
နိုင်ငံတွင်း အမေရိကန်ဒေါ်လာရငွေ၊ ထွက်ငွေတို့ကို ကန့်သတ်ထိန်းချုပ်နေသည့် အာဏာသိမ်းစစ်ကောင်စီက ပြည်ပဘဏ်များနှင့် ငွေကြေးလွှဲပြောင်းပေးချေရာတွင် ရုရှားငွေပေးချေစနစ်ကို အသုံးပြုရန် စိုင်းပြင်းနေသည်။
ယူကရိန်းကို ကျူးကျော်မှုကြောင့် အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂက ရုရှားကို ကမ္ဘာတစ်ဝန်း ဘဏ်အချင်းချင်း ဆက်သွယ်ငွေချေသည့် SWIFT ကွန်ရက်အသုံးပြုခွင့် ပိတ်ပင်လိုက်ပြီးနောက် ရုရှားက ထူထောင်ထားသည့် ကိုယ်ပိုင်ငွေပေးချေကွန်ရက်တွင် ဝင်ရောက်အသုံးပြုရန် စစ်ကောင်စီ စီစဉ်နေခြင်း ဖြစ်သည်။
မြန်မာအနေဖြင့် SWIFT မဟုတ်သည့် အခြားငွေပေးချေမှုကွန်ရက်ဖြစ်သော ရုရှား၏ Financial Messaging System (FMS) အသုံးပြုရန် ရုရှားဗဟိုဘဏ်နှင့် စတင်ဆွေးနွေးထားပြီးဖြစ်သည်ဟု စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ဆိုသည်။
ရုရှားနိုင်ငံ စိန့်ပီတာစပတ်မြို့တွင် ပြုလုပ်သော ၂၅ ကြိမ်မြောက် စီးပွားရေးဖိုရမ် တက်ရောက်သည့် ဦးအောင်နိုင်ဦးက သတင်းထောက်များကို ပြောကြောင်းဇွန် ၁၈ ရက်နေ့ နိုင်ငံတကာသတင်းတချို့တွင် ဖော်ပြသည်။
“ရုရှားဘဏ်တွေနဲ့ ကျွန်တော်တို့ စတင်ညှိနှိုင်းခဲ့ပြီးပါပြီ။ အထူးသဖြင့် ကျွန်တော်တို့ကိုယ်စားလှယ်အဖွဲ့မှာ မြန်မာဗဟိုဘဏ်အကြီးအကဲရဲ့ အကြံပေးပါဝင်ပြီး SWIFT စနစ်ပါဝင်ခြင်း မရှိတဲ့ အခြားငွေပေးချေစနစ်ဆွေးနွေးရာမှာ ရုရှားဗဟိုဘဏ်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ငွေပေးချေစနစ်အတွက် မြန်မာအပါအဝင် အာဆီယံနိုင်ငံများနှင့် ညှိနှိုင်းရန် လိုအပ်သေးပြီး ရုရှားရူဘယ်၊ တရုတ်ယွမ်နှင့် ပြည်တွင်းငွေကြေးများဖြင့် အသုံးပြုသည့် အစပျိုးလုပ်ဆောင်မှုများ လိုအပ်နေကြောင်း ၎င်းက ဆိုသည်။
ခရီးသွားကဏ္ဍတွင် ကျပ်နှင့် ရူဘယ်ငွေသုံးစွဲနိုင်ရန် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် ရုရှား၏ National Payment Card စနစ်အကောင်အထည်ဖော်သည့် MIR အမှုဆောင်အရာရှိချုပ်တို့ ထိုစီးပွားရေးဖိုရမ်တွင် ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်သည့် မြန်မာ့အလင်းသတင်းစာတွင် ယမန်နေ့က ဖော်ပြသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွှယ်သည့် လူပုဂ္ဂိုလ်နှင့် လုပ်ငန်းများကို အနောက်နိုင်ငံများက အရေးယူပိတ်ဆို့ထားသည့်ပြင် မြန်မာနိုင်ငံကို အလုံးစုံစီးပွားရေးပိတ်ဆို့ရေးအတွက် SWIFT စနစ်ပိတ်ပင်ရန်လှုပ်ရှားမှုများရှိ၍ ရုရှားငွေပေးချေစနစ်ကို ချိတ်ဆက်ခြင်းဖြစ်နိုင်ကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“စစ်ကောင်စီနဲ့ပတ်သက်နေတဲ့ ခရိုနီကြီးတွေက မသုံးလို့မရတော့ ရုရှားမှာ ဘဏ်အကောင့်သွားဖွင့်ပြီး သူတို့ သုံးကိုသုံးကြရမှာ။ အောက်က သေးသေးမွှားမွှားတွေက နယ်စပ်တွေမှာပဲ (ဟွန်ဒီငွေလွှဲစနစ်ဖြင့်) ငွေလဲပြီးတော့ ချကြမှာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မန္တလေးမြို့မှ ထိုလုပ်ငန်းရှင်က ဆိုသည်။
