သတင်း

အူရီဒူးမြန်မာရောင်းချရေး ဆွေးနွေးနေ

အာဏာသိမ်းပြီးနောက် တစ်ခုတည်းသာ ကျန်ရှိတော့သော အူရီဒူးမြန်မာကို ရောင်းချရေး ကာတာအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ Ooredoo က ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း Reuters သတင်းဌာနက ယနေ့ (ဇူလိုင် ၂၀) ရေးသားသည်။

စစ်တပ်က အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ်တွင် သုံးစွဲသူ ၁၅ သန်းရှိ ဆက်သွယ်ရေးကုမ္ပဏီကို ရောင်းချရေး ဒိုဟာအခြေစိုက် Ooredoo ကုမ္ပဏီက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို အကြောင်းကြားထားသည်ဟု သိရသည်။

အူရီဒူးမြန်မာကို ဝယ်ယူရန် အလားအလာရှိ ကုမ္ပဏီများတွင် ထိပ်သီးကုမ္ပဏီလုပ်ငန်းစုတစ်ခုဖြစ်သော Young Investment Group၊ စင်ကာပူအခြေစိုက် Campana Group နှင့် ပြည်တွင်းမှ နာမည်ကြီး ရွှေသံလွင်ကုမ္ပဏီအုပ်စုပိုင်ရှင် ဦးကျော်ဝင်း၏ Sky Net ကုမ္ပဏီတို့ဖြစ်ကြောင်း သိရသည်။

ထိုကုမ္ပဏီများနှင့် ဆွေးနွေးမှုမှာ နောက်ဆုံးအဆင့် မရောက်သေးဘဲ ဆက်သွယ်ရေးကုမ္ပဏီ ရောင်းချရေးနှင့် ပတ်သက်၍ စစ်ကောင်စီ အပါအဝင် အူရီဒူးနှင့် ဝယ်လက်ကုမ္ပဏီများက တုံ့ပြန်ဖြေဆိုခြင်း မရှိကြောင်း Reuters သတင်းက ဆိုသည်။

အမြတ်ငွေ အမေရိကန်ဒေါ်လာသန်း ၃၃၀ ရှိခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် သုံးစွဲသူ ၁၅ သန်းအထိ ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ၉ သန်းအထိ လျော့ကျခဲ့ကြောင်းလည်း သတင်းက ဆိုသည်။

အူရီဒူးမှာ နော်ဝေအခြေစိုက် Telenor အုပ်စုပိုင် တယ်လီနောမြန်မာပြီးနောက် တစ်ခုတည်းသာ ကျန်ရှိတော့သော နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီဖြစ်သည်။ တယ်လီနောမြန်မာကို လက်ဘနွန်သန်းကြွေးသူဌေးပိုင် M1 Group ထံလွှဲပြောင်းရောင်းချပြီးနောက် စစ်တပ်အဆက်အနွှယ် ရွှေဗျိုင်းဖြူကုမ္ပဏီက ၈၀ ရာခိုင်နှုန်းအထိ လက်လွှဲ ဝယ်ယူထားသည်။

ရွှေဗျိုင်းဖြူကုမ္ပဏီလုပ်ငန်းစုပိုင်ရှင် ဦးသိန်းဝင်းဇော်မှာ စစ်တပ်နှင့် အကျိုးတူစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ဖူးပြီး ကျောက်စိမ်းလုပ်ငန်းများနှင့် ပတ်သက်၍ ငွေကြေးခဝါချမှု မကင်းသည့် အထောက်အထားများလည်း ရှိသည်။

ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်နှင့် တယ်လီနောမြန်မာရောင်းချမှုတွင် ပါဝင်ပတ်သက်မှုများအကြောင်း Myanmar Now က သတင်းဆောင်းပါးများ ရေးသားဖော်ပြခဲ့ပြီးဖြစ်သည်။

တယ်လီနောမြန်မာကို စစ်တပ်အဆက်အနွှယ်ကုမ္ပဏီထံ ရောင်းချမှုအပေါ် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ဖိအားပေးတောင်းဆိုသဖြင့် သုံးစွဲသူများနှင့် ဆိုင်သည့် အချက်အလက်များပေးအပ်ခဲ့ရကြောင်း Telenor တာဝန်ရှိသူများက ထုတ်ဖော်ဝန်ခံထားသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အဘက်ဘက်မှ ယိုယွင်းလာသော အခြေအနေများကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှသည် အထည်ချုပ်၊ အိမ်ခြံမြေ၊ ဟိုတယ်၊ အဖျော်ယမကာအထိ လုပ်ငန်းနယ်ပယ်မျိုးစုံရှိ နိုင်ငံတကာကုမ္ပဏီကြီးများ ထွက်ခွာသွားခဲ့သည်။

လက်ရှိတွင် ပြည်တွင်း၌ စစ်ကောင်စီ၏ အမျိုးမျိုးသော ညွှန်ကြားချက်များကြောင့် ဒေါ်လာဈေး မတည်ငြိမ်မှုနှင့်အတူ စက်သုံးဆီဈေးနှင့် အထွေထွေစားသောက်ကုန်စရိတ်များပါ မြင့်တက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button