သတင်း

မူးယစ်ပြဿနာ ရိုက်ခတ်မှုကြီးမားနေကြောင်း ရန်ကုန်ဝန်ကြီးချုပ် သတိပေး

(ရန်ကုန်) — မူးယစ်ဆေးပြဿနာသည် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးဘဝများအား ခြိမ်းခြောက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စက်တင်ဘာ ၂ဝ ရက်နေ့တွင် သတိပေးလိုက်သည်။

“(မူးယစ်ဆေးဟာ) ကျွန်တော်တို့နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးဘဝအားလုံး တိုက်စားနေတဲ့ အန္တရာယ်တစ်ခု ဖြစ်ပါတယ်။ ဒီအန္တရာယ်ကို ဖြေရှင်းနိုင်ဖို့ အရေးကြီးပါတယ်” ဟု ရန်ကုန်မြို့ မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ်ပြတိုက်၌ ကျင်းပသည့် တိုင်းဒေသကြီးအဆင့် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ ရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်က ပြောကြား ခဲ့သည်။

မူးယစ်ဆေးပြဿနာသည် နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသည့် မတည်ငြိမ်မှုများနှင့်လည်း ဆက်နွှယ်နေကြောင်း ၎င်းက ဆိုသည်။

“နယ်စပ်ဒေသတွေမှာ တည်ငြိမ် အေးချမ်းသွားနိုင်ဖို့ လက်နက်ကိုင် ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ လက်နက်တွေဟာ မူးယစ်ဆေးဝါးနဲ့ အများကြီးဆက်စပ်နေတဲ့ အခြေအနေရှိပါတယ်။ ဒီမူးယစ်ဆေးဝါးတွေကြောင့် ပြည်သူတွေက ဒုက္ခရောက်တယ်။ လူငယ်မျိုးဆက်တွေ ဒုက္ခရောက်တယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီတွင် အတည်ပြုခဲ့သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ ရန်ကုန်တွင် ၂ဝ၁၉ – ၂ဝ၂ဝ နှစ်နှစ်တာ ကာလကို မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ မူဝါဒများကို အကောင်အထည်ဖော်မည်ဖြစ်သည်။

၂ဝ၁၇ – ၂ဝ၁၈ နှစ်နှစ်တာ ကာလအတွင်း မူးယစ်အမှုပေါင်း ၁၃,၆၄ဝ မှု ရှိခဲ့ပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးသည် ကာလတန်ဖိုး ကျပ်သန်း ၅၂ဝ,ဝဝဝ ကျော် ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဇွန်လကုန်ပိုင်းက ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ပြောသည်။

Show More

Related Articles

Back to top button