သတင်း

ဖားကန့်တွင် အုပ်ချုပ်ရေးမှူးများ အပါအဝင် တစ်လအတွင်း အသတ်ခံရသူ ၉ ဦးရှိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများအပါအဝင် ၎င်းတို့နှင့် ဆက်စပ်နေသူများ ဆက်တိုက်သတ်ဖြတ်ခံရကာ တစ်လအတွင်း ၉ ဦးရှိပြီဖြစ်ကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းတာဝန်ရှိသူတို့ထံမှ သိရသည်။

မေလ ၃၁ ရက်မှ ဇွန်လ ၂၅ ရက်အထိ တစ်လအတွင်း သတ်ဖြတ်ခံရသူများအနက် အနီးကပ်ဆုံးဖြစ်စဉ်မှာ လွန်ခဲ့သည့်နှစ်ရက်က ဖားကန့်မြို့၏ အနောက်တောင်ဘက် မိုင် ၂၀ ခန့်အကွာတွင်ရှိ ဟောင်ပါးကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းဖေ လုပ်ကြံခံရခြင်းဖြစ်သည်။

ဟောင်ပါးရွာရှိ ဦးသန်းဖေနေအိမ်သို့ ည ၈ နာရီခန့်တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်သည်ဟု ဟောင်ပါးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ပစ်ပြီးတာနဲ့ ပြန်ထွက်သွားတာ မြန်တယ်၊ သိပ်မကြာလိုက်ဘူး” 

အသက် ၆၀ အရွယ် ဦးသန်းဖေမှာ ဟောင်းပါးကျေးရွာ ရှမ်းနီစာပေနှင့် ယာဉ်ကျေးမှုကော်မတီ နာယကတစ်ဦးဖြစ်သည်ဟု သိရသည်။ 

ဟောင်ပါးရွာကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၁၃ ရွာပါဝင်ပြီး ဦးသန်းဖေမှာ အုပ်ချုပ်ရေးမှူးဟောင်းအပြင် ရပ်မိရပ်ဖတစ်ဦးလည်းဖြစ်ကြောင်း ဟောင်ပါးအထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် စာရေးလုပ်ခဲ့ဖူးသူဖြစ်သည်ဟုလည်း အထက်ပါ ဟောင်ပါးရွာသားက ပြောသည်။

ဇွန် ၂၀ ရက်ကလည်း လုံးခင်းအုပ်စု မှော်စီဆာကျေးရွာအနီးတွင် လက်ပြန်ကြိုးတုပ်ကာ မျက်လုံးအဝတ်စည်းလျက် သေနတ်ဖြင့် ပစ်သတ်ခံထားရသည့် အမျိုးသားအလောင်း သုံးလောင်းကို ဒေသခံတို့ တွေ့ရှိခဲ့သည်။

အသတ်ခံရသူနှစ်ဦးမှာ ဖားကန့်မြို့နယ် ဆိုင်းရာရွာသစ်တွင် နေထိုင်သူ အသက် ၅၀ အရွယ် ဦးထွန်းအောင်နှင့် တောမှော်ရွာတွင် နေထိုင်သည့် ၆၀ အရွယ် ဦးသက်ချိုဦးတို့ဖြစ်ကာ အသက် ၂၀ ကျော်အရွယ် လူငယ်မှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးပေ။

၎င်းတို့ အသတ်ခံရသည့်နေ့ ည ၁၀ နာရီခန့်က သေနတ်သံအချို့ ကြားလိုက်ရပြီး နောက်နေ့နံနက်တွင် အဆိုပါ အလောင်းများကို တွေ့ရခြင်းဖြစ်သည်ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

အသတ်ခံရသူသုံးဦးလုံးတွင် ဦးခေါင်း၌ သေနတ်ဒဏ်ရာများ တွေ့ရပြီး အနီးအနားတွင်လည်း ပစ္စတိုကျည်ဆန်အခွံ ရှစ်ခုတွေ့ရသည်ဟု အလောင်းများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ထို့ပြင် မက်လင်ချောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုန်းကျော်နှင့် ၎င်းနှင့် ဆွေမျိုးတော်စပ်သူ အမျိုးသားသုံးဦး စုစုပေါင်း ၄ ဦးလည်း သတ်ဖြတ်ခံခဲ့ရပြီး ရုပ်အလောင်းများကို မေလ ၃၁ ရက် နံနက်ပိုင်းတွင် ဒေသခံများ တွေ့ရှိခဲ့သည်။

၎င်းတို့ကို လက်ပြန်ကြိုးတုပ်ကာ ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုစဉ်က အလောင်းများကို ဖားကန့်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် လူကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန် ၁ ရက်ကလည်း သတ်ဖြတ်ခံထားရသည့် နတ်မှော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာဗြဲ၏ အလောင်းကို ရွာဟောင်းကျေးရွာအနီး တွေ့ခဲ့ရသည်။ ထိုသတ်ဖြတ်မှုများအတွက် လက်သည် မတွေ့ရှိရသေးပေ။

စစ်ကောင်စီဝါဒဖြန့်သတင်းစာများကမူ အုပ်ချုပ်ရေးမှူးများကို သတ်ဖြတ်သူများသည် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ PDF များ၏ လက်ချက်ဟု စွပ်စွဲလေ့ရှိသည်။ 

စစ်ခေါင်းဆောင် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာလကုန်အထိ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် သက်ဆိုင်ရာ ဝန်ထမ်းများ ၂၀၇ ဦး သတ်ဖြတ်ခံခဲ့ရသည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် သတင်းစာများက ရေးသားသည်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းတို့ ခန့်အပ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများအတွက် လုံခြုံရေးပေးနိုင်ရန် စီစဉ်နေသည်ဟု ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button