ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ယနေ့ (ဇွန် ၂၉) နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်၏စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရသည်ဟု ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့တစ်ခုက ပြောသည်။
မြို့မြောက်ဘက်ရှိ မြို့အဝင်ဂိတ်တိုက်ခိုက်မှုတွင် အငိုက်မိသွားသည့်အတွက် စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိခဲ့ကြောင်း ရှမ်းပြည်တောင်ပိုင်းအခြေစိုက် ထိုတော်လှန်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။
“ဘန်ကာလိုမျိုး သဲအိတ်တွေ ကာထားတဲ့အထဲမှာ အဲဒီကောင်တွေက ရှိနေကြတာပေါ့၊ ကျွန်တော်တို့ သွားပစ်တော့ ရေထည့်နေတဲ့ တစ်ယောက်ကတော့ ပွဲချင်းပြီးသွားတယ်၊ တစ်ယောက်က အပြင်းအထန်ဒဏ်ရာရတယ်၊ ကျန်တဲ့သူတွေက ထွက်ပြေးတယ်” ဟု ၎င်းက ဆိုသည်။
ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနောက်ကို ဆက်မလိုက်တော့ဘဲ ပစ်ခတ်မှုပြီးသည်နှင့် ပြန်ဆုတ်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ၎င်းတို့တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း ဆက်ပြောသည်။
အဆိုပါဂိတ်တွင် စစ်သားနှင့် ရဲတပ်ဖွဲ့တို့ ရှိတတ်ပြီး ယနေ့တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းငယ်သာရှိသည်ဟု သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေပြုလှုပ်ရှားနေသည့် အဆိုပါအဖွဲ့က လုံခြုံရေးအခြေအနေအရ အဖွဲ့အမည်ကို လတ်တလော ထုတ်ပြန်ဦးမည်မဟုတ်ဟု ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံး၊ ထိခိုက်မှုနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်မပြု နိုင်သေးပေ။
တိုက်ခိုက်မှုပြီးသည့်နောက် ပင်းတယမြို့အဝင်အထွက်ဂိတ်များကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားလိုက်သည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“မြို့တွင်း ဂိတ်အဝင်အထွက်တွေကတော့ အစစ်အဆေးကြမ်းနေတယ်ဗျ၊ လောလောဆယ်ထိတော့ ဖမ်းဆီးခံရတာ မကြားသေးဘူးဗျ” ဟု အဆိုပါ မြို့ခံအမျိုးသားက ပြောသည်။
ပြီးခဲ့သည့် ဇွန် ၁၈ ရက်ကလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပင်းတယမြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ငြိမ်း ပစ်သတ်ခံခဲ့ရသည်။
ဦးကျော်ငြိမ်းသည် စစ်ကောင်စီတပ်နှင့် ပေါင်းကာ ပြည်သူ့စစ်ဖွဲ့ရန် ကြိုးပမ်းခြင်း၊ ဆန္ဒပြလူငယ်များအား စစ်ကောင်စီထံ သတင်းပေး ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည့်အတွက် သတ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့က ပြောသည်။
