
စစ်ကိုင်းတိုင်းအလယ်ပိုင်း ဒီပဲယင်းမြို့နယ်အတွင်း ယမန်နေ့ (ဇူလိုင် ၄) တွင် စစ်တပ်က ရဟတ်ယာဉ်များဖြင့် စစ်သားများ လာရောက်ချထားသဖြင့် ကျေးရွာ ၂၀ မှ ဒေသခံ ထောင်နှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။
ယမန်နေ့ ညနေ ၄ နာရီဝန်းကျင်က ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်းရှိ သိမ်ဘာရွာနှင့် ကျွန်းတောကြီးရွာအနီး ရဟတ်ယာဉ်သုံးစီးဖြင့် စစ်သားအင်အား ၇၀ ကျော် လာချသွားကြောင်း၊ ထိုစစ်ကြောင်းသည် အနီးအနားကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။
စစ်တပ်က ထိုသို့အင်အားဖြည့်တင်းသဖြင့် ဒီပဲယင်းမြို့နယ်အနောက်ခြမ်းရှိ ဆပ်ပြာကျင်း၊ ဘုတ်ရွာ၊ အင်ဘုတ်၊ ကျွန်းတော (တောင်)၊ ကျွန်းတော (မြောက်)၊ ကျွန်းတောလေး၊ ခြုံ ရွာ၊ မကြီးဇောက်၊ ကြည်ရွာ အပါအဝင် ရွာပေါင်း ၂၀ ဝန်းကျင်မှ ထောင်နှင့်ချီသော ဒေသခံများမှာ ယမန်နေ့ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြရသည်။
“ညကတည်းက ဒီဘက်ရောက်လာတာ။ ဒီမနက်လည်း ရွာထဲပဲ ရှိသေးတယ်။ ဖမ်းတာဆီးတာတော့ မရှိဘူး။ လက်နက်ကြီးနဲ့တော့ အခုလည်း ပစ်နေတာပဲ တဒိန်းဒိန်းနဲ့။ ပစ်တာတော့ မနက်လင်းတည်းက ပစ်တာပဲ။ ညကလည်း ပစ်တယ်။ ဘုန်းကြီးကျောင်းထဲကနေ ပစ်နေတာ” ဟု ဆပ်ပြာကျင်းရွာသားတစ်ဦးက ယနေ့ ပြောသည်။
စစ်ကြောင်းသည် အဖွဲ့နှစ်ဖွဲ့ ခွဲကွာ ဆပ်ပြာကျင်းရွာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ကပ်လျက်ဖြစ်သော ဘုတ်ရွာအတွင်း တပ်စွဲလိုက်ပြီး အနီးအနားဝန်းကျင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဆိုသည်။
ယမန်နှစ် ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းရွာတိုက်ပွဲတွင် သေဆုံးခဲ့သည့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များ၏ နှစ်ပတ်လည်အထိမ်းအမှတ်ဖြစ် ဇူလိုင် ၂ က လွမ်းသူ့ပန်းခွေချသည့် အခမ်းအနားပြုလုပ်ပြီး ယင်းနေ့ ညနေပိုင်းမှာပင် Mi-35 အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စီးက နာရီဝက်ခန့် လာရောက်ပစ်ခတ်ခဲ့သည်။
ထို့နောက် ဇူလိုင် ၄ ညနေပိုင်းတွင် ရဟတ်ယာဉ်ဖြင့် စစ်သားများ လာရောက်ချထားခြင်းဖြစ်သည်ဟု သိရသည်။
ယမန်နှစ် ဇူလိုင်လဆန်းပိုင်းက ထိုဆပ်ပြာကျင်းရွာအနီးတွင် ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားစဉ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံ ၂၄ ဦး သေဆုံးခဲ့သည်။
ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းရွာတိုက်ပွဲမှာ တော်လှန်ရေးအင်အားစုများဘက်မှ အစုလိုက်အပြုံလိုက်သေဆုံးခဲ့သည့် တိုက်ပွဲလည်းဖြစ်သည်။
ထိုစဉ်ကလည်း အနီးအနားမှ ရွာပေါင်း ၂၀ မှ ဒေသခံများ ထွက်ပြေးခဲ့ရပြီး ရက်အတော်ကြာ နေရပ်မပြန်ရဲ ဖြစ်ခဲ့ရသည်။
လက်နက်ကိုင်တော်လှန်ရေး တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ပစ်ခတ်အားကောင်းသည့် မောင်းပြန်ရိုင်ဖယ်သေနတ်များ ချထားပေးရန် ဒေသခံကာကွယ်ရေးအဖွဲ့များ လိုလားနေသည်။
လက်ရှိတွင် စစ်ကောင်စီကို အပြင်းအထန် ခုခံတော်လှန်သော ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် လက်လုပ်သေနတ်များကိုသာ အဓိကအားထားနေရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း၌ နေရပ်စွန့်ခွာ ရွှေ့ပြောင်းရသူဦးရေ ခုနှစ်သိန်း ငါးသောင်းကျော်ရှိပြီဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN-OCHA) က ဇွန်လကုန်ပိုင်းတွင် ထုတ်ပြန်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)