စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရောက် စစ်ကောင်စီစစ်ကြောင်းတစ်ခုက ၎င်းတို့၏ လုံခြုံရေးအတွက် ဓားစာခံအဖြစ် ဖမ်းလာသည့် အမျိုးသားနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်သဖြင့် ဇွန် ၁၂ တွင် တော်လှန်ရေးသမားများနှင့် ဒေသခံများက ရုပ်အလောင်းနှစ်ခုကို သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့ အမှတ် ၈ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း အခြေစိုက်တပ်မှ ကားဖြင့် လာသော စစ်ကြောင်းတစ်ခု ကြို့ကန်ရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံရအပြီး ထိုစစ်ကြောင်းက ရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်သလို ဓားစာခံ ၂ ဦးကို ရွာအနီး ပစ်သတ်ကြကြောင်း မိုင်းဆွဲတိုက်ခိုက်ရာမှာ ပါဝင်ခဲ့သည့် ခင်ဦးအခြေစိုက် နဂါးညီနောင်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ရွာကို လက်နက်ကြီးနဲ့ ပစ်တဲ့အဖွဲ့က ပစ်သတ်သွားတာ၊ မြေနီသျှိုလမ်းဆုံမှာ သတ်သွားတာ” ဟု ၎င်းက ဆိုသည်။
သေဆုံးနေသူနှစ်ယောက်တွင် အညိုအမည်းဒဏ်ရာများ ရှိနေကြောင်း ဒေသခံတို့ ရိုက်ကူးထားသော ဓာတ်ပုံများတွင် တွေ့ရသည်။
ထိုရုပ်အလောင်းနှစ်လောင်းကို ထို့နေ့မှာပင် ဒေသခံများနှင့် ကာကွယ်ရေးအဖွဲ့များက သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။
သေဆုံးသူတို့မှာ အသက် ၂၀ ကျော်နှင့် အသက် ၅၀ ကျော်အရွယ် အမျိုးသားများဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။
သေဆုံးသူလူငယ်မှာ ခင်ဦးမြို့နယ်၊ အင်တိုင်းကြီးရွာသား ကိုချမ်းသာဖြစ်မည်ဟု ယူဆရကြောင်း ခင်ဦး PDF တပ်ရင်း ၃ မှ ပြောဆိုခွင့်ရှိသူကလည်း ပြောသည်။
သို့ရာတွင် စစ်ကောင်စီတပ်က ထိုသူနှစ်ဦးကို မည်သည့်အချိန်၊ မည်သည့်နေရာတွင် ဖမ်းဆီးခဲ့ကြောင်း မသိရသေးပေ။
မိုင်းထိအပြီး ရွာမီးရှို့
ဇွန် ၁၁ ညနေပိုင်းတွင် ခင်ဦးမြို့ဘက်မှ လာသည်ဟု ယူဆရသော စစ်ကြောင်းတစ်ခု ကြို့ကန်ရွာအနီး မိုင်းထိပြီး ထိုစစ်ကြောင်းမှ လက်နက်ကိုင်များက ညနေ ၅ နာရီခွဲခန့်တွင် အနီးရှိ ကြို့ကန်ရွာကို ဝင်ရောက်မီးရှို့ခဲ့သည်။
စစ်တပ်က လက်နက်တပ်ဆင် လေ့ကျင့်ပေးထားသည့် ပြည်သူ့စစ် ခေါ် ပျူစောထီးတို့လည်း ထိုစစ်ကြောင်းနှင့်အတူ ရှိနေသည်ဟု ဆိုသည်။
ကြို့ကန်ရွာမှ ၆ မိုင်ခန့်အကွာရှိ ရွှေဘိုမြို့ အမှတ် ၈ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းဘက်မှ လာသော ဒုတိယစစ်ကြောင်းသည် ရွာကို မီးရှို့နေသူတို့ကို စစ်ကူပေးရန် ရောက်လာခြင်း ဖြစ်နိုင်သည်ဟု တော်လှန်ရေးသမားတို့က ယူဆသည်။
“ပထမဆုံး ပျူနဲ့ စစ်သား စစ်ကားနှစ်စီးက ကြို့ကန်နားမှာ မိုင်းဆွဲခံရတာ၊ တော်တော်သေသွားတယ်။ အဲဒီမှာ ရွှေဘိုဘက်က စစ်ကူလာတဲ့အဖွဲ့ကလည်း ထပ်ဆွဲခံရတယ်၊ သေတဲ့စစ်သားတွေကို ရွာကို မီးရှို့တဲ့အထဲမှာပဲ သင်္ဂြိုဟ်သွားတာ” ဟု နဂါးညီနောင်အဖွဲ့မှ အထက်ပါအမျိုးသားက ပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် စစ်သားနှင့် ပျူစောထီး ၁၈ ဦးခန့် သေဆုံးနိုင်ကြောင်း ၎င်းက ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
နောက်တစ်နေ့ (ဇွန် ၁၂) နံနက် ၅ နာရီခန့် တွင် မီးရှို့စစ်တပ် ကြို့ကန်ရွာမှ ပြန်ထွက်သွားပြီးနောက် ဒေသခံတို့ ရွာအတွင်း ဝင်ရောက်ကြည့်ရှုရာ နေအိမ် ၃၇ လုံးခန့် မီးလောင်ပျက်စီးသွားခဲ့သည်ဟု သိရကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။
ဒေသခံများ ပေးပို့သည့် မှတ်တမ်းဓာတ်ပုံများတွင် ရွာအတွင်း မီးလောင်နေဆဲ နေအိမ်များ၊ သွေးစွန်းနေသော စစ်ဖိနပ်များကို တွေ့ရသည်။
ကံသစ်ရွာ မီးရှို့မှု
ပြီးခဲ့သည့် ဇွန်လ ၁၀ ကလည်း ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ရာ နေအိမ် ၅၀ ဝန်းကျင် ပျက်စီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“စစ်သားတွေ ရွာကို ဝင်နေတဲ့အချိန် ရွာအပြင်နားမှာ သေနတ်သံကြားလို့ ဆိုပြီးတော့ ရွာကို မီးတင်ရှို့သွားတာ၊ ၅၀ လောက် ပါသွားတယ်။ ဒါတောင် စစ်သားတွေ ထွက်သွားတဲ့အချိန် ဝင်ငြှိမ်းနိုင်လို့” ဟု ၎င်းက ဆိုသည်။
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကားများဖြင့် လှည့်လည်သွားလာနေဆဲဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီတပ်ကလည်း ဒေသတွင်း စစ်ကြောင်းထိုး သွားလာရာတွင် အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်ထားခြင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရမှုမှ ကာကွယ်နိုင်ရေးအတွက်ဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။
ခင်ဦးမြို့ ပစ်ခတ်၊ မီးရှို့မှုများနှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးပမ်းသော်လည်း စစ်ကောင်စီပြန်ကြားရေးအရာရှိတို့ကို ယနေ့ ညနေပိုင်းအထိ ဖုန်းခေါ်ဆိုနိုင်ခြင်း မရှိသေးသလို ၎င်းတို့၏ သတင်းထုတ်ပြန်ချက်များတွင်လည်း ထိုကဲ့သို့သော ဖြစ်ရပ်မျိုးကို ထည့်သွင်းလေ့မရှိပေ။
အိမ်မီးရှို့မှု၊ ဓားစာခံအဖြစ် ဖမ်းဆီးမှု စသည့် ပြောဆိုချက်များကို စစ်ဗိုလ်ချုပ်တို့က ပယ်ချလေ့ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)