ဆောင်းပါး

အာဏာသိမ်းသူ၏ သမ္မတအိမ်မက်နှင့် ပြည်ခိုင်ဖြိုးပါတီ 

နိုင်ငံအနှံ့အပြား မီးပျက်နေချိန် နေပြည်တော်ရှိ မီးရောင်ထိန်ထိန်လင်းနေသည့် ခန်းမကြီးတစ်ခုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ထိပ်တန်းခေါင်းဆောင်များ စုဝေးနေကြသည်။

မဲစာရင်းမှားယွင်းမှုကို အကြောင်းပြ စစ်အာဏာသိမ်းခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီးနောက် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ပါတီဌာနချုပ်တွင် ဇွန် ၈ မှ စတင်ပြီး ပါတီထိပ်သီးအစည်းအဝေး ကျင်းပနေခြင်းပင်။

ဥက္ကဋ္ဌသက်တမ်းကျော်နေသည့် ဦးသန်းဌေးနေရာတွင် အခြားတစ်ဦးနှင့် အစားထိုးရန် ထိုအစည်းအဝေးတက်သူအများအပြားက လိုလားကြသော်လည်း အစည်းအဝေးပြီးသည်အထိ ထိုအချက်ကို အကောင်အထည်မဖော်နိုင်ခဲ့ပေ။

၂၀၂၃ တွင် ရွေးကောက်ပွဲကျင်းပမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားပြီး သမ္မတဖြစ်ရန် စိတ်အားထက်သန်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင်သည် ၎င်းကို အမိန့်နာခံမည့်သူများဖြင့် စစ်တပ်ကျောထောက်နောက်ခံ ပြည်ခိုင်ဖြိုးကို ပြုပြင်ပုံသွင်းရန် ကြိုးပမ်းနေသည်ဟု လေ့လာသူများက သုံးသပ်သည်။  

အကွဲအပြဲများနှင့် ပါတီအစည်းအဝေး 

ပါတီ၏ လက်ရှိဥက္ကဋ္ဌ ဦးသန်းဌေးကို သဘောကျသည့်အစုအဖွဲ့နှင့် သဘောမကျသည့်အစုအဖွဲ့ဟူ၍ ပါတီတွင်း နှစ်ခြမ်းကွဲနေကြောင်း သတင်းထွက်ပေါ်လာသည်။ 

ပါတီထိပ်သီးအစည်းအဝေးမကျင်းပမီ ရက်ပိုင်းအလိုတွင် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးမောင်မြင့် ခေါ် မင်းကင်းမောင်မြင့်က “ညံ့ဖျင်းတဲ့ ခေါင်းဆောင်မှုအောက်မှာ တောက်ပြောင်တဲ့ပါတီ ဖြစ်မလာနိုင်ပါဘူး” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့ပြီးနောက် ထိုသတင်းထွက်လာခြင်း ဖြစ်သည်။

“ဒါထက်ပိုပြီးတော့ ခေါင်းဆောင်မှုပေးနိုင်မဲ့သူမျိုးကို ကျွန်တော်တို့က မျှော်လင့်တယ်၊ ဒါပဲ” ဟု မင်းကင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်ဟောင်းလည်းဖြစ်သူ ဦးမောင်မြင့်က Myanmar Now ကို ပြောသည်။ 

သို့သော်လည်း အပြောင်းအလဲလိုလားသူများ၏ မျှော်လင့်ချက်မှာ အစည်းအဝေးပြီးဆုံးသည်အထိ မရရှိခဲ့ပေ။ 

ဗဟိုကော်မတီအစည်းအဝေးမှ ပါတီကို ခိုင်ခိုင်မာမာ ဆက်လက်ရုန်းကန်နိုင်ရန် လစ်လပ်သည့် အချက်များကို ဖြည့်စည်းနိုင်ရန်ဖြစ်ပြီး ပါတီစည်းမျဉ်း၊ စည်းကမ်းတချို့ကို ချမှတ်နိုင်ခဲ့သည်ဟု အစည်းအဝေးတက်ရောက်ခဲ့သည့် အမည်မဖော်လိုသည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးက ပြောသည်။ 

