
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရက္ခိုင့်တပ်တော် (AA) ထံ ထွက်ပြေးခိုလှုံလာသည့် စစ်ကောင်စီတပ်သားအရေအတွက် ရာနှင့်ချီ ရှိသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။
ယနေ့ ပြုလုပ်သော AA ၏တတိယအကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် Myanmar Now ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ဖြေကြားခြင်းဖြစ်ကာ ထွက်ပြေးခိုလှုံလာသူများရှိသလို ဖမ်းဆီးထားသည့် စစ်ကောင်စီအရာရှိတချို့လည်း ရှိကြောင်း ခိုင်သုခက ပြောသည်။
“AA ဆီကို ထွက်ပြေးခိုလှုံလာတဲ့ စစ်ကောင်စီတပ်သားအရေအတွက် ရာနဲ့ချီပြီးရှိပါတယ်။ အဲဒီလူတွေကို ကျွန်တော်တို့ တတ်နိုင်သလောက် လူသားချင်းစာနာမှုအပြည့်နဲ့ ကူညီပေးနေတာတွေရှိတယ်။ လူအရေအတွက်အတိအကျကိုတော့ ကျွန်တော်တို့ ထုတ်ဖော်ပြောဆိုဖို့ မရှိဘူး” ဟု သူက ဆိုသည်။
ထွက်ပြေးခိုလှုံလာသူများကို အတတ်နိုင်ဆုံး အကောင်းဆုံး နေရာချထားပေးသည်ဟုလည်း ခိုင်သုခက ပြောသည်။
“ကျွန်တော်တို့ ULA/AA တပ်ဖွဲ့ဝင်အချို့ကို ချက်ချင်းပြန်လွှတ်ပေးတယ်ဆိုရင်တော့ သူတို့တပ်ဖွဲ့ဝင်တွေကိုလည်း ချက်ချင်းပြန်လွှတ်ပေးမယ်လို့ စဉ်းစားထားတယ်။ ကျွန်တော်တို့ဘက်က ဖမ်းဆီးထိန်းသိမ်းထားတာ စစ်ကောင်စီဘက်က အရာရှိတချို့ ရှိတယ်။ အဲဒီနှစ်ဖက်ဖမ်းဆီးထားတဲ့တပ်ဖွဲ့ဝင်တွေ ပြန်ပြီးလွတ်မြောက်ဖို့ ကိုယ့်အဖွဲ့အစည်းကို ပြန်ပြီးရောက်ရှိဖို့အတွက်ကတော့ ကြားခံအဖွဲ့အစည်းတွေနဲ့ ညှို့နှိုင်းဆောင်ရွက်နေတာတွေရှိပါတယ်” ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
လတ်တလောတွင် နာမည်အတိအကျ ထုတ်ပြောရန်မရှိကြောင်း၊ အကျဉ်းသားချင်းလဲလှယ်နိုင်ရေး ဖမ်းဆီးထားခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ဇွန် ၁၁ တွင် ရက္ခိုင့်တပ်တော် (AA) က ကျောက်တော်မြို့ပေါ်ရှိ ယူနီဖောင်းဝတ် တပ်သား ၂ ဦးကို ဖမ်းဆီးသွားကြောင်း မြို့ခံများက ပြောသည်။
မေ ၂၂ တွင်လည်း ကျောက်တော်မြို့ မဟာမုနိဘုရားအနီး တပ်စွဲထားသော စစ်ကြောင်းမှ စစ်သား ၁ ဦး AA ထံ ထွက်ပြေးသွားကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
ရခိုင်ဒေသ၌ တာဝန်ကျသည့် စစ်သားများမှာ စစ်တပ်အာဏာမသိမ်းမီကပင် စစ်တပ်အပေါ် စိတ်ပျက်နေကြကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ဗိုလ်ကြီးညီသုတက Myanmar Now ကို မှတ်ချက်ပြုသည်။
“အဲဒီဘက်မှာ တာဝန်ကျနေတဲ့ စစ်သည်အရာရှိတွေက တော်တော်လေးကို စိတ်ပျက်နေကြတာ။ ဘာကြောင့်လဲဆိုတော့ သူတို့ တော်တော် ခက်ခက်ခဲခဲ တိုက်ရတဲ့အနေအထားပေါ့။ ဒါကြောင့်မို့ စိတ်ဓာတ် အင်မတန်ကျနေတယ်ဆိုတာမျိုး ဒီအာဏာမသိမ်းခင်ကတည်းက ကျွန်တော်တို့ သိရတယ်”
“ဒါကြောင့်မို့လို့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရခိုင်ပြည်နယ်မှာ တိုက်ပွဲနည်းသွားပေမဲ့လည်း အခုလိုမျိုး ခိုလှုံတဲ့လူတွေ စစ်တပ်ကနေပြီးတော့မှ ဘက်ပြောင်းတဲ့သူတွေ ရာကျော်ပြီးတော့ ရှိနေတာဖြစ်ပါတယ်”
၂၀၁၈ ဒီဇင်ဘာနှောင်းပိုင်းမှစ၍ ရခိုင်ပြည်နယ်အတွင်း AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ခဲ့ပြီး ၂၀၂၁ အာဏာသိမ်းရန် လပိုင်းအလိုတွင် နားလည်မှုဖြင့် နှစ်ဖက် အပစ်ရပ်ခဲ့ကြသည်။
