ဆောင်းပါး

မဟာဗျူဟာစီမံကိန်းများအတွက် စစ်ကောင်စီဘက်ကို လောင်းကြေးထပ်သည့်တရုတ်

မကြာသေးမီက တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ မြန်မာနိုင်ငံလာရောက်ခဲ့သည်။ အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဘေဂျင်းအစိုးရအကြီးအကဲတစ်ဦး၏ ပထမဆုံးခရီးစဉ်ဖြစ်သည်။ ခရီးစဉ်၏ ထင်သာမြင်သာရည်ရွယ်ချက်မှာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ပူးတွဲဥက္ကဋ္ဌ လုပ်ဆောင်ရန် ဖြစ်သည်။

ထိုရည်ရွယ်ချက်အပြင် အခြားသိသာထင်ရှားသည့် ရည်ရွယ်ချက်မှာ ပဋိပက္ခမျိုးစုံပြည့်နှက်နေသော မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သတင်းစကားပေးရန်ဖြစ်သည်။

သတင်းစကားမှာ မြန်မာစစ်တပ်ကို ကျားကန်ပေးရန်ဖြစ်သည်။ အလျင်အမြန် ကြီးထွားလာနေသော မြန်မာပြည်သူများ၏ ခုခံတော်လှန်မှုကို ရင်ဆိုင်တိုက်ခိုက်ရာတွင်လည်းကောင်း၊ နိုင်ငံတကာစာမျက်နှာတွင်လည်းကောင်း စစ်ကောင်စီဘက်မှ ရပ်တည်ကြောင်း ပြသရန်ဖြစ်သည်။​

စစ်တပ်ကို ကူညီခြင်းဖြင့် ၎င်းတို့၏ မဟာဗျူဟာစီးပွားရေးစီမံကိန်းများ အလျင်အမြန် ပြန်စနိုင်မည်၊ တောင်နှင့် အရှေ့တောင်အာရှဒေသအထိ ဩဇာဖြန့်ကြက်နိုင်မည်ဟု တရုတ်တို့က လောင်းကြေးထပ်ထားသည်။  

ဒီမိုကရေစီထောက်ခံသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) ကို အစွန်းရောက် အတားအဆီးများအဖြစ် ဘေးဂျင်းက ရှုမြင်ထားသည်။ ၎င်းတို့သည် မြန်မာစစ်တပ်ကို အပြီးသတ်နှိမ်နင်းရန် အားနည်းသော်လည်း မြန်မာကို စီးပွားရေးအရချည်နှောင်မည့် တရုတ်၏အကြံကိုမူ နှောင့်နှေးစေသည်။

တရုတ်၏ မဟာဗျူဟာသည် အင်ဒို-ပစိဖိတ်ဒေသ လုံခြုံရေးအပေါ် ခြိမ်းခြောက်နေသည်။ အာဏာသိမ်းစစ်ကောင်စီကို ကူညီခြင်းသည် ပိုမိုဆိုးရွားသော အကြမ်းဖက်မှုများပေါ်ပေါက်စေရန် အားပေးအားမြှောက်ပြုရာရောက်သည်။ 

ပဋိပက္ခကို ငြိမ်းချမ်းစွာအဖြေရှာရန် မဖြစ်နိုင်သော အခြေအနေဆီကို တွန်းပို့နေသည်။​

စစ်ကောင်စီနှင့် ဆက်ဆံရေး ပိုမိုခိုင်မာလာရန် မဲခေါင်ဒေသနိုင်ငံများကို တရုတ်က တွန်းအားပေးနေရာ အာဆီယံအနေဖြင့် ကြားဝင်ညှိနှိုင်းပေးသူ အခွင့်အလမ်းဆုံးရှုံးမည့် အန္တရာယ်ရှိနေသည်။​ ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဘုံသဘောတူညီချက် ရရှိနိုင်မည့်အလားအလာကိုလည်း ပျက်စီးရာပျက်စီးကြောင်းဖြစ်စေသည်။ 