“CEC က ရွေးချယ်တင်မြှောက်ပွဲ မဟုတ်ဘူး။ ညီလာခံမဟုတ်သေးတဲ့ အတွက်ကြောင့် တည်ဆဲပါတီကိုပဲ ခိုင်ခိုင်မာမာ ဆက်လက်ရုန်းကိုင်ဖို့ ဦးဆောင်တဲ့ သဘောရှိတယ်။ လစ်လပ်တာကိုပဲ ဖြည့်စည်းတဲ့ သဘောပါ” ဟု ၎င်းက ပြောသည်။ 

ပါတီညီလာခံခေါ်ယူမည့် နေ့ရက်နှင့် အသစ်ချမှတ်ခဲ့သည့် စည်းမျဉ်း၊ စည်းကမ်းများနှင့် ပတ်သက်ပြီး  ၎င်းက ဖြေကြားခြင်းမရှိပေ။ 

ပေါ်ပေါက်လာမည့် ညီလာခံတွင် ဥက္ကဋ္ဌသစ်ကို ရွေးချယ်သွားမည်၊ ညီလာခံမကျင်းပနိုင်သည့် ကြားကာလတွင် ပါတီဥက္ကဋ္ဌအဖြစ် ဦးသန်းဌေးက ဆက်လက် တာဝန်ယူမည်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ 

“အဲဒါကတော့ အခုလက်ရှိ အခြေအနေက ပါတီကွန်ဂရက်မဟုတ်တဲ့ အတွက်ကြောင့် ကြားကာလမှာ တာဝန်ယူထားရတဲ့ သဘောပဲရှိတယ်။ သူကတော့ တာဝန်ဆက်ရှိနေဦးမှာပါ” ဟု ၎င်းက ပြောသည်။ 

ဗဟိုကော်မတီဝင် ၄၀၀ ဦးခန့် တက်ရောက်ခဲ့သည့် ထိုအစည်းအဝေးကို စစ်တပ်က အပြည့်အဝ လုံခြုံရေးယူပေးထားသည်။ 

ပြည်ခိုင်ဖြိုးနောက်ကွယ်က စစ်အာဏာရှင် 

ပြည်ခိုင်ဖြိုးပါတီ၏ နောက်ကွယ်တွင် အာဏာသိမ်းစစ်ခေါင်းဆောင်က ဂိုက်လိုင်းပေးနေသူ (ညွှန်ကြားချက်များ ထုတ်နေသူ) ဖြစ်သည်ဟု ပါတီ၏ ဗဟိုကော်မတီဝင်ဟောင်းတစ်ဦးက ပြောသည်။ 

“ခုဟာက ပါတီဆိုပေမဲ့လည်း အဲဒီပါတီရဲ့အထက်မှာ ဂိုက်လိုင်းပေးနေတာက သူပဲပေးနေတာကိုးဗျ” ဟု ၎င်းက ပြောသည်။  

“ဒီလိုအသုံးချတဲ့အခါမှာ ပါတီဥက္ကဋ္ဌလို လူမျိုးကို သူခိုင်းတဲ့အတိုင်း လုပ်မဲ့လူမျိုးကိုပဲ သူထားမှာပေါ့ဗျာ။ လက်ရှိဥက္ကဋ္ဌ ဦးသန်းဌေးက သူခိုင်းတဲ့အတိုင်းလုပ်ပါမယ်လို့ အာမဘန္တေခံရင်လည်း ဦးသန်းဌေးကို ဆက်ထားမှာပေါ့။ ဒါမှမဟုတ် ဦးသန်းဌေးကို သိပ်ပြီး အားမရဘူးဆိုရင်တော့ လူလဲမှာပေါ့”  

ခေါင်းဆောင်တချို့နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်ကြား ဆက်ဆံရေးမကောင်းကြဟု သိရကြောင်း စစ်ကောင်စီနှင့် ရင်းနှီးသည့် အငြိမ်းစားဒုတိယဗိုလ်မှူးကြီးက မှတ်ချက်ပြုသည်။ 

ပါတီဒုတိယဥက္ကဋ္ဌ ဦးခင်ရီ၊ ဦးသောင်းအေး၊ မင်းကင်းမောင်မြင့်၊ ဦးဝဏ္ဏမောင်လွင်တို့သည် အာဏာသိမ်းစစ်ခေါင်းဆောင်ကို လိုလားကြသူများဖြစ်သည်ဟု ဆိုသည်။

ဦးသန်းဌေး ပါတီဥက္ကဋ္ဌရာထူးမှ အနားမယူလိုသည့် အခြေအနေနှင့် ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီကို အသက်သွင်းခဲ့သူ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေထံ ပါတီထိပ်ပိုင်းခေါင်းဆောင်တချို့က သွားရောက်တိုင်ကြားခဲ့သည်ဟု သတင်းထွက်နေသည်။ 