သို့သော် ရုရှားကို နိုင်ငံပေါင်းစုံက အရေးယူပိတ်ဆို့ထားကြောင့် ၎င်းတို့ပိုင်ငွေပေးချေကွန်ရက်ကို မည်သည့်နိုင်ငံများက အသုံးပြုမည်ကို မသိရသေးသလို ကျယ်ကျယ်ပြန်ပြန့်မရှိနိုင်ကြောင်း ၎င်းက ယူဆသည်။
ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ပြီး အရပ်သားအစိုးရကို ဖြုတ်ချကာ ပြီးခဲ့သည့်နှစ်တွင် စစ်အုပ်စုက အာဏာသိမ်းပြီးနောက် ဒေါ်လာငွေလဲနှုန်း ကသောင်းကနင်းဖြစ်လာရာ ဒေါ်လာကို မှီခိုမှုလျှော့ရန် တွန်းအားပေးလုပ်ဆောင်ခဲ့သည်။
မြန်မာ၏အကြီးဆုံးကုန်သွယ်ဖက် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်ရာတွင် ယွမ်၊ ကျပ်တိုက်ရိုက်ပေးချေမှုကို ခွင့်ပြုလိုက်သလို ထိုင်းနယ်စပ်တွင်လည်း ဘတ်နှင့် ကျပ်တိုက်ရိုက်ပေးရန် အလားတူခွင့်ပြုခဲ့သည်။
ယွမ်/ကျပ်တိုက်ရိုက်ပေးချေရန် မြန်မာတွင် နိုင်ငံခြားဘဏ်ခွဲဖွင့်လှစ်ခွင့်ပြုထားသည့် Bank of China နှင့် Industrial and Commercial Bank of China တို့ကို မြန်မာ့စီးပွားရေးဘဏ်နှင့် ချိတ်ဆက်လုပ်ကိုင်ခွင့်ပြုလိုက်ပြီး ကုန်သည်များကို ယွမ်စာရင်းဖွင့်ခွင့်ပြုကြောင်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၅ တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်မှုအတွက် ဘတ်/ကျပ် တိုက်ရိုက်ပေးချေရန် ဆောင်ရွက်ခွင့်ရှိသည့်ဘဏ် (Designate Bank) တို့မှာ ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် (A Bank) နှင့် ထိုင်း Kasikorn ဘဏ်တို့ ဖြစ်သည်။
နယ်စပ်ကုန်သွယ်ရေးတွင် ကျပ်ငွေဖြင့် တိုက်ရိုက်ပေးချေခြင်းကို အိန္ဒိယ၊ ထိုင်းနှင့် တရုတ် သုံးနိုင်ငံတို့ဖြင့် သဘောတူလက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း အိန္ဒိယနှင့်ပါ အလားတူပေးချေနိုင်ရန် စီစဉ်နေကြောင်း စစ်ကောင်စီဘက်က ပြောဆိုထားသည်။
စစ်အာဏာသိမ်းပြီးနောက် အရေးယူမည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို အတွေ့အကြုံနှင့် ခံနိုင်ရည်ရှိပြီး မိတ်ဆွေနိုင်ငံအနည်းငယ်ဖြင့် ရှေ့ဆက်သွားမည်ဟု စစ်ကောင်စီက တရားဝင်ထုတ်ဖော်ပြောဆိုပြီး ရုရှားနိုင်ငံနှင့် စီးပွားရေးဆက်ဆံမှုများ တိုးမြှင့်လာသည်။
အုပ်ချုပ်မှုအာဏာ ရယူထားသည့် စစ်ကောင်စီသည် ကိုဗစ်ကပ်ဘေးနှင့် အာဏာသိမ်းမှုတို့ကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးဆိုင်ရာ အခြေအနေဆိုးများကို ကိုင်တွယ်ထိန်းသိမ်းနိုင်ခြင်း မရှိသေးပေ။ ဤအခြေအနေတွင် လမ်းပေါ်ထွက် ဆန့်ကျင်ကန့်ကွက်မှုများ၊ လက်နက်ကိုင်ခုခံမှုများကိုလည်း ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)