ဆောင်းပါး

အပြိုပြိုအလဲလဲ ဖရိုဖရဲဖြစ်နေသော PPP ပါတီ  

အာဏာသိမ်းစစ်ကောင်စီက လာမည့်နှစ်တွင် ကျင်းပပေးမည်ဟု လေသံပစ်ထားသော ရွေးကောက်ပွဲကို ဝင်ပြိုင်ရန် ကျိတ်ပြင်နေသည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အတွင်း အကွဲအပြဲဇာတ်လမ်းများ ဆက်တိုက်ထွက်ပေါ်နေသည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် အပြတ်အသတ်ရှုံးနိမ့်ခဲ့သော်လည်း စစ်ကောင်စီခန့် လူကယ်ပြန်ဝန်ကြီးဖြစ်လာသူ ဒေါ်သက်သက်ခိုင် တည်ထောင်ထားသည့် ပီသုံးလုံးပါတီတွင် သဘောထားကွဲလွဲမှုများကြောင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (CEC) များအပါအဝင် တစ်လအတွင်း နုတ်ထွက်သူ ရာချီရှိနေသည်။

နုတ်ထွက်သွားသည့် ပါတီထိပ်ပိုင်းခေါင်းဆောင်အချို့အဆိုအရ ယခုလအတွင်း ပါတီမှ နုတ်ထွက်သူ ငါးရာနီးပါးရှိပြီး ပါတီယာယီဥက္ကဋ္ဌကမူ ထွက်စာတင်ထားသူ တစ်ရာကျော်ခန့်သာရှိသည်ဟု Myanmar Now ကို ပြောသည်။ 

“ထွက်စာတင်တာတော့ ရှိပါတယ်။ ငါးရာတို့ ဘာတို့တော့ မရှိပါဘူး။ တစ်ရာကျော်လောက်ပဲ ရှိပါတယ်။ ပါတီကို သိက္ခာကျအောင် ပြောတဲ့ဆိုတဲ့ သဘောထားတွေပါပဲ။ တကယ်တမ်းကျရင် သူတို့ကို တရားစွဲလို့တောင် ရပါတယ်” ဟု ပီသုံးလုံးပါတီတွင် ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဦးမြင်မောင်ထွန်းက ဆိုသည်။ 

ဒေါ်သက်သက်ခိုင်သည် စစ်ကောင်စီဝန်ကြီးဖြစ်နေသဖြင့် ပါတီကိစ္စများတွင် လတ်တလော ပါဝင်စွက်ဖက်ခြင်း မရှိဟု စစ်တက္ကသိုလ်အပတ်စဉ် ၁၃ တက်ရောက်ခဲ့သူ အသက် ၇၄ နှစ်အရွယ် ဗိုလ်မှူးဟောင်း ဦးမြင်မောင်ထွန်းက ပြောသည်။

ရွှေနန်းတော်ရွှေဆိုင်ပိုင်ရှင် ဒေါ်သက်သက်ခိုင် ဦးဆောင်တည်ထောင်သည့် ပီသုံးလုံးပါတီသည် ၂၀၂၀ ရွေးကောက်ပွဲ တွင် “တစ်သင်းလုံးကန်မည် PPP” ကြွေးကြော်သံဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ကိုယ်စားလှယ်ပေါင်း ၂၄၀ ကျော်ဖြင့် အင်တိုက်အားတိုက် ဝင်ပြိုင်သော်လည်း တစ်နေရာမျှ အနိုင်မရရှိခဲ့ပေ။

ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကိုယ်တိုင်သည်လည်း ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်ရာ အပြတ်အသတ်ရှုံးနိမ့်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဒေါက်တာမေဝင်းမြင့်ကို မဲကွာဟချက် ရှစ်သောင်းကျော်ဖြင့် ရှုံးနိမ်ခဲ့သည်။ 