၂၀၂၁ တွင် စစ်တပ်က ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းယူလိုက်ပြီးနောက် တစ်နိုင်ငံလုံးအနှံ့ လက်နက်ကိုင်ခုခံမှုများ ပေါ်ပေါက်လာရာ စစ်တပ်သည် စစ်မျက်နှာအများအပြားဖွင့်ခဲ့ရသည်။
ထိုသို့ ရခိုင်ဒေသအတွင်း တိုက်ပွဲများ ရပ်ဆိုင်းသွားသော်လည်း AA နယ်မြေစိုးမိုးထားသည့် နေရာများသို့ စစ်ကောင်စီတပ်က ဝင်ရောက်လာ၍ ၂၀၂၁ ဒီဇင်ဘာမှစ၍ ထိတွေ့တိုက်ပွဲတချို့ ပြန်ဖြစ်လာခဲ့ပြီး လက်ရှိတွင် စစ်ရေးတင်းမာနေသည်။
စစ်ကောင်စီကို လက်နက်ကိုင်ပြန်ခုခံနေသော အဖွဲ့များအနက် တချို့သည် AA ထံမှ စစ်ရေး၊ နိုင်ငံရေးအရ အကူအညီများ ရရှိထားသည်။
ပြီးခဲ့သည့် မေ ၁၆ တွင်လည်း AA စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ်တို့သည် NUG ကို အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံခဲ့သည်။
“ကျွန်တော်တို့ ဒီ NUG နဲ့ တွေ့တဲ့အခါ နှစ်ဖက်ကြားမှာ ဘာတွေကို ပူးပေါင်းဆောင်ရွက်နိုင်မလဲ။ အဲဒီလိုကိစ္စတွေကို ကျွန်တော်တို့ဘက်က ဆွေးနွေးခဲ့တာတွေရှိတယ်” ဟု ခိုင်သုခက ဆိုသည်။
အလားတူ AA ဘက်ကလည်း စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးအတွက် မြန်မာပြည်သူလူထု၏ ကြိုးပမ်းအားထုတ်မှုများကို လေးစားအသိအမှတ်ပြုကြောင်း ယခင်ကတည်းက ထုတ်ဖော်ပြောဆိုထားသည်။
“NUG အပေါ် ကျွန်တော်တို့သဘောထားက NUG နဲ့ PDF တွေ ကြိုးပမ်းနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေး အဲဒါတွေကိုတော့ ကျွန်တော်တို့အနေနဲ့ ဘာမှ ကန့်ကွက်စရာမရှိပါ။ သူတို့၏ ဖိနှိပ်ခံရမှုက လွတ်မြောက်ဖို့ ကြိုစားအားထုတ်မှုတွေကို ကျွန်တော်တို့အနေနဲ့ အသိအမှတ်ပြုတယ်ဆိုတာကို အရင်တုန်းကလည်း ထုတ်ပြောထားပြီးသားရှိတယ်” ဟု ၎င်းက ပြောသည်။
မတ် ၅ က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်မူ NUG နှင့် ဆက်သွယ်ဆောင်ရွက်မှု မရှိကြောင်း AA ဘက်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် နှစ်လအတွင်း တွေ့ဆုံဆွေးနွေးမှုများ ရှိလာခြင်းဖြစ်သည်။
တစ်ပြိုင်နက်တည်းမှာပင် မေလဆန်းအတွင်း စစ်ကောင်စီခေါင်းဆောင်က တိုင်းရင်းသားအဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်ခဲ့သော်လည်း AA က တက်ရောက်ခြင်း မပြုခဲ့ပေ။
“တစ်ပြည်လုံးမှာဖြစ်နေတဲ့ အခြေအနေတွေ၊ အနီးကပ်ဆုံးလက်တွဲပြီးတော့ တိုက်ပွဲဝင်နေကြတဲ့ မဟာမိတ်တွေ၊ နောက်ပြီးတော့ ကျွန်တော်တို့ နိုင်ငံရေးရပ်တည်ချက်တွေ၊ လတ်တလော ရခိုင်ပြည်မှာဖြစ်နေတဲ့ ဖိနှိပ်မှုတွေ၊ ဖမ်းဆီးမှုတွေနဲ့ ဆက်ဆံရေးအခြေအနေတွေ၊ ပြောရမယ်ဆိုရင် အပြောနဲ့အလုပ် မညီတဲ့အနေအထားတွေအပေါ်မှာ အခြေအနေနှင့် လိုက်လျောညီထွေ (ဖြစ်) အောင် ဆုံးဖြတ်ပြီးတော့ ကျွန်တော်တို့ မတက်တာဖြစ်တယ်” ဟု ခိုင်သုခက သတင်းစာရှင်းလင်းပွဲတွင် မီဒီယာတစ်ခု၏ မေးမြန်းမှုအပေါ် ဖြေကြားသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း လူသူ၊ လက်နက်အင်အား တိုးချဲ့ကာ စစ်ရေးလှုပ်ရှားနေသော စစ်ကောင်စီတပ်၏ တပ်မ ၂၂ အပါအဝင် တပ်မ ၅၅ တပ်ဖွဲ့ဝင်များ ထပ်မံဝင်ရောက်လာနေကြောင်း AA ထံမှ သိရသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)