အမေရိကန်နှင့် ဒေသတွင်း မဟာမိတ်များအနေဖြင့် ထိုအခြေအနေကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်မည့် အခွင့်အရေးလည်း ကျဉ်းမြောင်းလာသည်။​

စစ်တပ်၏ အကြမ်းဖက်မှုများ အဆုံးသတ်ရန်၊ ပြန်လည်သင့်မြတ်ရေးနှင့် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးဆိုသော မြန်မာနိုင်ငံ၏ လိုအပ်ချက်ထက် ၎င်းတို့၏ စီးပွားရေးစီမံကိန်းများကို ရှေ့တန်းတင်ရေး တရုတ်က ဦးစားပေးနေသည်။

စစ်ပွဲဆီ ဦးတည်ခုတ်မောင်းနေသော အမြန်ရထားတစ်စီး 

ဘေးဂျင်းက စစ်ကောင်စီ၏ ထိပ်တန်းသံတမန်ကို ဧပြီလတွင် လက်ခံတွေ့ဆုံပြီး စီးပွားရေးကိစ္စများ ဆွေးနွေးကာ တိုးမြှင့်ဆောင်ရွက်ခဲ့သည်။ ထိုအချိန်တွင် စစ်တပ်အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များထံ နယ်မြေများ ဆက်လက်ဆုံးရှုံးလျက်ရှိသည်။ 

အထူးသဖြင့် စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီထိန်းချုပ်မှု ယိုယွင်းလာသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) က စစ်ကောင်စီအုပ်ချုပ်ရေးမှူးအများစုကို ဖယ်ရှားခဲ့သည်။​

ယခုအခါ ဒေသခုနစ်ခုတွင် ဆက်လက်ဖြစ်ပေါ်နေသော စစ်ပွဲကြောင့် စစ်တပ်သည် သိသာထင်ရှားသော ဆုံးရှုံးမှုများ ကြုံတွေ့နေရသည်။ တစ်ချိန်တည်းတွင် စစ်သားစုဆောင်ရေးနှင့် လေ့ကျင့်ရေးသည်လည်း လေထဲ အငွေ့ပျံသကဲ့သို့ ပျောက်ကွယ်သွားသည်။​

ရဲအရာရှိများကို ရှေ့တန်းပို့နေရသဖြင့် နိုင်ငံအနှံ့ရှိ ရဲတပ်ဖွဲ့လုပ်ငန်းများ စိုးရိမ်စရာဖြစ်လာသည်။ အရေးကြီးသော တိုင်းနှင့်ပြည်နယ်ခြောက်ခုကို ဆက်လက်အုပ်ချုပ်ရန် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအပေါ် ပို၍ မှီခိုအားကိုးလာရသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ အကျပ်အတည်း တစ်ပြိုင်နက်ပေါ်ပေါက်လာရန် မီးထိုးပေးသည့်နှယ်ဖြစ်လာသည်။ ပြည်သူလူထုကို ပို၍ဒေါသထွက်စေသည်။ ထိုအကျပ်အတည်းကို တွေ့ဆုံဆွေးနွေးမှုအခြေခံကာ ဖြေရှင်းရန် တရုတ်တို့ ဟန်ပြသက်သက်သာ လုပ်ဆောင်နေသည်။

လက်တွေ့၌ တရုတ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ဆက်ဆံရေး အဆင့်နှိမ့်ထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ၎င်းတို့၏ မဟာဗျူဟာအကျိုးစီးပွားများကို အကာအကွယ်ပေးရန် တောင်းဆိုသော်လည်း NUG ၏ တရားဝင်မှုကို အသိအမှတ်ပြုရန်ကိုမူ ငြင်းဆန်သည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) သည် အဓိကအစည်းအဝေးတစ်ခု တက်ရောက်ရန် NLD ပါတီကို လူသိရှင်ကြား ဖိတ်ခေါ်ခဲ့ဖူးသည်။ ထိုအခြေအနေနှင့် ဆန့်ကျင်လျက် နောက်ပိုင်းတွင် အဓိကအခမ်းအနားများ တက်ရောက်ရန် NLD ကို ဖိတ်ခေါ်ခြင်း မရှိပေ။​

