
အာဏာသိမ်းစစ်ကောင်စီက အဓိကမြို့ကြီးများတွင် ဉာဏ်ရည်တုနည်းပညာ (AI) သုံး တရုတ်လုပ် Face Recognition နည်းပညာပါ စောင့်ကြည့်ကင်မရာများ တပ်ဆင်လျက်ရှိကြောင်း ထိုစီမံချက်များတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေသူများကို ကိုးကား၍ Reuters သတင်းဌာနက ရေးသားသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက စောင့်ကြည့်ကင်မရာတပ်ဆင်ရေးလုပ်ငန်းများ စတင်ခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံတွင် စတုတ္ထအကြီးဆုံးမြို့ကြီးဖြစ်သော မော်လမြိုင်အပါအဝင် အနည်းဆုံး မြို့ကြီးငါးခုတွင် ကင်မရာများ တပ်ဆင်နေသည်ဟု Reuters သတင်းဌာန၏ ယနေ့ (ဇူလိုင် ၁၁) သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
စောင့်ကြည့်ကင်မရာတပ်ဆင်ရေးစီမံချက်များကို ပြည်တွင်းကုမ္ပဏီနှစ်ခုဖြစ်သော Fisca နှင့် နောင်ရိုးနည်းပညာကုမ္ပဏီတို့ လုပ်ကိုင်ခွင့်ရရှိထားပြီး တရုတ်ကုမ္ပဏီများဖြစ်သော Zhejiang Dahua Technology, Huawei နှင့် Hikvision တို့မှ နည်းပညာနှင့် ကင်မရာများကို ဝယ်ယူအသုံးပြုနေခြင်းဖြစ်သည်ဟု သိရသည်။
အာဏာသိမ်းပြီးမကြာမီ မွန်ပြည်နယ် မော်လမြိုင်တွင် စောင့်ကြည့်ကင်မရာများ တပ်ဆင်ခဲ့ကာ လအနည်းငယ်ကြာပြီးနောက် ထားဝယ်နှင့် တောင်ကြီးတွင် ဆက်လက်တပ်ဆင်ခဲ့ကြောင်း၊ မော်လမြိုင်စီမံချက်ကို Fisca နှင့် နောင်ရိုးကုမ္ပဏီတို့ ပူးတွဲရရှိကာ ထားဝယ်နှင့် တောင်ကြီးကို Fisca ရရှိကြောင်း၊ ထိုမြို့ကြီးများတွင် Dahua ကင်မရာ ရာချီတပ်ဆင်ထားကြောင်း ဆိုသည်။
မော်လမြိုင်တွင်လည်း Dahua ကင်မရာ ၂၀၀ ခန့် တပ်ဆင်ထားပြီး ထပ်ပြီးတပ်ဆင်ရန်ရှိသည်ဟု Reuters သတင်းတွင် ဖော်ပြသည်။
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင်လည်း ယခုနှစ်အတွင်း Dahua ကင်မရာများ တပ်ဆင်ခဲ့ပြီး၊ ကရင်ပြည်နယ်မြို့တော် ဘားအံတွင်လည်း ကင်မရာတပ်ဆင်ရေး ဆွေးနွေးနေသည်ဟု ဆိုသည်။
စောင့်ကြည့်ကင်မရာတပ်ဆင်ရေးစီမံချက်နှင့် ပတ်သက်၍ စည်ပင်သာယာရေးကော်မတီဝင်အရာရှိများနှင့် စစ်ကောင်စီတာဝန်ရှိသူတို့က တုံ့ပြန်ဖြေကြားခြင်း မရှိသော်လည်း ပြည်နယ်နှင့် တိုင်းအားလုံးရှိ မြို့ကြီးများတွင် စောင့်ကြည့်ကင်မရာများ တပ်ဆင်ရန် စီစဉ်နေသည်ဟု စီမံကိန်းတွင် ပါဝင်ပတ်သက်နေသူတစ်ဦးက ဆိုသည်။
ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးတို့တွင်မူ အာဏာမသိမ်းမီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်ကပင် ထိုင်မရာများ စတင်တပ်ဆင်ခဲ့သည်။
မန္တလေးမြို့တွင် ငွေကျပ် ၁ ဒသမ ၉ ဘီလျံ အကုန်အကျခံကာ ဉာဏ်ရည်တုနည်းပညာသုံး စောင့်ကြည့်ကင်မရာများ တပ်ဆင်ရေး ‘Mandalay Safe City’ စီမံကိန်း အကောင်အထည်ဖော်ရန် တရုတ် Huawei ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပြီးဖြစ်ကြောင်း NLD တိုင်းအစိုးရတာဝန်ရှိသူက ၂၀၂၀ ဒီဇင်ဘာလအတွင်း Myanmar Now ကို ပြောကြားသည်။
