သတင်း

အမြင်မတူသူများကို လုပ်ကြံမည့်အစီအစဉ်မရှိဟု NUG ကြေညာ

နိုင်ငံရေးအမြင်သဘောထားမတူသူတချို့ကို အသက်အန္တရာယ်ရန်ရှာရန် စာရင်းပြုစုထားခြင်းမရှိသလို အမြင်မတူကွဲပြားမှုကိုလည်း အဓမ္မနည်းဖြင့် ဖြေရှင်းမည်မဟုတ်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ (ဇွန် ၃၀) တွင် ထုတ်ပြန်ကြေညာသည်။

စစ်ကောင်စီနှင့် ၎င်း၏ လက်ပါးစေများက NUG တွင် ထိုစာရင်းပြုစုထားသယောင် သတင်းအမှား လုပ်ကြံထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အရှိန်ရလာသည့် နွေဦးတော်လှန်ရေးကို ပုံဖျက်ရန် သတင်းတု၊ သတင်းယောင်များကို ရည်ရွယ်ချက်ရှိရှိ ထုတ်လုပ်ဖြန့်ချိနေခြင်းသာဖြစ်သည်ဟု NUG က ရှင်းလင်းထားသည်။ 

ထိုကောလာဟလများမှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ တိုင်းရင်းသားမဟာမိတ်ညီနောင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တော်လှန်ရေးအင်အားစုများနှင့် ၎င်းတို့ကို စနစ်တကျ ထိုးနှက်နေခြင်းသာဖြစ်ကြောင်း NUG သတင်းပြန်ကြားရေးတာဝန်ရှိသူ ဦးနေဘုန်းလတ်က ဆိုသည်။

“NUG အနေနဲ့ ဒီလိုမျိုးလုပ်စရာ အကြောင်းမရှိဘူး။ ကျွန်တော်တို့ တိုက်နေတာ စနစ်ကို တိုက်နေတာ။ နောက်ပြီးတော့ ကျွန်တော်တို့ focus (ဦးတည်ချက်) က ရှင်းရှင်းလေး။ အကြမ်းဖက်စစ်ခေါင်းဆောင်၊ စစ်အာဏာရှင်ခေါင်းဆောင်တွေသာလျှင် ဘုံရန်သူဖြစ်တယ်။ လူပုဂ္ဂိုလ်တွေကို စာရင်းပြုစုပြီး ကျွန်တော်တို့ ရန်ရှာနေစရာ အကြောင်းမရှိဘူး” ဟု သူက ဆိုသည်။

ပြီးခဲ့သည့် နှစ်တွင် လူပုဂ္ဂိုလ်အချို့က ၎င်းတို့ကို NUG က လုပ်ကြံသတ်ဖြတ်မည့်စာရင်းတွင် ထည့်သွင်းထားသည်ဆိုကာ နိုင်ငံတကာသံတမန်များထံ စာပို့ခဲ့သဖြင့် ရှင်းလင်းခဲ့ရဖူးကြောင်း၊ ယခုနှစ်အတွင်းလည်း အလားတူပင် လူပုဂ္ဂိုလ် ၁၀၀ ကျော်ကို သတ်ဖြတ်ရန် NUG က စာရင်းပြုစုထားသည်ဆိုသော သတင်းမှားများ ထွက်နေကြောင်း ဦးနေဘုန်းလတ်က ပြောသည်။

NUG ၏ မူဝါဒမှာ  မတူကွဲပြားမှုများကို အဓမ္မနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်သည့် လုပ်ရပ်ကို ရှုတ်ချရေး၊ ကျူးလွန်သူများကို  တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်နိုင်ရန် တွန်းအားပေးရေးသာဖြစ်ကြောင်း ၎င်းက ဆိုသည်။

NUG ၏ ထုတ်ပြန်ချက်တွင်လည်း လူ့အဖွဲ့အစည်းအတွင်း အကြောက်တရားသွတ်သွင်းကာ မလုံခြုံမှုများဖြစ်စေသည့် အကြမ်းဖက်စစ်ခေါင်းဆောင်များကိုသာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လူသားလုံခြုံရေးအတွက် ဘုံရန်သူအဖြစ် သတ်မှတ်၍ အမြစ်ပြတ်တွန်းလှန်သွားမည်ဟု ဖော်ပြထားသည်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် လုပ်ကိုင်ခဲ့ကြသည့် ဦးအောင်နိုင်ဦး၊ ဦးလှမောင်ရွှေ၊ ဦးမင်းဇော်ဦးတို့က ၎င်းတို့ကို လုပ်ကြံသတ်ဖြတ်ရန် NUG က စာရင်းသွင်းထားသည်ဟုဆိုကာ ယမန်နှစ် နိုဝင်ဘာလအတွင်းတွင် နိုင်ငံတကာသံတမန်များထံ စာပို့ အကြောင်းကြားထားသည်ဟု သိရကြောင်း ဧရာဝတီသတင်းဌာနက ရေးသားဖူးသည်။