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်းက နေပြည်တော်ရောက် တရုတ်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ – EPA/EFE)

တရုတ်၏ တွက်ချက်မှုမှာ ၎င်း၏အနောက်တောင်ပိုင်း ပြည်နယ်များအတွက် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ချမှတ်ခဲ့သော မြန်မာနှင့် နယ်စပ်ဖြတ်ကျော်စီမံကိန်းများ ရည်မှန်းချက်ပြည့်မီရေးသည်သာ အဆောတလျင်ကိစ္စဖြစ်သည်။

နှေးကွေးလေးလံသော ဖွံ့ဖြိုးတိုးတက်မှု  

ယူနယ်ပြည်နယ်အတွက် ရှိပြီးသား တရုတ်-မြန်မာ စွမ်းအင်စင်္ကြန်လမ်းမ အဆင့်မြှင့်တင်ရေးနှင့် မြို့တော် ကူမင်းမှ အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်သော မဟာဗျူဟာကျ အခြေခံအဆောက်အအုံများ ပြီးစီးရေးသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံရေးအတွက် အဓိကဖြစ်သည်။

၂၀၁၉ နှင့် ၂၀၂၀ က တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖင်၏ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံခရီးစဉ်များအပြီး ယူနန်၏ အကျိုးစီးပွား မြင့်တက်လာခဲ့သည်။

ပြီးခဲ့သည့်နှောင်းပိုင်းတွင် ဖွံ့ဖြိုးမှုနှေးကွေးလာသည်ကို ယူနန်ဒေသဆိုင်ရာ အကြီးအကဲများ စတင်သတိထားမိလာသည်။ ၎င်းတို့၏ ဖွံ့ဖြိုးမှုရည်မှန်းချက်များ ပြည့်မီရေးအတွက် ခြိမ်းခြောက်မှုဖြစ်လာသည်။

တရုတ်တို့လိုချင်နေသော ဖွံ့ဖြိုးရေးစီမံကိန်းများ အလျင်အမြန်အကောင်အထည်ဖော်ရန် ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း စစ်ကောင်စီက အရိပ်အယောင်စပြလာသည်။ စစ်ကောင်စီဘက်က အလျင်အမြန်သဘောတူမည့် အခွင့်အလမ်းကို ယူနန်အာဏာပိုင်များ မြင်တွေ့လာသည်။​

ယခုနှစ် ဧပြီလတွင် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးကို နှစ်နိုင်ငံအလည်အပတ်သဘော ဖိတ်ခေါ်ခဲ့ပြီးနောက် စစ်ကောင်စီနှင့် တရုတ်အကြား ဆက်ဆံရေး နွေးထွေးလာသည်။

ထို့နောက် အိန္ဒိယသမုဒ္ဒရာကို အသုံးပြုနိုင်မည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းကဲ့သို့ တရုတ်၏ အရေးအပါဆုံးသော သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံစီမံကိန်းနှစ်ခုကို ဆက်လက်အကောင်အထည်ဖော်ရန် စစ်ကောင်စီက ခြေလှမ်းတိုး ဆောင်ရွက်ခဲ့သည်။ 

မေလနှင့် ဇွန်လအတွင်း စစ်ကောင်စီသည် ယင်းစီမံကိန်းများကို ကနဦးဆန်းစစ်လေ့လာမှုများ ဆောင်ရွက်ခဲ့သည်။ တရုတ်ထံမှ ကောင်းမွန်သော တုံ့ပြန်မှုကို ရယူနိုင်ခဲ့သည်။ တရုတ်က မဲခေါင် – လန်ချန်းအစည်းအဝေးကို အခွင့်ကောင်းယူပြီး စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည်။

ပဋိပက္ခ စိန်ခေါ်ချက်များ  

စစ်ကောင်စီသည် အထက်ပါစီမံကိန်းများကို အသက်သွင်းရန် စိတ်အားထက်သန်စွာ ကြိုးပမ်းနေရင်း ပြည်တွင်းစစ်၏ ပြင်းထန်မှုကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် နိုင်ငံတွင်းရှိ မည်သည့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးစီမံကိန်းမဆို စိန်ခေါ်မှုများ ကြုံတွေ့ရမည်ကို အသိအမှတ်ပြုရန် အရေးကြီးသည်။