မန္တလေးရှိ မြို့နယ် ၇ ခုအနက် မဟာအောင်မြေ၊ ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ခြောက်လအတွင်း စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း NLD အစိုးရ၏ တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောခဲ့သည်။
အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင်လည်း ငွေကျပ် ၄ ဘီလျံကျော် အကုန်အကျခံကာ ဉာဏ်ရည်တုနည်းပညာသုံး စောင့်ကြည်ကင်မရာများ တပ်ဆင်ထားသည်ဟု စီမံကိန်းတာဝန်ရှိသူကို ကိုးကား၍ ၂၀၂၀ ဒီဇင်ဘာလအတွင်း၌ပင် Myanmar Now က သတင်းဖော်ပြခဲ့သည်။
အာဏာသိမ်းပြီးနောက် မန္တလေးမြို့တွင် စစ်ကောင်စီက စောင့်ကြည့်ကင်မရာများ အလျင်အမြန်တပ်ဆင်ခဲ့ကာ Huawei ကင်မရာအရေအတွက် လက်ရှိတွင် ၃၀၀ တပ်ဆင်ထားပြီး ဆက်လက်တပ်ဆင်ရန်ရှိသည်ဟုလည်း ယနေ့ Reuters သတင်းက ဆိုသည်။
နေပြည်တော်၌ တပ်ဆင်ထားသည့် Huawei ကင်မရာများတွင် Facial Recognition ဆော့ဖ်ဝဲပါရှိပြီး ရန်ကုန်တွင် Hikvision ကုမ္ပဏီ၏ စောင့်ကြည့်ထောက်လှမ်းရေးစနစ်နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းချုပ်စင်တာတွင် ကင်မရာအမှတ်တံဆိပ်မျိုး ပါဝင်သည်ဟု ဆိုသည်။
ထို့ပြင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံတွင်လည်း အာဏာမသိမ်းမီကပင် စောင့်ကြည့်ကင်မရာစနစ် တပ်ဆင်ရန် တင်ဒါခေါ်ယူခဲ့ပြီး၊ ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ၂၀၁၉ ခုနှစ်ကတည်းက Huawei ကင်မရာများ တပ်ဆင်ခဲ့ကြောင်း Reuters က ရေးသားသည်။
စစ်ကောင်စီအစီအမံဖြင့် စောင့်ကြည့်ကင်မရာများ တပ်ဆင်နေမှုနှင့် ပတ်သက်ပြီး Huawei နှင့် Dahua ကုမ္ပဏီတို့က တုံ့ပြန်ဖြေကြားခြင်း မရှိသော်လည်း Hikvision ကုမ္ပဏီကမူ ၎င်းတို့အနေဖြင့် မြန်မာအစိုးရကို တိုက်ရိုက်ရောင်းချခြင်း မရှိသည့်ပြင် မြန်မာနိုင်ငံသို့ Face Recognition နည်းပညာ ပေးပို့ရောင်းချခြင်း မရှိကြောင်း ထုတ်ဖော်ပြောဆိုသည်ဟု သိရသည်။
နိုင်ငံတကာတွင် Face Recognition နည်းပညာပါ စောင့်ကြည့်ကင်မရာများ တပ်ဆင်ခြင်းနှင့် ပတ်သက်၍ အငြင်းပွားမှုများလည်း ရှိနေပြီး မြန်မာနိုင်ငံတွင် စစ်ကောင်စီက လုပ်ဆောင်နေသော စီမံချက်များမှာ တက်ကြွလှုပ်ရှားသူများနှင့် ခုခံတော်လှန်သူများကို နှိမ်နင်းရန်ဖြစ်ကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ဆိုသည်။
“စောင့်ကြည့်ကင်မရာတွေက မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေအတွက် အထူးစိုးရိမ်စရာအခြေအနေရှိပါတယ်“ ဟု လူ့ခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) မှ အာရှဒေသဆိုင်ရာ ဒုဒါရိုက်တာ Phil Robertson က ပြောသည်။
