သတင်း

နျူကလီးယားအေဂျင်စီ အကြီးအကဲများနှင့် တွေ့ဆုံရန် မင်းအောင်လှိုင် ရုရှားရောက်နေ 

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ရုရှားနိုင်ငံပိုင် နျူကလီးယားအေဂျင်စီနှင့် တွေ့ဆုံရန် ရုရှားနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရုရှားသတင်းဌာန Sputnik က ယနေ့ (ဇူလိုင် ၁၂) ရေးသားသည်။

မင်းအောင်လှိုင်သည် မော်စကိုသို့ ယနေ့ ရောက်ရှိလာခြင်းဖြစ်ကာ ရုရှားနိုင်ငံပိုင် နျူကလီးယားစွမ်းအင်ဆိုင်ရာ ကော်ပိုရေးရှင်း ROSATOM တာဝန်ရှိသူများနှင့် တွေ့ဆုံမည့်အပြင် ရုရှားအာကာသအေဂျင်စီအကြီးအကဲနှင့်လည်း တွေ့ဆုံမည်ဟု သိရသည်။ 

ရုရှားနိုင်ငံသို့ တိတ်တဆိတ်ရောက်နေသော မင်းအောင်လှိုင်၏ ခရီးစဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက လုံးဝ သတင်းထုတ်ပြန်ခြင်း မရှိပေ။

ပြီးခဲ့သည့်လအတွင်း ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သော စစ်ကောင်စီခန့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးသောင်းဟန်သည်လည်း ရုရှားနျူကလီးယားအေဂျင်စီတာဝန်ရှိသူနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် နျူကလီးယားနည်းပညာအသုံးပြုရေး ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက နိုင်ငံပိုင်သတင်းများမှနေ၍ သတင်းထုတ်ပြန်ခဲ့သည်။​

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ သီတဂူဆရာတော် ဦးဉာဏိဿရနှင့်အတူ ဘုရားထီးတင်ရန် အကြောင်းပြချက်ဖြင့် ဇူလိုင် ၉ မှ ၁၇ အထိ သွားရောက်ရန် မူလက စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော်မှ သတင်းရင်းမြစ်အချို့က ဆိုသည်။ 

မင်းအောင်လှိုင်နှင့်အတူ စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့အပြင် ဘုန်းကြီးများ ပါသွားသည်ဟုလည်း သိရသော်လည်း အခြားမည်သူများ ပါဝင်သည်ကို မသိရပေ။

မင်းအောင်လှိုင်၏ ခရီးစဉ်နှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ ရုရှားသံရုံးကို Myanmar Now က ဆက်သွယ် မေးမြန်းသော်လည်း တုံ့ပြန်ဖြေကြားခြင်း မရှိပေ။ 

ရုရှားနိုင်ငံတွင် တည်ဆောက်ထားသည့် ရွှေစည်းခုံပုံတူဘုရားတွင် သီတဂူဆရာတော် ဦးဉာဏိဿရ ရောက်ရှိနေပြီး၊ ဘုရားထီးတင်ရန် ငြမ်းများပြင်ဆင်ထားသည့် ဓာတ်ပုံများ လူမှုကွန်ရက်တွင် တွေ့ရသည်။

မကြာမီအချိန်ပိုင်းအတွင်း စိန်ဖူးတော်နှင့် ငှက်မြတ်နား တင်တော့မည်ဖြစ်ကြောင်းလည်း သီတဂူဆရာတော်၏ လူမှုကွန်ရက်စာမျက်နှာတွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း ရုရှားနိုင်ငံသို့ တစ်ပတ်ကြာ သွားရောက်ကာ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီများ၊ စက်ရုံများကို လှည့်ပတ်ကြည့်ရှုခဲ့သည်။

အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများ၊ ပြစ်တင်ဝေဖန်ခြင်းများနှင့်အတူ မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ စီးဝင်ခြင်းကို တားမြစ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ကြုံတောင့်ကြုံခဲ ဆုံးဖြတ်ထွက်ပေါ်လာပြီးနောက် မင်းအောင်လှိုင် ရုရှားသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်အတွင်း သွားရောက်ခဲ့သော စစ်ခေါင်းဆောင်၏ ၇ ကြိမ်မြောက်ခရီးစဉ်အတွင်း ရုရှားကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် စစ်ဘက်ဆိုင်ရာ မြှင့်တင်ဆောင်ရွက်ပေးခြင်းများအတွက် ရုရှားကို ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားသည်။

“ရုရှားနိုင်ငံရဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့ တပ်မတော်ဟာ ဒေသတွင်းမှာ အင်အားအတောင့်တင်ဆုံး တပ်မတော်တစ်ခု ဖြစ်လာပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုပြီး ရုရှားနှင့် မြန်မာကြား ချစ်ခင်ရင်းနှီးမှု ခိုင်မာသထက် ခိုင်မာလာသည်ဟုလည်း ဆိုသည်။

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် အဘက်ဘက်မှ ဖယ်ကြဉ်ပိတ်ဆို့ခံထားရသည့် စစ်ကောင်စီသည် စစ်လက်နက်ပစ္စည်းနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းများအပြင် စီးပွားရေးအရပါ ရုရှားအကူအညီရယူရန် ကြိုးပမ်းလျက်ရှိသည်။

ပြီးခဲ့သည့်လအတွင်း ရုရှားနိုင်ငံသို့ စစ်ကောင်စီ၏ စီးပွားရေးဝန်ကြီးအချို့ သွားရောက်ခဲ့ပြီး ရုရှားတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရေနံချက်စက်ရုံတည်ဆောက်ရေး၊ ရေနံဝယ်ယူရေးနှင့် ရုရှား၏ ငွေကြေးစနစ်အသုံးပြုရေးပါ ဆွေးနွေးကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button