အဓိကအခြေခံအဆောက်အအုံစီမံကိန်းများကို ထိန်းချုပ်နိုင်ရေး စစ်ကောင်စီနေဖြင့် တပ်ဖွဲ့အများအပြား ဖြန့်ကြက်ထားရသည်။ ရွေးကောက်ခံ အရပ်သားအစိုးရထံ အာဏာပြန်လွှဲရေး တွန်းအားပေးနေသည့် လူမှုအဖွဲ့အစည်းများကလည်း ထိုစီမံကိန်းကို တစ်စိတ်တစ်ပိုင်းထိန်းချုပ်ထားသည်။​

စစ်တပ် ဝင်ရောက်စွက်ဖက်မှုများအနက် အရုပ်အဆိုးဆုံးဖြစ်ရပ်မှာ တရုတ်ကုမ္ပဏီ ဝမ်ပေါင်ပိုင်ဆိုင်သော လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဖြစ်သည်။ စစ်တပ်က ကုမ္ပဏီဝင်းအတွင်း အခြေပြုတပ်စွဲကာ ဆန့်ကျင်သူများကို တိုက်ခိုက်လျက်ရှိသည်။ 

ဤနည်းအားဖြင့် ဝမ်ပေါင်ကုမ္ပဏီသည် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများကို အထောက်အကူပြုနေသည်။​ ပြည်တွင်းစစ်တွင် ပါဝင်ပတ်သက်နေသော အဖွဲ့တစ်ခုဖြစ်လာသည်။​

စစ်တပ်သည် နောင်အခါ မည်သည့်စီမံကိန်းကိုမဆို လက်နက်သဖွယ်အသုံးချပြီး အလားတူအကြမ်းဖက်မှုများ ကျူးလွန်လိမ့်မည်ဟု ယုံကြည်နိုင်သည်။ စစ်တပ်သည် အတိုက်အခံပြုသူများကို ရင်ဆိုင်ရာတွင် အင်အားသုံးခြင်းကိုသာ တစ်ခုတည်းသော နည်းလမ်းအဖြစ် သိထားသည်။​

အထူးသဖြင့် တရုတ်နှင့် မီးရထားလမ်းစီမံကိန်းတစ်လျှောက် ပဋိပက္ခဖြစ်နိုင်ခြေများနေသည်။ အကြောင်းမှာ စစ်ကောင်စီသည် မကွေးတိုင်း၏ အစိတ်အပိုင်းအတော်များများကို ထိန်းချုပ်နိုင်ခြင်း မရှိတော့သောကြောင့်ဖြစ်သည်။ မန္တလေးအထိ မီးရထားလမ်းဖြတ်သန်းသွားရာတွင် မကွေးတိုင်းသည် အဓိကျသည်။ 

မီးရထားလမ်းစီမံကိန်းအတွက် ရှမ်းပြည်နယ်မှ အခြေအနေများသည်လည်း တန်းတူအရေးကြီးလှသည်။ စစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများကို ရင်ဆိုင်နေရသည်။ ထိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည်လည်း သယ်ယူပို့ဆောင်ရေးစင်္ကြန်လမ်းမကြီးများအပေါ် ထိန်းချုပ်လွှမ်းမိုးနိုင်ရန် အချင်းချင်းတိုက်ခိုက်နေသည်။

မဲခေါင်ဒေသတွင်းရှိ နိုင်ငံများကို ချိတ်ဆက်သွယ်တန်းထားသည့် တရုတ်နိုင်ငံပိုင် လျှပ်စစ်ဓာတ်အားလိုင်းတစ်ခု။ (ဓာတ်ပုံ – မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

