သတင်း

ယင်းမာပင်၊ ကောင်းဆင့်ရွာကို စစ်ကောင်စီတပ် မီးရှို့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း ဖြတ်သန်းသွားမည့် စစ်ယာဉ်တန်းအတွက် လမ်းကြောင်းရှင်းရန် ရောက်ရှိနေသည်ဟု ယူဆရသည့် ခြေလျင်စစ်ကြောင်းသည် ယမန်နေ့ (ဇွန် ၂၀) ရက် နံနက်က တပ်စွဲထားသည့် ကောင်းဆင့်ရွာမှ ထွက်ခွာချိန်တွင် မီးရှို့သွားခဲ့ရာ အိမ်ခြေအများအပြား ပျက်စီးခဲ့သည်။

မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုခန့်က သံချပ်ကာယာဉ်နှစ်စီးပါ အစီးရေ ၁၀၀ နီးပါးရှိ စစ်ယာဉ်တန်းသည် ပုလဲမြို့နယ်ဘက်မှ မုံရွာသို့ ပြန်ဆင်းလာနေသည်ဟု သတင်းရကြောင်း၊ တိုက်ခိုက်မခံရစေရန် ယင်းမာပင်မြို့နှင့် ၃ မိုင်ခန့်အကွာ ကောင်းဆင့်ရွာတွင် ကြိုတင်တပ်စွဲထားခြင်း ဖြစ်သည်ဟု ယူဆရကြောင်း ယမန်နေ့က ပြောသည်။

“ကောင်းဆင့်ရွာကနေ စပယ်တောင်၊ ကြေးစင်တောင်ထိ ကင်းပုန်းတွေထားပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်တယ်။ အဲဒီလိုလုပ်ရင်း လုပ်ရင်းနဲ့ ၃ ရက်လောက် ကြာသွားတယ်။ ဒီနေ့မှ စထွက်တာပေါ့ဗျာ။ ပထမဆုံး ခြေလျင်စစ်ကြောင်းထိုးတယ်။ ကားတွေ အနောက်မှာ ထားခဲ့တယ်။ တည်ငြိမ်ပြီ၊ နယ်မြေရှင်းလင်းပြီဆိုမှ ယာဉ်တန်းစထွက်တယ်” ဟု ကိုခန့်က ပြောသည်။ 

မီးလောင်နေသည့် အိမ်ခြေ ၁၀၀ ကျော်ခန့်ရှိ ကောင်းဆင့်ရွာကို ဒေသခံကာကွယ်ရေးအဖွဲ့များက မီးငြှိမ်းရန် ကြိုးပမ်းနေစဉ် ထိုစစ်ကြောင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်သည်ဟု ဆိုသည်။

“အခုထိ လောင်နေတုန်းပဲ။ ဝိုင်းငြှိမ်းနေတုန်းကို ထပ်လာလို့ ထပ်ပြေးရတာ။ ခု လောင်နေတုန်းပဲ။ မီးခိုးတွေ တလူလူပဲ” ဟု ကိုခန့်က ယမန်နေ့ မွန်းလွဲ၂ နာရီဝန်းကျင်က Myanmar Now ကို ပြောသည်။ 

“ပထမအကြိမ်သွားကပ်တော့ သူတို့က ဒုတိယအကြိမ် ပြန်ပြီးထိုးစစ်ဆင်လာတယ်။ ကျွန်တော်တို့ ဆုတ်ပေးရတဲ့ အပိုင်းရှိတာပေါ့။ အဲဒီတော့ ဘယ်နှအိမ်၊ ဘယ်သူ့အိမ်တွေဆိုတာတော့ အသေးစိတ်တော့ ပြောလို့ မရသေးဘူး”

ဇွန် ၁၇ ကတည်းက ယင်းမာပင်မြို့နယ်သို့ ရောက်ရှိနေသည့် စစ်ကောင်စီယာဉ်တန်းသည် ထိုခြေလျင်စစ်ကြောင်းက နယ်မြေရှင်းလင်းပြီးနောက် ဇွန် ၂၀ တွင်မှ မုံရွာမြို့သို့ ဆက်လက် ထွက်ခွာနိုင်ခြင်းဖြစ်သည်။ 

အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့သည် ပုလဲမြို့နှင့် မိုင် ၄၀ ခန့်သာ ကွာဝေးရာ ကားဖြင့် သွားလာပါက နှစ်နာရီခန့် ကြာမြင့်သော်လည်း လမ်းတစ်လျှောက် ဒေသခံကာကွယ်ရေးအဖွဲ့များ မိုင်းဆွဲခြင်း၊ တိုက်ခိုက်ခြင်းများ အားကောင်းသည့်အတွက် ခြေချင်စစ်ကြောင်းက လမ်းကြောင်းရှင်းလင်းနေခြင်း ဖြစ်သည်။

စစ်ကောင်စီယာဉ်တန်း ဖြတ်သန်းချိန်တွင် တိုက်ခိုက်ကြရန် ပြင်ဆင်ထားသော်လည်း တိုက်ပွဲဝင်လက်နက်မရှိသဖြင့် တိုက်ခိုက်မှု အားနည်းခဲ့သည်ဟု ကိုခန့်က ပြောသည်။ 

“ထင်သလောက် မတိုက်ခိုက်နိုင်ခဲ့ဘူးဗျာ။ ရန်သူ့စစ်ကောင်စီဘက်က အင်အားကလည်း အရမ်းများတာကိုးဗျ။ သံချပ်ကာကားတို့၊ စက်သေနတ်မော်တာတို့ကလည်း အရန်သင့်တင်ထားတာလေ” ဟု ကိုခန့်က ဒေသခံကာကွယ်ရေးအဖွဲ့များ ရင်ဆိုင်နေရသည့် အခြေအနေကို ပြောသည်။ 

“ကျွန်တော်တို့က တူမီးတို့ ခွံထိုးတို့နဲ့ တိုက်နေရတော့ ကျွန်တော်တို့ ပစ်လိုက်တာက ထိရောက်မှုက အလွန်အင်မတန်နည်းတယ်။ လက်နက်တွေက ခေတ်မမီတော့ဘူးလို့ ပြောလို့ရတယ်”

ကောင်းဆင့်ရွာကို စစ်ကောင်စီတပ် မီးရှို့သွားသည်ဟူသော မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ တုံ့ပြန်ချက်ရယူရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။ 

မီးရှို့တပ်ဟု အမည်ပေးခံနေရသော်လည်း စစ်ကောင်စီကမူ ၎င်းတို့၏တပ်များ ထိုသို့ လုပ်ဆောင်ခြင်းမရှိဟု မကြာခဏ တုံ့ပြန်တတ်သည်။

မုံရွာသွားမည့် ထိုယာဉ်တန်းသည် ဝမ်ပေါင်ကြေးနီစီမံကိန်းနယ်မြေကို ဖြတ်သန်းချိန်တွင် ကြေးနီပြားတင်ဆောင်ထားသည့် ကား ၅ စီး ထိုယာဉ်တန်းနှင့် လိုက်ပါသွားသည်ကို တွေ့ရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ယင်းမာပင်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

“ကုမ္ပဏီက ကြေးပြားကားတွေကို တစ်ပါတည်းညှပ်ထုတ်သွားတယ်။ ဝမ်ပေါင်ကုမ္ပဏီနား ၅၁ လမ်းဆုံကနေ ဖြတ်သွားတော့ သူတို့ရောက်တော့ ကုမ္ပဏီကနေ ထုတ်သွားတယ်။ အလယ်ကနေ တစ်စီးတန်သည်၊ နှစ်စီးတန်သည်နဲ့ ကြေးပြားကား ၅ စီးလောက်ပါသွားတယ်။ လုံခြုံရေးအရ တစ်ခါတည်းခေါ်သွားတာပေါ့” ဟု ထိုဒေသခံက ဆက်ပြောသည်။

ထိုယာဉ်တန်းသည် ယမန်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ရောက်သွားကြောင်း ဒေသခံများထံမှ သိရသည်။ 

ယာဉ်တန်းဖြတ်သန်းချိန် လမ်းတစ်လျှောက် ကင်းပုန်းဝပ်သည့် စစ်ကောင်စီစစ်ကြောင်းများကြောင့် ကျေးစာကျ၊ ဘိန်းနွယ်ချောင်၊ ရွာသာ၊ ဒုံးတော၊ ကံကုန်းအပါအဝင် ရွာ ၉ ရွာမှ ဒေသခံရှစ်ထောင်ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

ယာဉ်တန်း ခရီးဆုံးရောက်သွားသော်လည်း လမ်းတစ်လျှောက် ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းပုန်းဝပ်ဆဲဖြစ်သည့်အတွက် ဒေသခံများ နေရပ်ပြန်နိုင်ခြင်း မရှိသေးကြောင်း စစ်ရှောင်အရေးကူညီနေသူများထံမှ သိရသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button