ချင်းတွင်းမြစ်တစ်ဖက်ကမ်း စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးတွင် စစ်ကောင်စီစစ်ကြောင်း ဝင်မွှေသွားပြီးနောက် လူမဆန်စွာ ခုတ်ထစ်သတ်ဖြတ်ခံထားရသူနှစ်ဦး၏ ရုပ်အလောင်းများကို ယနေ့ (ဇွန် ၂၂) နံနက်ပိုင်းတွင် ဒေသခံများ တွေ့ရှိခဲ့သည်။
တရုတ်ကုမ္ပဏီနှင့် စစ်တပ်တို့ အကျိုးတူလုပ်ကိုင်နေသော ကြေးနီစီမံကိန်းအနီးရှိ မိုးကြိုးပြင်(မြောက်) ရွာကို ယမန်နေ့ နံနက်ပိုင်းတွင် စစ်တပ်က အင်အား ၇၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး ယနေ့တွင် ရုပ်ပျက်ဆင်းပျက် သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများ တွေ့ရှိခြင်းဖြစ်သည်။
သတ်ဖြတ်ခံရသူများမှာ အသက် ၅၀ အရွယ် ဦးတင်စိုးနှင့် ၄၀ အရွယ် ဦးပွကြီးဆိုသူတို့ဖြစ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ ဖြတ်တောက်ခံထားရသည့် ၎င်းတို့၏ရုပ်အလောင်းများကို ရွာအနီး လယ်ကွင်းပြင်တွင် တွေ့ရှိခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။
“ဦးတင်စိုးကို လည်ပင်းမှာ ခုတ်ဖြတ်ထားတယ်။ ကိုပွကြီးကိုတော့ လက်နှစ်ဖက်လုံးကို လက်ကောက်ဝတ်ကနေ ဖြတ်ထားတယ်။ ဦးတင်စိုးကို တစ်ကိုယ်လုံးကို စိတ်ကြိုက်မွှန်းထားတာပေါ့။ ငါးတစ်ကောင်လုံးကို မွှန်းထားသလိုပဲ။ ကိုပွကြီးကိုတော့ ဗိုက်တွေက အူတွေလည်း ထွက်ကျနေတယ်” ဟု မျက်မြင်တွေ့ရှိသူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထိုဒေသခံနှစ်ဦးကို လက်နက်ကြီးများ ပစ်ဖောက်ဝင်ရောက်ကာ ရွာကို မီးရှို့ခဲ့သော စစ်တပ်ကပင် ဖမ်းဆီးသတ်ဖြတ်ခြင်းဖြစ်ကြောင်း မိုးကြိုးပြင်ရွာခံများက ယုံကြည်ထားသည်။
မိုးကြိုးပြင်ရွာသားဖြစ်သော ဦးတင်စိုးနှင့် ဦးပွကြီးမှာ စစ်ကောင်စီစစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ကာ အဖမ်းခံရပြီးနောက် ညှဉ်းပန်းသတ်ဖြတ်ခံရခြင်းဖြစ်သည်ဟုလည်း အမည်မဖော်လိုသူ လက်ပံတောင်းတောင်ဒေသခံတစ်ဦးက ဆိုသည်။
“တစ်လောင်းနဲ့ တစ်လောင်းက ငါးပေခြောက်ပေပဲ ခြားမယ်။ မိုးကြိုးပြင်မြောက်ရွာနဲ့ အလယ်ရွာကြားမှာ တွေ့တာ။ ရွာထဲကနေ ဖမ်းခေါ်လာပြီး ရွာပြင်ထန်းတောနားရောက်မှ သတ်တဲ့ပုံစံမျိုး။ နှိပ်စက်ညှဉ်းပန်းပြီး မွှန်းပြီးမှ သတ်ဖြတ်ထားတာ”
“ဖမ်းတဲ့နေရာနဲ့တော့ တော်တော်တော့ ဝေးမယ် ထင်တယ်။..အဲဒီနေရာမှာ သတ်ပြီးတော့မှ အစိတ်အပိုင်းတွေကို ချထားခဲ့တာ။ လက်တွေကို ကိုယ်ပေါ်မှာ တင်ထားခဲ့တာဆိုတော့ အဲဒီနေရာမှာပဲ သတ်ပြီးတော့ ဖြတ်တောက်ထားခဲ့တာ” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။