တရုတ်-အာဆီယံ အားပြိုင်မှု  

တရုတ်သည် စစ်ကောင်စီကို အထောက်အပံ့ပေးနေသော နိုင်ငံတကာအသိုင်းအဝိုင်းမှ အဓိကနိုင်ငံတစ်ခုဖြစ်သည်မှာ သံသယရှိစရာ မလိုပေ။ ဘေဂျင်းသည် ဒေသဆိုင်ရာအဖွဲ့အစည်းများ၏ ထောက်ခံမှုမပါဘဲ သို့မဟုတ် နှစ်နိုင်ငံတည်းဆောင်ရွက်သည့်ပုံစံမျိုး အမြင်မခံချင်ပေ။ 

တရုတ်၏ အစပိုင်းမဟာဗျူဟာမှာ အကျပ်အတည်းကို ဖြေရှင်းရေး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနေရာတစ်ခုအဖြစ် အာဆီယံဗဟိုပြုမူဝါဒအပေါ် အားထားခဲ့သည်။

ထိုအချက်က ပြဿနာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ မရောက်ရန် တားဆီးနိုင်ပြီး၊ အာဆီယံတူညီဆန္ဒ အခြေခံမူဘောင်အတွင်း အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မြန်ဆန်ဆန်တုံ့ပြန်ဆောင်ရွက်ရေး တွန်းအားပေးရန် လိုအပ်မည်ဖြစ်သည်။

၂၀၂၁ ဧပြီလတွင် အာဆီယံက တူညီဆန္ဒ ၅ ရပ်ကို ကြေညာခဲ့သည်။ သို့သော် ထိုဘုံသဘောတူညီချက်မှာ အမည်ခံသာဖြစ်သည်။ ကုန်းတွင်းပိုင်းနှင့် အာဆီယံအဖွဲ့ဝင် ကျွန်းနိုင်ငံများအကြား သဘောထားကွဲလွဲမှု မြင့်တက်ခဲ့သည်။

လူအခွင့်အရေး ချိုးဖောက်မှုများရှိနေသည့် စစ်ကောင်စီက အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးရန် ငြင်းဆန်မှုအပေါ် အာဆီယံအဖွဲ့ဝင် ကျွန်းနိုင်ငံများက စိုးရိမ်ကြသည်။ ကုန်းတွင်းပိုင်းနိုင်ငံများမှာ အာဏာရှင်ဆန်သော နိုင်ငံများဖြစ်ပြီး၊ အထူးသဖြင့် ကမ္ဘောဒီးယားနှင့် လာအိုတို့သည် ပထဝီနိုင်ငံရေးပြဿနာများတွင် တရုတ်ဘက် အပြည့်အဝယိမ်းသော နိုင်ငံများဖြစ်သည်။​

ထိုအချိန်တွင် တရုတ်က စစ်ကောင်စီ၏ အကျပ်အတည်းဖြေရှင်းရေးအစီအစဉ်ကို ထောက်ခံရန် အာဆီယံအဖွဲ့ဝင် ကျွန်းနိုင်ငံများကို တွန်းအားပေးခဲ့သည်။ စစ်တပ်အစီအစဉ်မှာ ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခြင်း၊ အန္တရာယ်မရှိသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ စီးပွားရေးစီမံကိန်းများ ရှေ့ဆက်ဆောင်ရွက်ခြင်း၊ စစ်တပ်ကြိုးကိုင်သောပါတီက အစိုးရဖွဲ့နိုင်ရေး အတုအယောင်ရွေးကောက်ပွဲကျင်းပခြင်းဖြစ်သည်။​

သို့သော် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့က စစ်ကောင်စီ၏ လမ်းပြမြေပုံကို လက်မခံပေ။ အတိုက်အခံခေါင်းဆောင်များနှင့် တွေ့ဆုံညှိနှိုင်းရန် အာဆီယံ၏တောင်းဆိုလာချက်က တရုတ်ကို များစွာစိတ်ပျက်စေသည်။ 

အာဆီယံဥက္ကဋ္ဌနေရာကို ကမ္ဘောဒီးယားက ရယူချိန်တွင် မြန်မာစစ်အစိုးရကို တရားဝင်အသိအမှတ်ပြုရေး တွန်းအားပေးနိုင်မည်ဟု တရုတ်က အစပိုင်းတွင် တွက်ဆခဲ့သည်။​