ပီသုံးလုံးပါတီမှ နုတ်ထွက်သူများ

ပီသုံးလုံးပါတီမှ နုတ်ထွက်သူအများစုမှာ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းမှ ဖြစ်ကြသည်။ အာဏာမသိမ်းမီက ရှိခဲ့သော ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၇ ဦးအနက် ထက်ဝက်နီးပါး နုတ်ထွက်သွားသည့်နည်းတူ အကြောင်းအမျိုးမျိုးဖြင့် အနားယူသွားသူများလည်းရှိသည်။

ဒေါ်သက်သက်ခိုင်နှင့် ပါတီဒုဥက္ကဋ္ဌ ဦးကျော်ဇေယျတို့ကို ပါတီအစည်းအဝေးတစ်ခုတွင် တွေ့ရစဉ်။ 

ပါတီထိပ်ပိုင်းမှ နုတ်ထွက်သူများတွင် ဒုဥက္ကဋ္ဌ (၂) အဖြစ် တာဝန်ယူခဲ့သူ ဦးကျော်ဇေယျ၊ တွဲဖက်အတွင်းရေးမှူး (၁) ဦးသောင်းမြင့်၊ တွဲဖက်အတွင်းရေးမှူး(၂) ဦးအောင်မြင့်ဝင်း၊ ရန်ကုန်တိုင်းဥက္ကဋ္ဌ ဦးညီညီလွင်၊ ပဲခူးတိုင်းဥက္ကဋ္ဌ ဒေါ်စောယုမာတို့ ဖြစ်သည်။ 

NLD ပါတီကိုယ်စားပြု ရန်ကုန်တိုင်းလွှတ်တော်အမတ်ဟောင်းလည်းဖြစ်သည့် ဦးကျော်ဇေယျက ပီသုံးလုံးပါတီမှ နုတ်ထွက်ကြောင်း ပြီးခဲ့သည့် ဧပြီလတွင် လူသိရှင်ကြား ကြေညာခဲ့သည်။

“နစက (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) လုပ်တာတွေ ထောက်ပြရမယ်ဆိုတော့ လက်မခံဘူး။ ဝန်ကြီး (ဒေါ်သက်သက်ခိုင်)က နစကထဲ ပါနေတာကြောင့် ဒါတွေက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ငြိုငြင်သွားနိုင်တယ်။ အဲ့လို ငြိုငြင်မခံနိုင်ဘူးပေါ့” ဟု ပီသုံးလုံးနှင့် လမ်းခွဲသည့်အကြောင်းရင်းကို ဦးကျော်ဇေယျက ထုတ်ဖော်ပြောဆိုသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါတီဝင်အင်အား ၉၀၀၀ ကျော်ရှိပြီး အနီးကပ်ဆုံးကျင်းပမည့် ရွေးကောက်ပွဲအတွက် တိုင်းနှင့် မြို့နယ်အဆင့် အလုပ်အမှုဆောင်များကို စွမ်းဆောင်ရည်မြှင့်သင်တန်းများပေးရန် ပြင်ဆင်နေသည်ဟု ပါတီဒုဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဦးစောဟန်အေးက ပြောသည်။ 

အသက် ၅၂နှစ်အရွယ် ဦးစောဟန်အေးသည် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ကရင်ပြည်နယ်၊ ဘားအံတွင် ဟိုတယ်၊ ဆောက်လုပ်ရေး၊ ကွန်ကရစ်စက်ရုံ စသည့် လုပ်ငန်းများ လုပ်ကိုင်ကာ ရန်ကုန်တွင် နေထိုင်သူဖြစ်သည်။ 

၎င်း၏ အဆိုအရ ပါတီဝင်အင်အား ၉၀၀၀ ကျော်ရှိသည်ဆိုသော်လည်း မြေပြင်တွင် အမှန်တကယ်ရှိမရှိ အတိအကျ မသိရပေ။

ပါတီရဲ့အာဏာအားလုံးက သူတို့လက်ထဲမှာပဲ ရှိတယ်။ လူထုဘဝက အဓိကမဟုတ်တော့ဘူးဗျ။ သူတို့က အဓိကဖြစ်သွားပြီ။