လက်ရှိ စစ်ခေါင်းဆောင်ကိုသာ ချဉ်းကပ်ကြနိုင်ခြေပိုများသည်ဟု စစ်ဗိုလ်ချုပ်အသိုင်းအဝိုင်းနှင့် ရင်းနှီးသည့် ဗဟိုကော်မတီဝင်ဟောင်းက ဆက်ပြောသည်။

“တကယ်တမ်း ဦးသန်းဌေးကို လဲပေးဖို့ ပြောချင်တယ်ဆိုရင် မင်းကင်းမောင်မြင့်တို့ ပျော်ဘွယ်ဦးသောင်းအေးတို့က ဦးသန်းရွှေကို ပြောမှာမဟုတ်ဘဲနဲ့ လက်ရှိခေါင်းဆောင်နေတဲ့ ပုဂ္ဂိုလ်ပေါ့လေ၊ လက်စောင်းထက်နေတဲ့ ပုဂ္ဂိုလ်ကိုပဲ တစ်နည်းနည်းနဲ့ တောင်းဆိုတာ ပြောဆိုတာမျိုး လုပ်လိမ့်မယ်” ဟု ၎င်းက သုံးသပ်သည်။ 

ပါတီတွင် စစ်တပ်မှလာသူများကို နေရာပေးသည့်ကာလ ကျော်လွန်ခဲ့ပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲဝင်ရန်ကိစ္စနှင့် ပါတီက တင်မြှောက်မည့် သမ္မတကိစ္စရပ်များကို မဆွေးနွေးရသေးကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်က ပြောသည်။ 

“အဲဒီလိုမျိုးတော့ မစိုးရိမ်ဘူးဗျ။ ကျွန်တော်တို့ ပါတီမူဝါဒက ပါတီမူဝါဒပဲ။ ကျွန်တော်တို့ဆီကိုတော့ အဲဒီလိုမျိုး မကြားမိဘူး။ လက်ရှိ အခြေအနေမှာ အဲဒီလိုဝင်ရောက်လာတာလည်း မရှိသေးဘူး” ဟု ၎င်းက ပြောသည်။ 

“ဟိုးအရင် ၂၀၁၅ ရွေးချယ်တင်မြှောက်ပွဲတုန်းကတော့ တပ်မတော်ကပြောင်းလာသူတွေ ဝင်ရောက်ရွေးချယ်ခံတာမျိုး၊ ပါတီကနေ သဘောတူညီချက်နဲ့ ရွေးချယ်ခံတာမျိုးတွေရှိတယ်။ ခုနောက်ပိုင်းတော့ ဒါမျိုးတွေမရှိတော့ဘူး။ ပါတီက ပါတီပဲ။ ဟိုဟာက ဟိုဟာပဲ”

ပြည်ခိုင်ဖြိုးကို သိမ်းပိုက်မည့် စစ်ခေါင်းဆောင်၏ ခြေလှမ်း

စစ်တပ်က ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကို မြို့နယ်အနှံ့ ဖွဲ့စည်းခဲ့ပြီးနောက် ၂၀၁၀ ရွေးကောက်ပွဲ လုပ်ပေးတော့မည့်အချိန်တွင် အသင်းကို ပါတီအဖြစ် အသွင်ပြောင်းခဲ့ခြင်း ဖြစ်သည်။

ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များမှာ စစ်ဗိုလ်ဟောင်းများသာ ဖြစ်သည်။

၂၀၁၉ စက်တင်ဘာ ပဉ္စမအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေးတွင် တွေ့ရသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး။ အာဏာသိမ်းစစ်ကောင်စီ၏ အကြီးမားဆုံးသော မဟာမိတ်အဖွဲ့မှာ စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် ပြည်ခိုင်ဖြိုးပါတီဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီအတွင်း အကွဲအပြဲဇာတ်လမ်းများမှာ ယနေ့အချိန်မှ ဖြစ်ပေါ်ခဲ့ခြင်းမဟုတ်ပေ။ NLD ပါတီ ရွေးကောက်ပွဲဝင်မည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်မီ လပိုင်းအလို ၂၀၁၅ ဩဂုတ်ကလည်း တစ်ကြိမ်ပေါ်ပေါက်ခဲ့သည်။