သို့သော် အာဆီယံအဖွဲ့ဝင် ကျွန်းနိုင်ငံများ၏ တစိုက်မတ်မတ် ငြင်းဆန်မှုကို ရင်ဆိုင်ခဲ့ရသော ကမ္ဘောဒီးယားအနေဖြင့် မည်သို့ဆောင်ရွက်ရမှန်းမသိ ဖြစ်လာသည်။ ဝန်ကြီးချုပ်ဟွန်ဆန်သည်ပင်လျှင် မြန်မာ့အရေး လက်လျှော့တော့မည်ဟု ကြေညာသည်။​

လန်ချန်း-မဲခေါင်သဘောတူညီမှုဖြင့် စစ်ကောင်စီကို အသိအမှတ်ပြုခြင်း 

အာဆီယံက အလုပ်မဖြစ်တော့သဖြင့် တရုတ်က လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး (LMC) ကို ဒေသတွင်း ကြောထောက်နောက်ခံအဖွဲ့အစည်းအဖြစ် ရှုမြင်လာသည်။ 

မဲခေါင်ဒေသအတွင်း တရုတ်၏ အခန်းကဏ္ဍ နက်ရှိုင်းစေရန် ယန္တရားတစ်ခုအဖြစ် ၂၀၁၆ တွင် ထူထောင်ခဲ့သော LMC ၌ မဲခေါင်မြစ်ကြောင်းတစ်လျှောက်နိုင်ငံများ ပါဝင်သည်။ (မဲခေါင်မြစ်ကို တရုတ်နိုင်ငံတွင်းရှိ အစိတ်အပိုင်းကို လန်ချန်းမြစ်ဟု ခေါ်တွင်သည်။) 

အာဆီယံအဖွဲ့ဝင် ကျွန်းနိုင်ငံများနှင့် မတူသည်မှာ မဲခေါင်ဒေသတွင်းနိုင်ငံများသည် မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ရန် တွန့်ဆုတ်မှု မရှိခြင်းပင်။​

အနောက်နိုင်ငံများ ယူကရိန်းအရေးနှင့် ဗျာများနေချိန်တွင် တရုတ်နှင့် မြန်မာစစ်တပ်က ၇ ကြိမ်မြောက် LMC နိုင်ငံခြားရေးရာဝန်ကြီးများအစည်းအဝေးကို တိတ်တဆိတ် စီစဉ်ကျင်းပခဲ့ကြသည်။​ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံမရောက်မီ ရက်ပိုင်းအလိုမှ အစီအစဉ်ကို ထုတ်ပြန်ကြေညာသည်။

တရုတ်သည် စစ်ကောင်စီကို ပူးတွဲဥက္ကဋ္ဌလုပ်စေ၍ အိမ်ရှင်အဖြစ် ကျင်းပရန် တွန်းအားပေးခဲ့သည်။​ 

ထိုအစည်းအဝေးကို မြန်မာနိုင်ငံတွင် ကျင်းပခြင်းသည် အာဆီယံအတွက် အဓိကစိန်ခေါ်မှုဖြစ်သည်။ အာဆီယံလေးနိုင်ငံသည် တရုတ်နှင့် လက်တွဲပြီး စစ်ကောင်စီ၏ အဆင့်မြင့်ကိုယ်စားလှယ်များနှင့်အတူ အဆင့်မြင့်အစည်းအဝေးကို ကျင်းပခဲ့သည်။ 

ထိုအချက်က စစ်ကောင်စီကို အဆင့်မြင့်အစည်းအဝေးများ တက်ရောက်ခွင့်မပြုသော အာဆီယံ၏ မဟာဗျူဟာဆုံးဖြတ်ချက်ကို အဟန့်အတားဖြစ်စေသည်။  

ထို့ပြင် စစ်ကောင်စီသည် LMC အဖွဲ့ဝင်နိင်ငံများထံမှ သံတမန်ရေးအောင်မြင်မှု ရရှိသဖြင့် အာဆီယံ၏ အခြေအနေကို ပို၍အားနည်းသွားစေသည်။ အတိုက်အခံများကို ပို၍ထိပ်တိုက်ရင်ဆိုင်ရန် စစ်ကောင်စီ ရဲတင်းလာသည်။

