
မြို့ပြပြောက်ကျားသပိတ်များတွင် ပါဝင်သည့် စွပ်စွဲချက်ဖြင့် ရက်သတ္တတစ်ပတ်အတွင်း ရန်ကုန်မြို့၌ လူငယ် ၃၀ ဦးထက်မနည်း ဖမ်းဆီးခံရပြီး ထိုသူများမှာ ၃ ရက်ကြာသည်အထိ မည်သည့်နေရာမှာ ထိန်းသိမ်းထားသည်ကို မသိရဘဲ အဆက်အသွယ်ပြတ်တောက်နေသည်။
စစ်ကောင်စီက ဇွန် ၁၃ မှစပြီး သပိတ်ကော်မတီဝင်များ၊ နိုင်ငံရေးပါတီနှင့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များကိုသာမက ၎င်းတို့ ဖမ်းလိုသူတချို့၏ မိသားစုဝင်များကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ကျောင်းသားသမဂ္ဂများနှင့် ရန်ကုန်မြို့ခံများထံမှ သိရသည်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ အသက် ၂၂ နှစ်အရွယ် ဒုတိယနှစ် ဥပဒေကျောင်းသူ မရွှေရည်ဝင်းသည် မိသားစုဝင်များကို ဓားစာခံအဖြစ်မခံလိုသောကြောင့် တိမ်းရှောင်မှုမပြုခဲ့ဟု သိရသည်။
သို့သော်လည်း စစ်ကောင်စီတပ်က ၎င်း၏ ဖခင်ဖြစ်သူကိုပါ ဖမ်းဆီးသွားသည်ဟု ဆိုသည်။
“အိမ်မှာ အဖမ်းခံလိုက်တဲ့သဘောပေါ့။ သူမိဘတွေ ပါမှာစိုးလို့ စိုးရိမ်မှုနဲ့ (လာဖမ်းတာ) စောင့်လိုက်တာ။ သူ့အဖေပါ ပါသွားတယ်” ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုမင်းသူရိန်က ပြောသည်။
သူတို့နှစ်ဦးကို ကြည့်မြင့်တိုင်မြို့နယ်၊ အိုးဘိုလမ်းနေအိမ်၌ ဇွန် ၁၅ ည ၁၀ နာရီခန့်က စစ်တပ် အင်အားအများအပြားဖြင့် လာရောက်ဖမ်းဆီးခဲ့သည်ဟု သိရသည်။
သူတို့နှစ်ဦးကို ကြည့်မြင်တိုင်မြို့နယ်ရဲစခန်းတွင် နောက်တစ်နေ့ (ဇွန် ၁၆) ညနေအထိ ဖမ်းဆီးထိန်းသိမ်းထားရာမှ နေရာပြောင်းလိုက်ကြောင်း၊ အသေးစိတ်အချက်အလက်များကို မသိရသေးကြောင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ယမန်နေ့က ထုတ်ပြန်ထားသည်။
အလားတူအဖြစ်အပျက်မျိုး မြို့ပြပြောက်ကျားသပိတ်များ အားကောင်းသည့် ကမာရွတ်မြို့နယ်တွင်လည်း ဖြစ်ပွားခဲ့သည်။
ဇွန်လ ၁၄ ရက်နေ့က ကမာရွတ်မြို့နယ်၊ နီလာလမ်းတွင် နေထိုင်သည့် ကိုဇွဲဆိုသူကို စစ်တပ်က လာရောက်ဖမ်းဆီးရာ ရှာမတွေ့သဖြင့် အသက် ၄၈ နှစ်အရွယ် မိခင်ဖြစ်သူနှင့် အသက် ၅ နှစ်အရွယ် ညီမဖြစ်သူကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ထိုရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။
“ခုအချိန်ထိတော့ ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာကို မသိရသေးပါဘူး။ သားဖြစ်တဲ့သူက ထွက်ပြေးလွတ်မြောက်တော့ အမေနဲ့ ညီမကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတာပါ” ဟု ဆိုသည်။
စစ်တပ်က မြို့ပြပြောက်ကျားသပိတ်များတွင် ပါဝင်သူ ကျောင်းသားလူငယ်များကိုသာမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များကိုလည်း ဧည့်စာရင်းအကြောင်းပြကာ ဖမ်းဆီးခဲ့သည်။
ဇွန် ၁၅ ညပိုင်းက NLD ပါတီ၏ ကျောက်တံတားမြို့နယ် ဗဟိုအလုပ်အမှုဆောင် ၂ ဦး ဧည့်စာရင်းအကြောင်းပြ အဖမ်းခံရပြီး ယနေ့ (ဇွန် ၁၇) ထိ အဆက်အသွယ်မရသေးကြောင်း၊ ဖမ်းဆီးခံရသူများမှာ နိုင်ငံရေးနှင့် ဆက်လက်ပတ်သက်ခြင်းမရှိတော့သူများဖြစ်ကြောင်း ပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“သူတို့က လက်ရှိအချိန်မှာ ပါတီလုပ်ငန်းတွေ ဘာမှ မရှိတဲ့အတွက် အရပ်သားအသွင်နဲ့ နေနေကြတာကို ဖမ်းသွားတဲ့ ပုံစံမျိုးဖြစ်နေတယ်” ဟု ဆိုသည်။
ဆန္ဒပြသပိတ်တွင် ပါဝင်သူများကို ပြည်သူလူထုက တတ်နိုင်သမျှ ကူညီကာကွယ်ပေးစေလိုကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးအထွေထွေသပိတ်ကော်မတီ (GSC) ၏ မြေပြင်တာဝန်ခံဖြစ်သူ ကိုလီယိုက တိုက်တွန်းသည်။
“ကိုယ်တိုင်ကလည်း သိုသိုသိပ်သိပ်နေရင် လုံခြုံရေးပိုအဆင်ပြေပါတယ်။ ပြီးတော့ ခေတ္တဆိုတဲ့ အခြေအနေမှာ လူထုအတွက် ထိခိုက်မှုတော့ မရှိနိုင်ပါဘူး။ မိသားစုတစ်ခုလုံးကို ပစ်ပြီးပြေးရတဲ့ လူငယ်တွေမို့ ဒီလိုအခြေအနေကို နားလည်ကူညီပေးချင်တာပါ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူ ၁၁၀၈၁ ဦးကို ဆက်လက်ဖမ်းဆီးထားပြီး သေဒဏ်ချမှတ်ခံထားရသူ ၁၁၄ ဦးအထိ ရှိနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇွန် ၁၆ တွင် ထုတ်ပြန်ထားသည်။
စစ်တပ်က မြို့ပြပြောက်ကျားလှုပ်ရှားမှုများကို နှိမ်နင်းနေပြီး မြို့ပြပြောက်ကျားများ နေထိုင်ရန် လက်ခံသူတို့၏ နေအိမ်များကိုပါ ချိပ်ပိတ်သိမ်းဆည်းနေသောကြောင့် စစ်ကောင်စီကို ဆန့်ကျင်ရေး၊ တိုက်ခိုက်ရေးလှုပ်ရှားမှုများ ပိုမို ခက်ခဲလာနေသည်ဟု သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)