
ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် မေလလယ်က ငြိမ်းချမ်းရေးကဗျာများ ရွတ်ဆိုခဲ့သည့် ကိုဇေယျာလွင် အပါအဝင် သုံးဦးကို ကျောက်တံတားမြို့နယ်တရားရုံးက ငြိမ်းစုစီဥပဒေဖြင့် ယနေ့(စက်တင်ဘာ၁၉) တွင် ငွေဒဏ်နှစ်သောင်း (သို့မဟုတ်) ထောင် ၁၅ ရက် ကျခံရန် အမိန့်ချမှတ်လိုက်သည်။
လူသိများသည့် ကျောင်းသားခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သူ ကိုဇေယျာလွင်က ထောင် ၁၅ ရက်ကို ရွေးချယ်ပြီး ကဗျာဆရာ ရွှေကြယ်မိုး၊ ကိုခန့်မင်းထက်တို့က ဒဏ်ငွေဆောင်ခဲ့သည်။
သူ၏ နိုင်ငံရေးရပ်တည်ချက်အရ ငွေဒဏ်ကို ငြင်းပယ်ခဲ့ပြီး ထောင်ဒဏ် ရွေးချယ်ရခြင်းဖြစ်ကြောင်း ကိုဇေယျာလွင်က ပြောသည်။
တရားဥပဒေစိုးမိုးမှု မရှိခြင်း၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ခုခံလိုခြင်းတို့ကြောင့် ထိုသို့ ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း ကိုဇေယျာလွင်က ဆက်ပြောသည်။
မေလ (၁၄)ရက်နေ့က ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံတွင် စစ်ပွဲများရပ်တန့်ရေး ရည်ရွယ်ပြီး လုပ်ဆောင်သည့် ငြိမ်းချမ်းရေးကဗျာရွတ်ဆိုပွဲသည် ခွင့်ပြုချက်တောင်းဆိုပြီး ပြုလုပ်သည့် လှုပ်ရှားမှု မဟုတ်ဟုဆိုကာ အာဏာပိုင်တို့က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ကိုဇေယျာလွင်သည် ငြိမ်းချမ်းရေးဆိုင်ရာ ဆန္ဒပြပွဲတွင် ပါဝင်မှုဖြင့် ဗဟန်းမြို့နယ် တရားရုံးတွင် အလားတူ တရားစွဲဆိုမှုတစ်ခုကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။