ယခုလဆန်းပိုင်းက ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံတွင် ပြုလုပ်သော အစည်းအဝေးသို့ တက်ရောက်လာသည့် မဲခေါင်ဒေသငါးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ။ (ဓာတ်ပုံ – မြဝတီ)

ပိုမိုအတင့်ရဲလာစေသော အခွင့်အလမ်းကောင်းတစ်ခု 

စစ်ကောင်စီကို နောက်ထပ်အထောက်အပံ့ဖြစ်စေသည်မှာ LMC ထိပ်သီးအစည်းအဝေးကို ယခုနှစ်မကုန်မီ မြန်မာနိုင်ငံတွင် ကျင်းပမည့်အကြောင်း တရုတ်က ကြေညာခဲ့ခြင်းဖြစ်သည်။​

အကြမ်းဖက်မှုများ ရပ်တန့်ရန် အာဆီယံ၏ ကြိုးပမ်းမှုများ ထပ်မံအားနည်းသွားစေသည်။ မြန်မာ့ပြဿနာသည် ပို၍ကြီးထွားလာသော ဒေသဆိုင်ရာ လုံခြုံရေးခြိမ်းခြောက်မှုတစ်ခု ဖြစ်လာသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်အသက်သွင်းရန် ကြိုးစားရာ၌ အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ မည်သို့ဆောင်ရွက်နိုင်သေးသနည်း။ 

ထည့်သွင်းစဉ်းစားသင့်သော အချက်သုံးချက် – 

  • မဲခေါင်-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေး၊ ဂျပန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးနှင့် မဲခေါင်-ဩစတြေးလျ ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် မဟာမဲခေါင်မြစ်ဝှမ်းဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးဖက်အစီအစဉ်များမှတစ်ဆင့် မြန်မာ့အရေး ဆွေးနွေးရန်။
  • တရုတ်၏ စီးပွားရေးမဟာဗျူဟာထက် ငြိမ်းချမ်းရေးကို အလေးပေးဆွေးနွေးရန် လိုအပ်ကြောင်း တရုတ်နှင့် ပွင့်လင်းစွာ ပြောဆိုဆွေးနွေးရန်။
  • NUG အပါအဝင် အခြားအတိုက်အခံအဖွဲ့အစည်းများနှင့် တိုက်ရိုက်ဆက်ဆံဆောင်ရွက်သည့် အားလုံးပါဝင်သော ချဉ်းကပ်နည်းများ ရှာဖွေနေသော မလေးရှားနှင့် အင်ဒိုနီးရှားကဲ့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများကို ပိုမိုကူညီထောက်ပံ့ရန်။

နောက်ဆုံးတွင် စစ်ကောင်စီအနေဖြင့် သံတမန်ရေးအရ မည်သို့ပင် အောင်မြင်ပါစေ အခြေခံအဆောက်အအုံစီမံကိန်းများ ရှေ့တိုးဆောင်ရွက်ရာ၌ အကြမ်းဖက်လုပ်ရပ်များနှင့် အင်အားသုံးခြင်းက မအောင်မြင်နိုင်ကြောင်း တရုတ်အစိုးရ နားလည်သဘောပေါက်လာနိုင်ဖွယ်ရှိသည်။ 

စစ်ကောင်စီဘက်ကို မိုက်မဲစွာလောင်းကြေးထပ်မှုကြောင့် ဆုံးရှုံးမှုဒဏ်ကို တရုတ်တို့ ခံနိုင်သော်လည်း ထိုတန်ဖိုးကို ပေးဆပ်ရမည်မှာ မြန်မာပြည်သူများသာ ဖြစ်ပေလိမ့်မည်။

(United States Institute of Peace (USIP) မြန်မာနိုင်ငံဆိုင်ရာဒါရိုက်တာ Jason Tower ရေးသားသည့် China Bets Strategic Projects, Regional Stability on Myanmar Coup Regime ဆောင်းပါးကို ခွန်းချိုအောင် ဘာသာပြန်ဆိုသည်။) 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button