“သန်းခေါင်ယံအာဏာသိမ်းပွဲ” ဟု လူသိများသည့် ပါတီတွင်းအကွဲအပြဲဇာတ်လမ်းမှာ သမ္မတဟောင်း ဦးသိန်းစိန်နှင့် ထိုအချိန်က ပါတီဥက္ကဋ္ဌဖြစ်သူ သူရရွှေမန်းတို့ နှစ်ဦးအကြား တိုက်ပွဲဖြစ်သည်။ 

ထိုအချိန်က လွှတ်တော်နာယကအဖြစ် တာဝန်ယူထားသူ သူရဦးရွှေမန်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသူဟု လူသိများသည်။ 

ထိုသို့ ပါတီတွင်း အာဏာသိမ်းသည့်ညတွင် စစ်တပ်ယာဉ်တန်းများဖြင့် နေပြည်တော်တွင် လုံခြုံရေးရယူပေးခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတဟောင်း ဦးသိန်းစိန်ဘက်မှ ရပ်တည်ခဲ့သည်။

ထို့နောက် သူရဦးရွှေမန်းမှာ ပါတီဥက္ကဋ္ဌရာထူးမှ ဖြုတ်ချခံခဲ့ရပြီး ၎င်း၏ မိသားစုပိုင် စီးပွားရေးလုပ်ငန်းများပါ ရပ်ဆိုင်းခဲ့ရသည်။ 

“သန်းခေါင်ယံအာဏာသိမ်းမှု” အပြီးတွင် သမ္မတဟောင်းသိန်းစိန်နှင့် နီးစပ်သူ သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်းက အထွေထွေအတွင်းရေးမှူးတာဝန်ယူခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နီးစပ်သူ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းက တွဲဖက်အတွင်းရေးမှူးအဖြစ် ပါတီတွင်း ထိပ်သီးခေါင်းဆောင်နေရာအသီးသီးကို ရယူခဲ့ကြသည်။

ထိုဖြစ်ရပ်အပြီးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ကိုယ်ရေးအရာရှိဟောင်းဖြစ်သော၊ ရှေ့နေဦးကိုနီလုပ်ကြံမှုတွင် နောက်ကွယ်မှ ပါဝင်နေသူဟု စွပ်စွဲခံထားရသော ဦးလင်းဇော်ထွန်းမှာလည်း ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဖြစ်လာခဲ့သည်ဟု အထက်ပါ ပြည်ခိုင်ဖြိုးဗဟိုကော်မတီဝင်ဟောင်းက ပြောသည်။ 

“ဦးကိုနီလူသတ်မှုနဲ့ ပတ်သက်လို့  နာမည်ကြီးတဲ့ ကြည်လင်းတို့နဲ့ ကြံရာပါ လင်းဇော်ထွန်းဆိုရင် သူ့ရဲ့ ကိုယ်ရံတော် PSO ပဲ။ အဲဒီလင်းဇော်ထွန်းကို ၂၀၁၆ မှာ သူက CEC Member ဆိုပြီး သူ့ရဲ့ လူယုံအနေနဲ့ လှုပ်ရှားမှုတွေဖြစ်အောင် အဲဒီကတည်းက ထည့်ခဲ့တာပေါ့” ဟု ၎င်းက ဆက်ပြောသည်။ 

ရှေ့နေဦးကိုနီလုပ်ကြံမှု၏ အဓိကတရားခံ ဇေယျာဖြိုး၊ အောင်ဝင်းခိုင်တို့နှင့် ဦးလင်းဇော်ထွန်းတို့ လက်ဘက်ရည်ဆိုင်တွင် တွေ့ဆုံဆွေးနွေးရာမှ လုပ်ကြံသတ်ဖြတ်ရေးအစီအစဉ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုထားသည်။ 

ခြေလှမ်းကျဲလာသည့် စစ်ခေါင်းဆောင်

ပြည်ခိုင်ဖြိုးပါတီက ပါတီဗဟိုကော်မတီအစည်းအဝေး ကျင်းပနေသည့်အချိန်တွင် အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်တပ်စိတ်ကြိုက်ရေးဆွဲခဲ့သည့် ၂၀၀၈ အခြေခံဥပဒေ ပေါက်ဖွားရာ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ညောင်နှစ်ပင်စခန်းသို့ ရောက်ရှိနေကြောင်း စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများ၏ မျက်နှာဖုံးတွင် ဖော်ပြထားသည်။ 