ဦးကျော်ငြိမ်းမှာ ဓနုတိုင်းရင်းသားအများစု နေထိုင်သည့် ပင်းတယမြို့နယ်အတွင်း အရှိန်အဝါရှိသူဖြစ်သည့်ပြင် ၎င်း၏နေအိမ်၌ စစ်ကောင်စီတပ်ဖွဲ့ကပါ လုံခြုံရေးယူထားသည်ဖြစ်၍ စာသင်ကျောင်း၌ ရှိနေစဉ် လုပ်ကြံရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်ဟု ထိုသူက ဆက်ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်အမတ်လောင်းအဖြစ် ဦးကျော်ငြိမ်း ဝင်ပြိုင်ခဲ့သော်လည်း ရှုံးခဲ့သည်။
ရွာငံ၊ ပင်းတယ၊ အောင်ပန်း၊ ကလောနှင့် တောင်ကြီး၊ ညောင်ရွှေဘက်တွင် ဒေသခံကာကွယ်ရေးအဖွဲ့များ လှုပ်ရှားနေပြီး နယ်မြေချင်းဆက်စပ်နေသည့် ကရင်နီဒေသကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသည်။
ယခုနှစ်ဆန်းမှ စတင်ကာ PDF လှုပ်ရှားမှုရှိလာသော ရှမ်းပြည်တောင်ပိုင်းကို ဧပြီမှစ၍ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ဒေသခံများကို ဖမ်းဆီးနေသလို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အကူအညီဖြင့် ဒေသခံပြည်သူ့စစ်များ ဖွဲ့စည်းရန် ကြိုးပမ်းနေသည်။
ပြီးခဲ့သည့် ဇွန် ၂၆ ရက်က ရွာငံမြို့နယ်မြောက်ပိုင်း ကျောက်ငှက်ရွာမှ ရွာသား ၇ ဦး ဖမ်းဆီးခံရပြီး ၎င်းတို့ကို မည်သည့်နေရာတွင် ချုပ်ထားသည်ကို မသိရကြောင်း ဒေသခံအချို့က ပြောသည်။
ထို့ပြင် ဇွန် ၂၈ ရက်တွင်လည်း ရွာငံမြို့နယ် အုတ်တွင်းရွာမှ ရွာသား ၆ ဦး ထပ်မံဖမ်းဆီးခံခဲ့ရသည်။
အထက်ပါ ကျောက်ငှက်နှင့် အုတ်တွင်းရွာမှ ရွာသားများမှာ တော်လှန်ရေးအဖွဲ့များနှင့် ဆက်စပ်မှုမရှိဘဲ သာမန်အရပ်သားများသာဖြစ်ကြောင်း ရှမ်းတောင်အခြေစိုက် အထက်ပါတော်လှန်ရေးအဖွဲ့က အတည်ပြုသည်။
အဆိုပါ ဖမ်းဆီးမှုများမှာ ရိုးသားသည့်ဒေသခံများကို အကြောက်တရားသွင်းကာ ဓနုဒေသအတွင်းမှ တော်လှန်ရေးအဖွဲ့များကို အမြတ်ဖြတ်ချေမှုန်းရန် ကြိုးစားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ကာကွယ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“ရွာထဲမှာ တစ်ယောက်နှစ်ယောက်လောက် ဝင်ဆွဲလိုက်ရင် ကျန်တဲ့သူတွေက အကုန်ကြောက်သွားကြပြီး တော်လှန်ရေးကို ဝင်ပါဖို့ မပြောနဲ့။ တော်လှန်ရေးထဲမှာ ပါနေတဲ့ ရဲဘော်တွေကို နေဖို့စားဖို့ ကူညီဖို့တောင်မှ သူတို့ ကြောက်သွားကြတယ်ဗျ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီက ဒေသခံကာကွယ်ရေးအဖွဲ့များကို တောနင်းရှာဖွေကာ စခန်းများကို စီးနင်းနေသဖြင့် ထိုအဖွဲ့က အမည်မထုတ်ပြန်လိုခြင်း ဖြစ်သည်။
အာဏာသိမ်းပြီး တစ်နှစ်ပြည့်ချိန် ယခုနှစ် ဖေဖေါ်ဝါရီလမှစ၍ ဓနုဒေသ ရွာငံ၊ ပင်းတယ စသည့်မြို့ နယ်များတွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုများ ပေါ်ပေါက်နေသည်။
တစ်နိုင်ငံလုံးတွင် စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီတပ်က နယ်မြေအသစ် ဓနုဒေသတွင် ထပ်မံပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးကို စစ်တပ်၊ ရဲ အပြင် ပျူစောထီး ခေါ် ဒေသတွင်းပြည်သူ့စစ်အဖွဲ့ ဖွဲ့ပြီး အပြင်းအထန် တုံ့ပြန် တိုက်ခိုက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)