
ယခုရက်ပိုင်းအတွင်း ရုရှားနိုင်ငံကို စစ်ကောင်စီဝန်ကြီးအချို့ ရောက်ရှိနေပြီး စွမ်းအင်ဝန်ကြီးဖြစ်လာသူ ဦးသောင်းဟန်နှင့်အဖွဲ့သည် ရုရှားနိုင်ငံပိုင် နျူကလီးယားစွမ်းအင်ဆိုင်ရာ ကော်ပိုရေးရှင်း ROSATOM တာဝန်ရှိသူနှင့် မကြာမီက တွေ့ဆုံ၍ နျူကလီးယားနည်းပညာအသုံးပြုရေး ဆွေးနွေးခဲ့သည်ဟု သိရသည်။
ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ပြုလုပ်သော နိုင်ငံတကာစီးပွားရေးဖိုရမ် တက်ရောက်ရင်း ဝန်ကြီးအချို့ ရုရှားတာဝန်ရှိသူများနှင့် တွေ့ဆုံကြောင်း၊ နျူကလီးယားနည်းပညာနှင့် ပတ်သက်၍ ROSATOM တာဝန်ရှိသူနှင့် တွေ့ဆုံကြောင်း စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ထုတ်ပြန်သည်။
နျူကလီးယားစွမ်းအင်ဆိုင်ရာ အဆင့်မြင့်ဆုံးသော ရုရှားအာဏာပိုင်အဖွဲ့ဖြစ်သည့် ROSATOM ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Alexey Likhachev နှင့် စစ်ကောင်စီကိုယ်စားပြု စွမ်းအင်ဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံစဉ် နျူကလီးယားနည်းပညာအသုံးပြု ထုတ်လုပ်ရေးနှင့် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုအကြောင်း ဆွေးနွေးကြသည်ဟု စစ်ကောင်စီက ဆိုသည်။
ထိုစီးပွားရေးဖိုရမ်အတွင်း Inter Rao-Export ကုမ္ပဏီနှင့် လျှပ်စစ်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံရှိ လျှပ်စစ်ဓာတ်အားစီမံကိန်းများအတွက် ပစ္စည်းတင်သွင်းခြင်းနှင့် ဓာတ်အားပေးစက်ရုံတည်ဆောက်ခြင်းဆိုင်ရာ ဆွေးနွေးခဲ့သည်ဟုလည်း စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စက်သုံးဆီနှင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်နှင့် ပတ်သက်၍ စစ်ကောင်စီဝန်ကြီးက တင်ပြခဲ့ပြီး နှစ်နိုင်ငံဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့များ ဖွဲ့စည်းသွားမည်ဟု ဆိုသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ဘက်ပေါင်းစုံမှ ပိတ်ဆို့ခံထားရသည့် စစ်ကောင်စီအနေဖြင့် လျှပ်စစ်ဓာတ်အား အကြီးအကျယ်ပြတ်တောက်ခြင်းနှင့် စက်သုံးဆီပြတ်လပ်မှုကို ရင်ဆိုင်နေရသည်။
စစ်ကောင်စီထုတ်ပြန်ချက်အရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှစ်ခုလုံး ဝန်ကြီးအဖြစ် တာဝန်ယူထားသူ ဦးသောင်းဟန်သည် ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး၊ မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံတည်ဆောက်ရေးအတွက် ရုရှားတာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သည်။
ဇွန် ၁၅ မှ ၁၈ ရက်အထိ ရုရှားက ဦးဆောင်ကျင်းပသော ထိုစီးပွားရေးဖိုရမ်တွင် စစ်ကောင်စီဝန်ကြီးများဖြစ်သည့် ဦးကိုကိုလှိုင်၊ ဦးအောင်နိုင်ဦး၊ ဦးသောင်းဟန်၊ ဒေါက်တာပွင့်ဆန်းနှင့် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့ တက်ရောက်ကြောင်း သိရသည်။
ရုရှားနိုင်ငံပိုင် ကော်ပိုရေးရှင်းနှင့် နျူကလီးယားနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးမှုအပေါ် ROSATOM ရုံးချုပ်နှင့် စင်ကာပူနိုင်ငံရှိ အရှေ့တောင်အာရှဒေသဆိုင်ရာ ဌာနချုပ်ကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် အချိန်ယူဖြေကြားမည်ဟုသာ အကြောင်းပြန်သည်။
