သတင်း

မြန်မာ – အိန္ဒိယ နယ်စပ်တွင် အခြေအနေတင်းမာပြီး ကုန်သွယ်ရေးရပ်ဆိုင်းနေ

မြန်မာ – အိန္ဒိယနယ်စပ် တမူးမြို့တွင် အိန္ဒိယနိုင်ငံသား ၂ ဦးအသတ်ခံခဲ့ရပြီးနောက် နှစ်ဖက် အခြေအနေတင်းမာနေပြီး နယ်စပ်ကုန်သွယ်ရေး ရပ်လုနီးပါးဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

ပစ်သတ်ခံရသည့် အိန္ဒိယအမျိုးသား ၂ ဦး၏ ရုပ်အလောင်းကို ပြန်ပေးရန် မိုးရေးမြို့တွင် ဇူလိုင် ၆ တွင် မြို့ခံ နှစ်ထောင်ကျော်က စုဝေးဆန္ဒပြခဲ့ပြီး နယ်စပ်အနီးရှိ မြန်မာရဲကင်းစခန်းတစ်ခုကို နေ့လယ်၌  မီးရှို့ ဖျက်ဆီးခဲ့သည်။ 

“မနေ့တစ်နေ့ကနေ စပြီး ဒီနယ်စပ်တလျှောက်မှာ ဘာမှ လုပ်လို့မရဘူး။ လူတောင် သွားလို့မရတဲ့ အခြေအနေဖြစ်နေတယ်။ အိန္ဒိယဘက်ကလည်း လုံးဝအဝင်မခံဘူး။ …..၅ ရက်နေ့ ညနေပိုင်းကစပြီးတော့ ဘယ်သူမှ လူတောင် ဝင်လို့မရတော့ဘူး။ ပစ္စည်းသွင်းဖို့၊ ထုတ်ဖို့မပြောနဲ့။ လူတောင် ဝင်လို့မရတော့တဲ့အခြေအနေက အခုအချိန်ထိပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသမီးတစ်ဦးက ယမန်နေ့ (ဇူလိုင် ၇) နေ့လယ်က ပြောသည်။ 

အိန္ဒိယနိုင်ငံသားများဖြစ်သည့် အသက် ၂၈ နှစ်အရွယ် နှင့် အသက် ၃၅ နှစ်အရွယ် အမျိုးသားနှစ်ဦးတို့သည် ဇူလိုင် ၅ ရက်က နယ်စပ်မြို့ဖြစ်သည့် မြန်မာနိုင်ငံ တမူးမြို့သို့ လာရောက်လည်ပတ်ချိန်တွင် စော်ဘွားအင်းရပ်ကွက်၊ အမှတ် ၄ ကျောင်းအနီး ပစ်သတ်ခံရခြင်းဖြစ်သည်။ 

သေနတ်ဖြင့် ပစ်ခတ်သူများမှာ ပျူစောထီးအဖွဲ့ဝင်များဖြစ်ကြောင်း အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင်အနီးရှိ မျက်မြင်များကို ကိုးကားပြီး ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“သူတို့ ဆိုင်ကယ် လမ်းပေါ်သွားနေတဲ့အချိန်မှာ ရပ်ခိုင်းတာ။ စကားပြောနေတဲ့အချိန်မှာ ပျူစောထီးအဖွဲ့က ဆိုင်ကယ်နှစ်စီးနဲ့ တက်လာပြီး အိန္ဒိယနိုင်ငံသားတွေဆိုပြီးတော့ ဘာမှအမေးမြန်းမရှိဘဲနဲ့ ပစ်သတ်သွားတာ” ဟု တမူးမြို့ဒေသခံ နောက်တစ်ဦးက ဆက်ပြောသည်။

မိုရေးဘက်အခြမ်းတွင် အိန္ဒိယအမျိုးသား ၂ ဦး၏ ရုပ်အလောင်းကို ပြန်ပေးရန် ဆန္ဒပြနေကြသည့်နေရာအနီး အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိနေကြသည်ကို ဇူလိုင် ၆ က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့) 

အိန္ဒိယနိုင်ငံသား ၂ ဦးကို PDF က လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်ပြီး တရားခံဖမ်းမိရေး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု စစ်ကောင်စီ၏ သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများမှတစ်ဆင့် ယမန်နေ့က ပြောထားသည်။ 

ရုပ်အလောင်းနှစ်ခုကို ပိုင်ရှင်စုံစမ်းသော်လည်း မသိရသည့်အတွက် ယမန်နေ့ နံနက် ၇ နာရီဝန်းကျင်၌ တမူးသုသာန်တွင် သင်္ဂြိုဟ်ပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောဆိုထားသည်။

အိန္ဒိယနိုင်ငံသား နှစ်ဦးကို သတ်ဖြတ်ခြင်းမှာ စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် အရပ်သားလက်နက် ကိုင် (ပျူစောထီး) များ၏ လက်ချက်သာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူး) က ဇူလိုင် ၇ ရက် ညပိုင်းက စာထုတ်ပြီး တုံ့ပြန်ထားသည်။ 

အိန္ဒိယနိုင်ငံ၊ Tangapual ခရိုင်၊ မိုရေးမြို့တွင် လူ ၅ ဦးထက်ပိုပြီး မစုဝေးရန် ယမန်နေ့က ထုတ်ပြန်ထားပြီးနောက် ယမန်နေ့ နံနက်တွင် ဈေးဆိုင်အများစု ပိတ်ထားပြီး လူအသွားအလာကျဲပါးကြောင်း၊ မြန်မာဘက်မှ လာရောက် ခိုလှုံနေသည့် စစ်ဘေးရှောင်များ လုံခြုံရေး စိုးရိမ်ပူပန်နေရကြောင်း တမူးဒေသခံများက ပြောသည်။ 

“အောက်ခြေမှာ ဘယ်လောက်ထိတင်းမာလဲဆိုရင် ဟိုဘက်ကကောင်တွေလည်း ဝင်လို့မရဘူး။ အာမခံချက်မရှိဘူး။ အိန္ဒိယဘက်ထဲမှာ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်တွေဆိုရင်လည်း အခြေအနေတွေက အိမ်ပြင်ထွက်ဖို့တောင် အဆင်မပြေဘူး။ စိုးရိမ်ရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အထက်ပါ ဒေသခံ အမျိုးသားက ဆိုသည်။

အိန္ဒိယနိုင်ငံသား ၂ ဦးကို ပျူစောထီးအဖွဲ့က ပစ်ခတ်သတ်ဖြတ်မှုအပေါ် ပြင်းပြင်းထန်ထန်ရှုံ့ချကြောင်းနှင့် အိန္ဒိယပြည်သူများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း တမူးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button