စစ်တပ်နှင့်ရဲများက စောင့်ကြည့်ကင်မရာများ အသုံးချကာ လှုပ်ရှားမှုများကို စောင့်ကြည့်ခြင်း၊ တက်ကြွလှုပ်ရှားသူအချင်းချင်း ဆက်နွှယ်မှု၊ ခုခံတော်လှန်သူများ လျှို့ဝှက်နေထိုင်ရာ အိမ်များနှင့် စုဝေးရာနေရာတို့ကို ဖော်ထုတ်နိုင်ပြီး သူတို့အသုံးပြုသည့် ကားနှင့် ဆိုင်ကယ်များကို မှတ်သားထားနိုင်ကြောင်း ၎င်းက ဆိုသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဆက်သွယ်ရေးနှင့် အင်တာနက်ကုမ္ပဏီများမှတစ်ဆင့် ကြားဖြတ်ဆော့ဖ်ဝဲများ တပ်ဆင်ခြင်းများအပြင် မိုဘိုင်းဖုန်းသုံးစွဲသူများကို နောက်ယောင်ခံထောက်လှမ်းရန် ဖုန်းခေါ်မှု၊ စာတိုပေးပို့မှုနှင့် အင်တာနက်ဝက်ဆိုက်များမှတစ်ဆင့် စောင့်ကြည့်ထောက်လှမ်းရန် ဖိအားပေးခြင်းများလည်း ရှိခဲ့သည်။
ကွန်ရက်အသုံးပြုသူများ၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများနှင့် အချက်အလက်များ စစ်တပ်ကို ပေးခဲ့ရကြောင်း မကြာသေးမီက တယ်လီနောမြန်မာဆက်သွယ်ရေးကုမ္ပဏီကို ပိုင်ရှင်သစ်ထံ လွှဲပြောင်းရောင်းချခဲ့သော တယ်လီနောတာဝန်ရှိသူများက ဝန်ခံပြောဆိုခဲ့သည်။
အာဏာသိမ်းပြီး နှစ်ပတ်ခန့်အကြာမှစ၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှတစ်ဆင့် စစ်ကောင်စီက တယ်လီနောရုံးကို စာပို့ကာ အချက်အလက်တောင်းခံသည့် အကြိမ်ရေ ၂၀၀ ထက်မနည်းရှိခဲ့သည်။
လက်ရှိတွင် တယ်လီနောမြန်မာကို လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 Group ထံ လွှဲပြောင်းရောင်းချပြီးဖြစ်ကာ ATOM ဟု အမည်ပြောင်းလဲထားသည့် ထိုဆက်သွယ်ရေးကုမ္ပဏီကို စစ်တပ်အဆက်အနွှယ် ပြည်တွင်းမှ ရွှေဗျိုင်းဖြူကုမ္ပဏီက ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်သွားပြီဖြစ်သည်။
စစ်ကောင်စီက ဆက်သွယ်ရေးလုပ်ငန်းများကို ၎င်းတို့စိတ်တိုင်းကျ ကြားဖြတ်ထောက်လှမ်းနိုင်ရန် ‘နိုင်လွတ်လုံ’ ဟု အတိုကောက်ခေါ်ဝေါ်သည့် ‘နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ’ ကို အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း ပြင်ဆင်ခဲ့သည်။
ထို့ပြင် ဆန့်ကျင်သူများကို ပိုမိုနှိပ်ကွပ်နိုင်ရန် အချက်များ ထည့်သွင်းရေးဆွဲထားသည့် ဆိုက်ဘာလုံခြုံရေးဥပဒေပြဋ္ဌာန်းရန် အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီလအတွင်း၌ တစ်ကြိမ်၊ ယခုနှစ် ဇန်နဝါရီလအတွင်း၌ တစ်ကြိမ် အပူတပြင်းကြိုးပမ်းခဲ့သည်။
ထိုဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းမှာ ဝေဖန်ကန့်ကွက်မှုများကြောင့် ရှေ့မတိုးဖြစ်နေသော်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆန့်ကျင်သူများကို နှိပ်ကွပ်နိုင်ရေး အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေကို အာဏာသိမ်းသည့်လကတည်းက ပြင်ဆင်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)