သတင်း

ဒီပဲယင်း မူးကမ်းကြီးရွာကို စစ်တပ် မီးရှို့၊ တိုက်ပွဲတွင် PDF တစ်ဦး သေဆုံး

ယမန်နေ့ (ဇွန် ၁၄ ) မွန်းလွဲက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးမြစ်ကမ်းဘေးရှိ မူးကမ်းကြီးကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဝင်ရောက်စီးနင်းခဲ့ရာ အိမ်ခြေ ၂၀၀ ခန့် မီးရှို့ဖျက်ဆီးခံရသလို ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင် လူငယ်တစ်ဦး သေဆုံးခဲ့သည်။ 

ရွှေဘိုမြို့နယ်၊ ရေကြည်ဝကျေးရွာဘက်မှ လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်သည် မွန်းလွဲ ၂ နာရီခန့်တွင် မူးကမ်းကြီးကျေးရွာအနီး ရောက်ရှိလာသည်ဟု ဒေသခံများထံမှ သိရသည်။ 

ရွာအတွင်းသို့ လက်နက်ကြီးဖြင့် ၁၀ ချက်ထက် မနည်းပစ်ခတ်ပြီး စစ်ဗိုလ်တစ်ဦး၏ ညွှန်ကြားချက်ဖြင့် မီးရှို့ဖျက်ဆီးမှုများ ပျော်ပျော်ပါးပါး ကျူးလွန်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း အသက် ၃၀ နှစ်အရွယ် ဒေသခံအမျိုးသားက  ပြောသည်။ 

“အားလုံးပေါင်း ၇၆ ယောက်လောက် ရှိမယ်။ ကျွန်တော် ပုန်းနေတဲ့ အိမ်ဘေးက တစ်တောင်လောက် အကွာအဝေးကနေ မြင်နေရတာ။ အိမ်ပေါ်ကကြည့်တော့ ခြေထောက်တွေပဲ မြင်နေရတာ။ သူတို့က ပျော်ပျော်ပါးပါး ရှို့နေကြတာပေါ့ဗျာ” ဟု စစ်တပ်ရောက်လာချိန်တွင် ထွက်ပြေးရန် အချိန်မရတော့သဖြင့် နေအိမ်တစ်လုံးတွင် ပုန်းအောင်းနေခဲ့ရသည့် ၎င်းက ပြောသည်။ 

၎င်းပုန်းအောင်းနေသည့် နေအိမ်ရှေ့သို့ စစ်သားများ ရောက်ရှိလာကြောင်း၊ စစ်သားများက မီးရှို့ရန် ကြိုးပမ်းသော်လည်း မီးလောင်ကျွမ်းခြင်းမရှိဘဲ ယနေ့ (ဇွန် ၁၅) နံနက်ပိုင်း စစ်တပ် ပြန်ထွက်သွားချိန်တွင် လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောပြသည်။  

“သူတို့က ဗိုလ်ကျော်ထွန်း (စစ်ဗိုလ်) ရှို့ရမလားလို့ မေးတော့ ရှို့ဆိုတော့ အဲဒီထဲက ၂ ယောက်က အိမ်ထဲကို ဝင်လာတယ်။ ဒီကောင်တွေ အိမ်ထဲဝင်လာတော့ အရက်စော်တွေ တအားပဲ နံတယ်။ ကျွန်တော်က ခုတင်အောက်မှာ ပုန်းနေတာ သူတို့ မမြင်လို့ပေါ့။ မြင်ရင် သေမှာပဲ” ဟု ၎င်းက ဆက်ပြောသည်။ 

သူပုန်းအောင်းခဲ့သည့်အိမ် မီးမလောင်သော်လည်း သူ၏နေအိမ်နှင့် လုပ်ငန်းများမှာ မီးရှို့ဖျက်ဆီးခံလိုက်ရသည်။

၎င်းပိုင်ဆိုင်သည့် နေအိမ်အပါအဝင် စပါး၊ ဆန်၊ ဆီ၊ လက်ဖက်ရည်ဆိုင်သုံးပစ္စည်းများ မီးလောင်ကျွမ်းကြောင်း မူးကမ်းကြီးရွာတွင် လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ထားသူ အထက်ပါအမျိုးသားက ပြောသည်။ 

“အိမ်ရော ဆန်တို့ ဆီတို့ စပါးတို့ အကုန်ပါသွားတယ်ဗျ။ စက်တွေရော။ စပါးက တင်း ၂၀၀ ကျော် ပါသွားတယ်။ သိန်း ၂၇၀ လောက် ပါသွားတယ်။ အုတ်တိုက်ရော ဆိုတော့လေ” ဟု ၎င်းက ဆက်ပြောသည်။ 

“ကျွန်တော်က ဒီကောင်တွေ မြန်မြန်သေပါစေလို့ ဆုတောင်းတယ်ဗျာ။ ဘယ်လိုမှ မတရားဘူးဗျာ။ ကျွန်တော်တို့ပဲ အခွန်တွေဆောင်တယ်။ ကျွန်တော်တို့ ပိုက်ဆံတွေစားပြီးတော့ ကျွန်တော်တို့ကို ပြန်လုပ်တယ်ဗျာ” 