ပါတီမှ နုတ်ထွက်ခဲ့သူ ဦးကျော်ဇေယျကမူ “သေချာစိစစ်လိုက်ရင် ရွေးကောက်ပွဲမှတ်ပုံတင်ဥပဒေအရ ပြည်သူ့ရှေ့ဆောင်ပါတီဟာ အင်အား ၁၀၀၀ တောင် ပြည့်ဖို့ အနိုင်နိုင်ဖြစ်နေတဲ့ အနေအထားရှိတယ်” ဟု ပြောသည်။

လေးဦးပါတီ

ပါတီထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် ပါတီဝင်ရာဂဏန်း နုတ်ထွက်ပြီးနောက် ပီသုံးလုံးပါတီကို လူပုဂ္ဂိုလ်လေးဦးကသာ ဦးဆောင်နေသည်ဟု သိရသည်။

လက်ရှိ ဒုဥက္ကဋ္ဌ ဦးစောဟန်အေး၊ အထွေထွေအတွင်းရေးမှူး ဦးမျိုးဆက်သွေး၊ တွဲဖက်အတွင်းရေးမှူး ဦးတင်မောင်ညီနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ညွန့်ညွန့်ဝင်းမောင်တို့ လေးဦးသည် ပါတီတွင်းဩဇာထူထောင်ကာ ၎င်းတို့နှင့် အဆင်မပြေသူများကို ဖြုတ်ထုတ်သတ်လုပ်နေသည်ဟု နုတ်ထွက်လာသူများက ဆိုသည်။

“ကျွန်တော်တို့ အောက်ကလူတွေက လေးဦးပါတီလို့ နာမည်ပေးထားတယ်။ အဲဒီလေးဦးကပဲ ခြယ်လှယ်နေတာပါ။ ဦးမြင်မောင်ထွန်းကလည်း ပြောရရင်တော့ အရုပ်ပါပဲ” ဟု ယခုလဆန်းပိုင်းတွင် ပီသုံးလုံးပါတီမှ နုတ်ထွက်ခဲ့သူ ရန်ကုန်တိုင်းဥက္ကဋ္ဌဟောင်း ဦးညီညီလွင်က ပြောသည်။

“ပါတီရဲ့အာဏာအားလုံးက သူတို့လက်ထဲမှာပဲ ရှိတယ်။ လူထုဘဝက အဓိကမဟုတ်တော့ဘူးဗျ။ သူတို့က အဓိကဖြစ်သွားပြီ” 

၂၀၂၀ ရွေးကောက်ပွဲအကြို မဲဆွယ်လှုပ်ရှားရာတွင် ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က “လူထုဘဝ အဓိက” ဟူသော ဆောင်ပုဒ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့သည်ကို ၎င်းက ရည်ညွှန်းခြင်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်းက ပီသုံးလုံးပါတီ၏ လှုပ်ရှားမှုတစ်ခု။

ပီသုံးလုံးပါတီကို ခြယ်လှယ်နေသူတစ်ဦးဖြစ်သည်ဆိုသော ဒေါ်ညွန့်ညွန့်ဝင်းမောင်သည် ပါတီ၏ ဥပဒေအကြံပေးဖြစ်ကာ ပါတီဗဟိုစည်းကမ်းထိန်းသိမ်းရေးနှင့် ဥပဒေရေးရာအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်သည်။ မန္တလေးမြို့တွင် ကျင်လည်ခဲ့သူ ဒေါ်ညွန့်ညွန့်ဝင်းမောင်သည် ရွှေတစ်ကျပ်သား ငွေကျပ်ငါးသောင်းခေတ် လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်က ငွေကျပ်သိန်း ၁၆၀၀ ကျော် လိမ်လည်မှုဖြင့် ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံခဲ့ရသူ ဖြစ်သည်။ 

ပီသုံးလုံးပါတီ ဥပဒေအကြံပေး ဒေါ်ညွန့်ညွန့်ဝင်းမောင်အကြောင်း Myanmar Now က ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီတွင် သတင်းဆောင်းပါး ဖော်ပြခဲ့သည်။ 