၎င်းတို့ ၃ ဦးအပြင် စစ်ကောင်စီကို ထောက်ခံသူ သို့မဟုတ် ပူးပေါင်းဆောင်ရွက်သည့် စီးပွားရေးသမားများ၊ နိုင်ငံရေးသမားများ၊ ရုပ်ရှင်သရုပ်ဆောင်များ၊ အနုပညာရှင်များလည်း ခြိမ်းခြောက်မှုခံနေရကြောင်း ထိုစာတွင် ရေးသားထားသည်ဟု ထိုသတင်းက ဆိုသည်။

ထိုစဉ်ကတည်းက နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မောင်အောင်နှင့် ဝန်ကြီး ဒေါက်တာဆာဆာတို့က NUG တွင် လုပ်ကြံစာရင်းမရှိကြောင်း ပြန်လည်ရှင်းလင်းခဲ့ရသည်။ ယခုတစ်ကြိမ်တွင်မူ မီဒီယာလောကသားများ၊ ၈၈ မျိုးဆက်ကျောင်းသားဟောင်းများအပါအဝင် စုစုပေါင်း လူပုဂ္ဂိုလ် ၁၀၀ ခန့်ကို လုပ်ကြံရန် CRPH နှင့် ပူးတွဲအစည်းအဝေးက တိုက်ရိုက်ဆုံးဖြတ်လိုက်သည်ဟု ဆိုကာ ယခုရက်ပိုင်းအတွင်း ထပ်မံဖြန့်ဝေလျက်ရှိသည်ဟု NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တချို့တွေက ပုံဖျက်တဲ့ကိစ္စမှာ သံသယပုံစံမျိုးလေးတွေ ဖြစ်လာတာ တွေ့ရတယ်။ NUG အနေနဲ့ ဒါမျိုးလုပ်မှာ မဟုတ်ဘူး။ နောက်တစ်ခု စိုးရိမ်တာက ဒီလိုမျိုး ကိုယ်နဲ့ အမြင်မတူသူတွေအပေါ်မှာ လုပ်ကြံသတ်ဖြတ်တဲ့ကိစ္စမျိုးတွေကို ရှေ့အဆက်ဆက်မှာ ဘယ်သူတွေလုပ်ခဲ့တယ်ဆိုတာ ထင်ရှားတာပဲလေ” ဟု ဦးနေဘုန်းလတ်က ပြောသည်။

“ဒီပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီး သတင်းအတု၊ သတင်းအယောင်ဖြန့်တာတင်မကဘဲနဲ့ ဒီထက်ပိုပြီး NUG နဲ့ တော်လှန်ရေးကို ပုံဖျက်ချင်တာနဲ့ ဒီထက်ပိုတဲ့လုပ်ရပ်တွေ အရင်တုန်းက အစည်းအဝေးတွေလုပ်ပြီး အခု တကယ်လုပ်ပါပြီဆိုတဲ့ အဆင့်မျိုးတွေအထိ တက်လာမှာ စိုးရိမ်တယ်” 

အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းသည့် တစ်နှစ်ကျော်အတွင်း ၎င်းတို့ကို ဆန့်ကျင်သူများကို ဆန္ဒပြလျှင်ပင် စစ်ကောင်စီက သေနတ်ဖြင့်ပစ် ဖမ်းဆီးနေသလို စစ်ကြောရေးတွင် နှိပ်စက်သတ်ဖြတ်ပြီး အလောင်းပင် ပြန်မရသည့် ဖြစ်စဉ်များရှိနေသည်။

ယင်းကို ခုခံရန် နိုင်ငံအနှံ့ ဒေသအလိုက်တော်လှန်ရေးအဖွဲ့များ ပေါ်ပေါက်လာနေပြီး စစ်ကောင်စီပစ်မှတ်များသည်လည်း နေ့စဉ်နှင့်အမျှ တိုက်ခိုက်ခံနေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button