အဆိုပါ စစ်ကြောင်းမှာ ဇွန် ၁၂ မှ စတင်၍ ရွှေဘိုမြို့နယ် ရွာဆိုးနှင့် ပေါက်ခြိုင် ကျေးရွာများကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ဇွန် ၁၃ တွင် တည်ပင်နှင့် ထူးကြီးကျေးရွာများတွင် တပ်စွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

မူးမြစ်တစ်ဖက်ကမ်း ရေကြည်ဝမှ မူးကမ်းကြီးကျေးရွာသို့ စစ်ကြောင်းထိုးလာသည့်တပ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ခုခံတိုက်ခိုက်ရန် ကြိုးပမ်းခဲ့သော်လည်း လက်နက်အင်အား မမျှတ၍ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဒေသခံအဖွဲ့တစ်ဖွဲ့ဖြစ်သော မင်းမနိုင်သိမ်းငှက်အဖွဲ့၏ ခေါင်းဆောင်က ပြောသည်။

“ကျွန်တော်တို့က ဒီဘက် မူးမြစ်ဘက်ကနေပြီး အဆင်သင့်စောင့်နေတဲ့ အချိန်မှာ သူတို့ဘက်ကနေပြီး လက်နက်အင်အား သာလွန်တဲ့ ၆၀ မမတွေရော ၄၀ မမ တွေနဲ့ရော တအားထုတာကြောင့် ကျွန်တော်တို့ နောက်ဆုတ်ခဲ့ရပါတယ်” ဟု ၎င်းက ဆိုသည်။ 

တိုက်ပွဲတွင် ဒီပဲယင်းမြို့နယ်၊ ကြည်ရွာမှ အသက် ၃၀ နှစ်အရွယ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များကို လက်နက် အမြန်ဆုံးတပ်ဆင်ပေးရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။ 

“NUG တို့ CRPH တို့ကို တောင်းဆိုချင်တာက လက်နက်တပ်ဆင်ပေးစေချင်တယ်။ လက်လုပ်သေနတ်လေးတွေနဲ့ ကျည်ကိုမှ ၁၀ တောင့်၊ ၁၅ တောင့်လောက်နဲ့ ရင်ဆိုင်နေကြရတာ။ သူတို့က လူ ၁၀၀ လာရင် လူ ၁၀၀ လုံး မောင်းပြန် (သေနတ်) ပါတယ်ဗျ” ဟု ၎င်းက ပြောသည်။ 

တစ်တောင့်ထိုးသေနတ် ၁ လက်ကို ရဲဘော် ၃ ယောက် မျှကိုင်နေရသည့် အခြေအနေမျိုးဖြစ်နေပြီး လိုအပ်သည့် ကျည်ဆန်များကိုလည်း ကိုယ်ပိုင်ငွေဖြင့် ဝယ်ယူနေရ၍  စစ်တပ်ကို ခုခံတိုက်ခိုက်နိုင်ရန် အခက်တွေ့နေရသည်ဟု ၎င်းက ဆက်ပြောသည်။ 

“အထက်လူကြီးတွေကို တောင်းဆိုချင်တာက ကျွန်တော်တို့မှာ စိတ်ဓာတ်ရှိပါတယ်။ စားစရာ၊ နေစရာကို ကျွန်တော်တို့ ဘယ်လိုပဲ နေရနေရ၊ ဘယ်လိုပဲ စားရစားရ၊ ကျွန်တော်တို့ကို လက်နက်တပ်ဆင်ပေးလို့ရှိရင် ဒီကောင်တွေကို ကျွန်တော်တို့ မနိုင်စရာ အကြောင်းမရှိဘူးလို့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းစစ်တပ်ကို နိုင်ငံအနှံ့ ခုခံစစ်ဆင်နေသည်မှာ ၁ နှစ်နီးပါး ကြာမြင့်လာခဲ့ပြီးနောက် NUG က လာမည့် မိုးရာသီတွင် တိုက်ပွဲအရှိန်မြှင့်မည်ဟု Myanmar Now ကို ပြောထားသည်။ 

သို့သော်လည်း လက်တွေ့တွင်မူ လက်နက်အင်အားမမျှတမှုကြောင့် ဒေသအများအပြားမှ ပြည်သူ့ကာကွယ်ရေးတပ်များမှာ စစ်ကြောင်းထိုးသည့် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်သည်မှအပ တုံ့ပြန်တိုက်ခိုက်နိုင်ခြင်း မရှိပေ။ 

စစ်တပ်က စစ်ကိုင်းတိုင်းတွင် ရွာများကို နေ့စဉ် မီးရှို့နေသည်ဟု ဒေသခံတို့က ပြောသော်လည်း ဗိုလ်ချုပ်ကြီးများကမူ ၎င်းတို့အပြစ်ကင်းကြောင်း တုံ့ပြန်လေ့ရှိသည်။

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းမှ အိမ်ခြေ ၁၃,၀၀၀ ကျော် မီးရှို့ဖျက်ဆီးထားသည်ဟု ထိုဖြစ်ရပ်များကို လေ့လာစောင့်ကြည့်နေသည့် Data for Myanmar အဖွဲ့က ဇွန် ၇ တွင် ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button