ဒေါ်ညွန့်ညွန့်ဝင်းမောင်နှင့် လက်ရှိ ပါတီအထွေထွေအတွင်းရေးမှူး ဦးမျိုးဆက်သွေးတို့မှာ တူဝရီးတော်စပ်သည်ဟုလည်း သိရသည်။

အထက်ပါ ပုဂ္ဂိုလ်လေးဦးကို နောက်ကွယ်က ကြိုးကိုင်နေသူမှာ ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်၏ အိမ်ထောင်ဖက် ရွှေနန်းတော်ရွှေဆိုင်ပိုင်ရှင် ဒေါက်တာအောင်ကျော်ဝင်းဖြစ်သည်ဟု နုတ်ထွက်လာသူများက ဆိုသည်။ 

“တကယ်တမ်းကျတော့ ပါတီ CEC အစည်းအဝေးလုပ်လို့ရှိရင် ၇ မိုင်၊ မရမ်းကုန်းမှာရှိတဲ့ ရွှေနန်းတော်ကုမ္ပဏီ BOD အစည်းအဝေးလုပ်တဲ့ ခန်းမထဲမှာ လုပ်ရတာကိုး။ အဲဒီအစည်းအဝေးခန်းမရဲ့ ဟိုဘက်အခန်းက ဒေါက်တာအောင်ကျော်ဝင်းရဲ့ ရုံးခန်းလေ” ဟု ပါတီဒုဥက္ကဋ္ဌဟောင်း ဦးကျော်ဇေယျက ပြောသည်။ 

လက်ရှိ ပါတီယာယီဥက္ကဋ္ဌ ဦးမြင်မောင်ထွန်းကမူ ထိုအချက်ကို ငြင်းဆိုသည်။ 

“ထွက်သွားတဲ့လူတွေက ပါတီမူဝါဒနဲ့ မလိုက်နာနိုင်တဲ့ လူတွေပေါ့။ ပါတီမူဝါဒကို ချိုးဖောက်တယ်။ မကိုက်ညီတဲ့အခါကျတော့ တချို့လူတွေကို အရေးယူရတာ ရှိတယ်။ အခုအချိန်မှာ ပါတီစည်းရုံးရေးကို အဓိကထားလုပ်နေရတာ” 

ပါတီဝင်ဖြစ်နေသည့် ရွှေနန်းတော်ရွှေဆိုင်ဝန်ထမ်းများ 

ပါတီဌာနချုပ်စာရင်းအရ ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်တွင် ပီသုံးလုံးပါတီဝင်ဦးရေ ၁၃၀ ကျော်ရှိသည်ဆိုသော်လည်း ထိုသူများမှာ ရွှေနန်းတော်ရွှေဆိုင်ဝန်ထမ်းများ၊ ဒေါ်သက်သက်ခိုင်နှင့် ဆက်စပ်မှုရှိသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ဝန်ထမ်းများဖြစ်နေသည်ကို Myanmar Now က ရရှိထားသည့် အထောက်အထားများတွင် တွေ့ရသည်။ 

ရန်ကုန်မြို့ရှိ ရွှေနန်းတော်စိန်ရွှေရတနာဆိုင်တစ်ခုတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် လုပ်သက်ငါးနှစ်ခန့်ရှိ အမျိုးသားဝန်ထမ်းတစ်ဦးက ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ဆိုင်ဝန်ထမ်းများကို ပါတီဝင်ရန် ဖိအားပေးမှုများ ရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသည်။

ပီသုံးလုံးမှာတော့ ပါတီဥက္ကဋ္ဌက ထွန်းအိန္ဒြာဗိုလ်ရဲ့ အစ်မဗျာ။ နာမည်တောင် ကျွန်တော် ကောင်းကောင်းမသိဘူး။ ဘယ်လိုဖြစ်လို့ ကျွန်တော့်ကို အဲဒီပါတီဝင်ထဲ ထည့်ထားလည်းတောင် မသိဘူး။