ရုပ်အလောင်းများကို ယနေ့ နံနက်ပိုင်း၌ပင် မီးသင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။
စစ်တပ်က အိမ်ခြေ ၂၈၀ ကျော်ရှိ မိုးကြိုးပြင်ရွာရှိ နေအိမ်အချို့ကို မီးရှိုခဲ့သည့်အတွက် ဒေသခံကာကွယ်ရေးအဖွဲ့များက ယမန်နေ့ မွန်းလွဲပိုင်းတွင် ကြေးနီစီမံကိန်းအနီးရှိ ရဲကင်းများကို တိုက်ခိုက်ခဲ့သည်ဟု ဆားလင်းကြီးအခြေစိုက် Young People Force အဖွဲ့တာဝန်ခံက ပြောသည်။
“မိုးကြိုးပြင် (မြောက်) ရွာထဲကို (စစ်တပ်က) သက်သက်မဲ့ အသားလွတ်ဝင်ပြီး မီးရှို့လို့ဗျ။ သူတို့ကို မိုင်းဆွဲတိုက်ခိုက်တာလည်း မရှိဘူး။ တိုက်ပွဲဖော်ဆောင်တာလည်း မရှိဘူး။ အဲဒါကို မည်းမည်းမြင်ရာ ရွာကို မီးရှို့လို့ ကျွန်တော်တို့ ဝင်ထုရခြင်းဖြစ်တယ်” ဟု ထိုတာဝန်ခံက ဆိုသည်။
ဝမ်ပေါင်ကုမ္ပဏီ၏ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သုံးနေရာခွဲပြီး တစ်နာရီကျော် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များက ထိုသို့သွားရောက်တိုက်ခိုက်စဉ် စီမံကိန်းဧရိယာမြောက်ဘက်ရှိ မိုးကြိုးပြင်ရွာတွင် ရောက်ရှိနေသော စစ်တပ်က နေအိမ်များကို မီးရှို့ခြင်းဖြစ်ကာ အိမ်ခြေသုံးပုံနှစ်ပုံခန့် မီးလောင်ပျက်စီးသည်ဟု သိရသည်။
“ညနေ ၄ နာရီလောက်မှာ မီးခိုးလုံးတွေ စတက်လာတာပဲ။ အဲဒီမီးခိုးလုံးတွေ မတက်ခင်တော့ ကြေးနီစီမံကိန်းတောင်ဘက်ခြမ်းမှာရှိတဲ့ ဆည်တဲဇီးတောဘက်ကနေ ပစ်တယ်။ အပြန်အလှန်ပစ်တဲ့အသံတွေ၊ လက်နက်ကြီးသံတွေ ကြားရတယ်” ဟု အသက် ၄၀ ကျော်အရွယ် လက်ပံတောင်းတောင်ဒေသခံ နောက်တစ်ဦးက ပြောသည်။
“လက်နက်ကြီးသံတွေကြားရတော့ ရွာကို စပြီးမီးတင်ရှို့တော့တာပဲ။ စစ်ပွဲကို အာရုံလွှဲချင်လို့ ရွာကို မီးရှို့တာလားတော့ မသိဘူး”
ရွာကို မီးရှို့ရင်း စစ်တပ်က သက်ကြီးပိုင်းနှင့် အမျိုးသမီးများကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ကာ ယနေ့ နံနက်ပိုင်းမှ ပြန်လွှတ်ပေးခဲ့ကြောင်းလည်း သိရသည်။
ယနေ့ နံနက်ပိုင်းတွင် မိုးကြီးပြင်ရွာနှင့် မိုင်အနည်းငယ်အကွာ ကြေးနီးစီမံကိန်းတောင်ဘက်ရှိ ဆည်တဲဇီးတောရွာကို စစ်တပ်က ထပ်မံစီးနင်းကာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားကြောင်း၊ ဒေသခံ ၂၀ နီးပါးကို ဖမ်းဆီးထားကြောင်းလည်း သိရသည်။
စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် မိုးကြိုးပြင်၊ ဝါးတန်း၊ တည်ပင်ကန်၊ ဖောင်းကား၊ လယ်တီ၊ ဆည် တဲဇီးတော၊ ဂုဏ်တော၊ ဒုံးတော၊ ကံကုန်း၊ ရွာသာ စသည့် ရွာပေါင်း ၁၅ ရွာမှ ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)