အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တနင်္သာရီတိုင်း လောင်းလုံးတွင် PDF စခန်းတစ်ခု စီးနင်းခံရ

တနင်္ဿာရီတိုင်း၊ လောင်းလုံးမြို့နယ်အခြေစိုက် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၏ စခန်းတစ်ခု ဇွန် ၃၀ ရက်က စီးနင်းခံရပြီး PDF တစ်ဦး သေနတ်ဒဏ်ရာဖြင့် ဖမ်းဆီးခံလိုက်ရသည်။ 

ငါးဖမ်းစက်လှေများဖြင့် စစ်ကောင်စီရေတပ်က စခန်းအနီး ချဉ်းကပ်လာပြီး အင်အားအလုံးအရင်းဖြင့် စီးနင်းခဲ့သောကြောင့် လက်နက်နှင့် ရိက္ခာများဆုံးရှုံးခဲ့ရပြီး အဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံလိုက်ရသည်ဟု လောင်းလုံး PDF က ယနေ့ (ဇူလိုင် ၄) နံနက်တွင် သတင်းထုတ်ပြန်သည်။ 

ဒလန်၏ သတင်းပေးမှုကြောင့် ၎င်းတို့စခန်း စီးနင်းခံရခြင်းဖြစ်ပြီး လက်နက်အင်အားမမျှတမှုကြောင့် စခန်းကို စွန့်ခွာခဲ့ရကြောင်း လောင်းလုံး PDF ထံမှ သိရသည်။

“ရေတပ်ကနေ ငါးဖမ်းစက်လှေတွေနဲ့​ဝင်လာတာဗျ။ ပြီးတော့ အဲဒီနေရာကို တန်းပြီးတော့ ဝင်လာတာ။ ရဲဘော်တစ်ယောက်က မိသွားတယ်လို့ ပြောတယ်။ (စစ်ကောင်စီက) စခန်းပတ်ပတ်လည်မှာလည်း မိုင်းတွေဆင်ထားခဲ့တော့ နယ်မြေရှင်းလင်းရေး မလုပ်နိုင်သေးဘူး။ အဲဒီနားဝင်ဖို့ အခက်အခဲဖြစ်နေတယ်” ဟု လောင်းလုံး PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

လက်နက်ကိုင်ခုခံမှုများရှိနေသော လောင်းလုံးမြို့နယ်အတွင်း ပြီးခဲ့သည့် ဇွန် ၁၅ မှစ၍ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးလုပ်ကာ စစ်ကြောင်းထိုးနေသည်ဟု သိရသည်။

ဇွန် ၃၀ နံနက်တွင် ငါးဖမ်းစက်လှေများဖြင့် ရောက်လာသည့် ရေတပ်က PDF စခန်းပတ်ပတ်လည်ကို လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်၍ ဝင်ရောက်စီးနင်းမှုအတွင်း လက်လုပ်သေနတ်များ၊ လက်နက်ကြီးများ၊ ကျည်များ၊ ဒရုန်းများအပါဝင် အခြားစစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းခံခဲ့ရကြောင်း အထက်ပါ တာဝန်ရှိသူက ဆက်ပြောသည်။ 

စခန်းစီးနင်းခံရမှုအတွင်းမှာ ပြန်လွတ်မြောက်လာသူများရှိသော်လည်း လုံခြုံရေးအရအရေအတွက်နှင့် အသေးစိတ်အခြေအနေ ထုတ်ဖော်ပြောဆိုခြင်း မပြုသေးပေ။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးလျက်ရှိနေပြီး  လက်နက်အင်အား မမျှတမှုကြောင့် လူထုကို အကာအကွယ်မပေးနိုင်သည့်အပေါ် လောင်းလုံး PDF က တောင်းပန်ထားသည်။ 

ယမန်နှစ် နိုဝင်ဘာ ၂၂ ကလည်း လောင်းလုံးမြို့နယ်တွင် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးနှင့် တိုင်းလွှတ်တော်အမတ်တစ်ဦးတို့၏ နေအိမ်များကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့သည်။

ယင်းနေ့မတိုင်မီတစ်ရက်က စစ်သားနှင့် ရဲများလိုက်ပါလာသော ကားကို ထားဝယ်မြို့နှင့် ၁၆ မိုင်အကွာ လောင်းလုံးမြို့နယ် ဂေါ့အင်းရွာအနီး လောင်းလုံး PDF က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၆ ဦး သေဆုံးကာ စခန်းမှူး အပါအဝင် သုံးဦးဒဏ်ရာ ပြင်းထန်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button