“ပါတီဝင် မဟုတ်ပါဘူး။ အလုပ်က ထည့်ခိုင်းလို့ ပါသွားတာပါ။ သူတို့လက်အောက်နေရတာဆိုတော့ ထည့်ပေါ့။ မထည့်ဘူး ပြောလို့မှ မရတာ။ ကျွန်တော်ပြောပြမယ်။ ကျွန်တော်တို့က အနီသမားတွေ။ မဲထည့်တော့ အနီပဲ ထည့်တာပေါ့” ဟု ထိုဝန်ထမ်းက ပြောသည်။ 

အနီဆိုသည်မှာ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် NLD ပါတီကို ဆိုလိုရင်းဖြစ်သည်။ 

ရွေးကောက်ပွဲမတိုင်မီက မဲဆန္ဒရှင်များကို ဆန်အိတ်နှင့် စားသောက်ဖွယ်ရာများ လိုက်လံဝေငှနေသည့် ဒေါ်သက်သက်ခိုင်။ (ဓာတ်ပုံ – ပီသုံးလုံးပါတီ Facebook) 

လုံခြုံရေးအရ ၎င်း၏အမည်ကို မဖော်ပြရန် မေတ္တာရပ်ခံထားသည့် အဆိုပါ ရွှေနန်းတော်ရွှေဆိုင်ဝန်ထမ်း၏ ပါတီဝင်အမှတ်မှာ A- 0005..ဖြစ်ကြောင်း ပါတီဌာနချုပ်စာရင်းတွင် တွေ့ရသည်။

ဒဂုံမြို့နယ်ပါတီဝင်စာရင်းအရ Myanmar Now က အဆက်အသွယ်ရသည့် နောက်ထပ် အမျိုးသားနှစ်ဦးမှာလည်း ၎င်းတို့အနေဖြင့် ပီသုံးလုံးပါတီဝင်များ မဟုတ်ကြောင်း အသီးသီး ငြင်းဆိုကြသည်။

“ပီသုံးလုံးမှာတော့ ပါတီဥက္ကဋ္ဌက ထွန်းအိန္ဒြာဗိုလ်ရဲ့ အစ်မဗျာ။ နာမည်တောင် ကျွန်တော် ကောင်းကောင်းမသိဘူး။ ဘယ်လိုဖြစ်လို့ ကျွန်တော့ကို အဲဒီပါတီဝင်ထဲ ထည့်ထားလည်းတောင် မသိဘူး” ဟု ဒေါ်သက်သက်ခိုင်နှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးထံတွင် မန်နေဂျာလုပ်ခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ထင်တာကတော့ ရုံးပိုင်းဆိုင်ရာနဲ့ ချိတ်ဆက်ပြီးတော့ ရုံးပိုင်းဆိုင်ရာကို Contact လုပ်လိုက်သလား မသိဘူး” ဟု ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်ရှိ ကစားကွင်းတစ်ခုတွင် မန်နေဂျာလုပ်ခဲ့သူ ၎င်းက ဆိုသည်။

၎င်း၏ အလုပ်ရှင်မှာ ဒေါ်အိမ့်အိမ့်အောင်ဆိုသူဖြစ်ပြီး ဒေါ်သက်သက်ခိုင်နှင့် ဆက်စပ်မှုရှိကြောင်း အထက်ပါ မန်နေဂျာဟောင်းထံမှ သိရသည်။ 

ပါတီဝင်များတွင် ရွှေနန်းတော်ဝန်ထမ်းများ၊ အခြားကုမ္ပဏီဝန်ထမ်းများ ပါဝင်သည်ကို လက်ရှိ ပီသုံးလုံးပါတီ ထိပ်တန်းခေါင်းဆောင်ကလည်း အတည်ပြုသည်။ 

ကျုပ်တို့ ပါတီကြီးက ချာတူးလံနေပြီ။ ‘လူထုဘဝ အဓိက’ မဟုတ်တော့ဘူး။ မသက် (ဒေါ်သက်သက်ခိုင်) ဘဝ အဓိကဖြစ်သွားပြီ။