ရုရှားနှင့် မြန်မာကြား နျူကလီးယားနည်းပညာနှင့် ပတ်သက်၍ ယခင်ကတည်းက ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ပြီး ရုရှားနိုင်ငံရောက် မြန်မာစစ်ပညာသင်များအနက် နျူကလီးယားနည်းပညာ လေ့လာဆည်းပူးသူများပါကြောင်း ရုရှားတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုဖူးသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်ရန် ရှိကြောင်း ရုရှားတာဝန်ရှိသူများက ရွှေဝါရောင်သံဃာ့အရေးအခင်းဖြစ်ခဲ့သော ၂၀၀၇ ခုနှစ်အတွင်း ထုတ်ဖော်ပြောဆိုဖူးသည်။
နျူကလီးယားသုတေသနစင်တာ တည်ဆောက်ရေးနှင့် ပတ်သက်၍ ရုရှားတာဝန်ရှိသူများက ထိုသို့ ပြောဆိုစဉ် ဆယ်နှစ်တာအတွင်း မြန်မာစစ်ဘက်ပညာတော်သင်အများအပြားကို လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

မြန်မာစစ်ဘက်အရာရှိ ၇၀၀ ကျော်မှာ နျူကလီးယားဆက်စပ်ပညာရပ်များဖြင့် ရုရှားနိုင်ငံတွင် ဘွဲ့ရသည်ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ်အတွင်း ရုရှားနိုင်ငံသို့ သီတင်းတစ်ပတ်ကြာ သွားရောက်ခဲ့စဉ်အတွင်း အာဏာသိမ်းခေါင်းဆောင်က ရုရှားနိုင်ငံတွင် စစ်ဘက်ပညာသင် ၇၀၀၀ ကျော်ရှိကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများအတွက် ရုရှားကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
နျူကလီးယားနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်တွင် ရုရှားနှင့် မြန်မာတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဖူးသည်။
ပြီးခဲ့သည့်နှစ်တွင် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်နှင့် စစ်ဗိုလ်ချုပ်များ ရုရှားနိုင်ငံသို့ မကြာခဏသွားရောက်ကာ စစ်လက်နက်ပစ္စည်းဝယ်ယူခြင်းများရှိသည့်နည်းတူ ရရှားစစ်ဘက်ခေါင်းဆောင်အချို့လည်း နေပြည်တော်သို့ လာရောက်ခဲ့သည်။
ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံသည့် နိုင်ငံအနည်း ငယ်တွင် ရုရှားလည်း ပါဝင်ပြီး အနောက်နိုင်ငံများ၏ ဒဏ်ခတ်အရေးယူမှုအပြင် ဘက်ပေါင်းစုံမှ ပိတ်ဆို့ခံထားရသည့် စစ်ကောင်စီကလည်း ရုရှားနှင့် စစ်ရေးသာမက စီးပွားရေးအရပါ ပူးပေါင်းဆောင်ရွက်နိုင်ရန် စိုင်းပြင်းလာသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ယူကရိန်းနိုင်ငံကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်သည့် ရုရှားသမ္မတ ပူတင်၏ လုပ်ရပ်ကို ထောက်ခံကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သည်။
ရုရှား – ယူကရိန်းစစ်ပွဲသည် အမေရိကန်နှင့် မြောက်အတ္တလန်တိတ်စာချုပ် (NATO) မဟာမိတ်အဖွဲ့၏ အကြံအစည်ဖြစ်ကြောင်း ပြောဆိုသည့်ပြင် ယူကရိန်းခေါင်းဆောင်နှင့် ပြည်သူများကိုပါ ပြစ်တင်ဝေဖန်သည့် ဆောင်းပါးတစ်ပုဒ်ကိုပင် အာဏာသိမ်းစစ်ကောင်စီက နိုင်ငံပိုင်သတင်းစာမှနေ၍ ဝါဒဖြန့်ချိခဲ့သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)