ပဏီများအနေဖြင့် ဒေါ်လာနှင့် ကျပ် မဖြစ်မနေလဲလှယ်ရေးအစီအစဉ်ကို စစ်ကောင်စီက ပြီးခဲ့သည့်လတွင် စတင်ခဲ့ခြင်းဖြစ်သည်။

ထိုအစီအစဉ်ကြောင့် ဝေဖန်မှုများ မြင့်တက်ချိန်တွင် ကင်းလွတ်ခွင့်ပြု လုပ်ငန်းနှင့် လူပုဂ္ဂိုလ်စာရင်းကို စစ်တပ်လက်အောက်ခံ ဗဟိုဘဏ်က ထပ်ဆင့်ထုတ်ပြန်ခဲ့ရသည်။​

 

ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ခွင့်ပြုချက်ရလုပ်ငန်းများ၊ အထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းများ၊ သံရုံးအသိုင်းအဝိုင်း၊ ကုလသမဂ္ဂနှင့် လက်အောက်ခံဝန်ထမ်းများ၊ ပြည်ပအကူအညီပေးရေးအေဂျင်စီများမှ နိုင်ငံခြားသားများ၊ ဝန်ထမ်းများ၊ သံတမန်များနှင့် လေကြောင်းလိုင်းများကို ကင်းလွတ်ခွင့်ပြုကြောင်း ကြေညာခဲ့သည်။

ထို့နောက် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ပါဝင်သည့် ကုမ္ပဏီများပါ ဒေါ်လာနှင့် ကျပ် မဖြစ်မနေလဲလှယ်ရန် စစ်ကောင်စီက တစ်ဆင့်ချင်း ညွှန်ကြားခဲ့သည်။

ယခုလ ၁၅ ရက်တွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းရှိ ကုမ္ပဏီများပါ သတ်မှတ်ဈေးဖြင့် ဒေါ်လာလဲလှယ်ရန် ညွှန်ကြားချက် ထပ်ထုတ်သည်။​

စစ်ကောင်စီအစီအစဉ်ကြောင့် ဒေါ်လာဈေးမြင့်တက်ခဲ့ရာ ဇူလိုင် ၁၉ ရက်က ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၂၀၀၀ ကျော်အထိ ဈေးပေါက်ခဲ့သည်။ 

အမေရိကန်ဒေါ်လာ ခန်းခြောက်သထက်ခန်းခြောက်လာသည့် စစ်ကောင်စီက ဒေါ်လာရပေါက်ရလမ်းအားလုံးကို သိမ်းပိုက်ရန် ကင်းလွတ်ခွင့်တစ်ခုပြီးတစ်ခု ပယ်ဖျက်လာခြင်းဖြစ်သည်။

နောက်ပိုင်းတွင် အထူးစီးပွားရေးဇုန်ရှိ ကုမ္ပဏီများ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) ပါမစ်ဖြင့် ဆောင်ရွက်သည့် ကုမ္ပဏီများထံမှ ဒေါ်လာကို ဆက်လက်သိမ်းယူနိုင်ကြောင်း Myanmar Now ၏ သတင်းရင်းမြစ်က ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button