“တချို့ ကုမ္ပဏီတစ်ခုကနေပြီးတော့ ပါတီဝင်အများစု ဝင်တာတွေလည်း ရှိတာပေါ့။ ရွှေနန်းတော်က လူတွေလည်း ရှိတာပေါ့။ ဒါပေမဲ့ အဲဒီလူတွေက အထောက်အထားတွေ ခိုင်ခိုင်လုံလုံနဲ့ ကျွန်တော်တို့က ယူထားတာ” ဟု ပီသုံးလုံးပါတီ ယာယီဥက္ကဋ္ဌ ဦးမြင်မောင်ထွန်းက ပြောသည်။ 

တော်လှန်ရေးအင်အားစုများ၏ ပစ်မှတ်

လက်နက်မဲ့ ဆန္ဒပြလျှင်ပင် ပစ်သတ်သည့် စစ်ကောင်စီကို လက်နက်ကိုင်ပြီး ခုခံတော်လှန်နေသည့် တော်လှန်ရေးအင်အားစုများသည် စစ်ကောင်စီခန့်ဝန်ကြီး ဒေါ်သက်သက်ခိုင်၏ ပိုင်ဆိုင်မှုများကို ပစ်မှတ်ထားတိုက်ခိုက်မှု အနည်းဆုံး နှစ်ကြိမ်လုပ်ခဲ့သည်။ 

ဒေါ်သက်သက်ခိုင်မိသားစု လုပ်ကိုင်နေသည့် ရန်ကုန်မြို့လယ်ရှိ ရွှေနန်းတော်ရွှေဆိုင်နှင့် ရန်ကုန်မြို့တွင်းရှိ ဆောက်လက်စကွန်ဒိုတစ်ခုကို စစ်အာဏာရှင်ဆန့်ကျင်သူများက ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် အနည်းဆုံး ပါတီဝင် ၈ ဦးခန့်လည်း လုပ်ကြံသတ်ဖြတ်ခံရသဖြင့် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီပြီးလျှင် ဒုတိယမြောက် ပစ်မှတ်ထားခံရသည့် ပါတီမှာ ပီသုံးလုံးဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သွားတွေ့သည့် နိုင်ငံရေးပါတီ ၃၄ ပါတီတွင် ပီသုံးလုံးပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်လည်း ပါဝင်သည်။ 

အာဏာသိမ်းပြီးနောက် ဒေါ်သက်သက်ခိုင်ကို ဝန်ကြီးတစ်နေရာပေးသည့်နည်းတူ ယခုနှစ် ဇန်နဝါရီလ ၄ ရက်တွင်လည်း အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ဒေါ်သက်သက်ခိုင်၏ ခင်ပွန်းကို ဂုဏ်ထူးဆောင်ဘွဲ့တစ်ခု ပေးခဲ့သည်။

ပီသုံးလုံးပါတီ၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ဒေါ်သက်သက်ခိုင်ကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။ 

ပါတီတွင်းနိုင်ငံရေး အကွဲအပြဲဖြစ်နေသော ဒေါ်သက်သက်ခိုင်၏ ပီသုံးလုံး(PPP) ပါတီသည် မကြာခင် လပိုင်းအတွင်း သက်တမ်း သုံးနှစ်ပြည့်တော့မည် ဖြစ်သည်။ ‘ပြည်သူ့ဘဝ အဓိက’ ဆိုသော ပါတီ၏ ဆောင်ပုဒ်ကို ပါတီဝင်ဟောင်း ဦးကျော်ဇေယျက အောက်ပါအတိုင်း ဝေဖန်သည်။

“ကျုပ်တို့ ပါတီကြီးက ချာတူးလံနေပြီ။ ‘လူထုဘဝ အဓိက’ မဟုတ်တော့ဘူး။ မသက် (ဒေါ်သက်သက်ခိုင်) ဘဝ အဓိကဖြစ်သွားပြီ” 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button