စစ်ခေါင်းဆောင်က ပြည်ခိုင်ဖြိုးပါတီကို သူ့စိတ်တိုင်းကျ အသက်သွင်းရန် ကြိုးပမ်းပြီး ရွေးကောက်ပွဲမှတစ်ဆင့် ၎င်း၏ သမ္မတအိပ်မက်ကို အကောင်အထည်ဖော်နေခြင်းမှာ ပထမအစီအစဉ် (Plan A) ဖြစ်ပြီး ထိုစီမံကိန်း မအောင်မြင်ပါက အခြေခံဥပဒေကို ဖျက်သိမ်းပြီး အသစ်ရေးဆွဲလာနိုင်ခြေရှိသည်ဟု ပြည်ခိုင်ဖြိုးဗဟိုကော်မတီဝင်ဟောင်းက ဆိုသည်။ 

“ရွေးကောက်ပွဲ မဖြစ်ခဲ့ရင် အခြေခံဥပဒေ ပျက်ပြီးတော့ အခြေခံဥပဒေအသစ် ပြန်ဆွဲမယ်။ ညောင်နှစ်ပင်လမ်းကြောင်းနဲ့ သွားမယ်ပေါ့။ ညောင်နှစ်ပင်ကိစ္စကို သူ သတင်းထုတ်ပြလိုက်တာက သူ့မှာ Plan B ရှိပြီးသား၊ A Plan မရှိရင် B Plan နဲ့ သွားမယ်ဆိုတာ ဒါကို သတင်းစကားပါးတယ်လို့ပဲ ကျွန်တော် ယူဆပါတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

အာဏာသိမ်းခေါင်းဆောင်က အာဏာသိမ်းခြင်းအပါအဝင် အရာအားလုံးကို ဥပဒေအတိုင်း လုပ်ဆောင်နေသည်ဟု ကြွေးကြော်လေ့ရှိသည်။

အာဏာသိမ်းပြီး ၆ လအကြာတွင် စစ်ခေါင်းဆောင်က အခြေခံဥပဒေအရ အရေးပေါ်သက်တမ်းကာလ ၂ နှစ်အထိ တိုးချဲ့နိုင်ကြောင်း၊ ထို့နောက် ဥပဒေအရ ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန် နောက်ထပ် ၆ လ ရှိသေးကြောင်း ပြောထားသည်။ 

သူက အသက်ထင်ရှားရှိနေဆဲ စစ်ဗိုလ်ချုပ်ဟောင်းများ စိတ်ကြိုက်ရေးဆွဲခဲ့သော ၂၀၀၈ အခြေခံဥပဒေကို ဖျက်ပစ်နိုင်ကြောင်း ထုတ်ဖော်ပြောဆိုဖူးသူလည်းဖြစ်သည်။

ထိုသို့ဖျက်သိမ်းခြင်းထက် စစ်တပ်နောက်ခံ ပြည်ခိုင်ဖြိုးပါတီကို ၎င်းစိတ်ကြိုက်ပုံဖော် အသက်သွင်းပြီး ရွေးကောက်ပွဲလမ်းကြောင်းမှ ၎င်း၏ သမ္မတအိပ်မက်ကို ဖော်ဆောင်ရန်မှာ ပိုမိုလွယ်ကူသည့် နည်းလမ်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၂၃ တွင် ၎င်း၏ စိတ်ကြိုက် အတုအယောင်ရွေးကောက်ပွဲတစ်ခု ပေါ်ပေါက်လာရန် အစွမ်းကုန်ကြိုးစားနေသည်၊ အရေးပေါ်ကာလသက်တမ်းတိုး အချိန်ဆွဲပြီးနောက်တွင် ရွေးကောက်ပွဲမလုပ်ဖြစ်ပါကလည်း အာဏာကို ဆက်လက်ချုပ်ကိုင်ရန် ကြိုးစားသွားလိမ့်မည်ဟု လေ့လာသူများက သုံးသပ်ကြသည်။ 

စစ်ခေါင်းဆောင်၏ ပန်းတိုင်မှာ အာဏာချုပ်ကိုင်ထားရေးဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်သည်။ 

“လာမဲ့ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာ အဲဒီရွေးကောက်ပွဲက တင်‌မြှောက်မဲ့ သမ္မတဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလွဲရင် တခြားသူ ဘယ်သူမှ မဖြစ်နိုင်ပါဘူး” ဟု ၎င်းက ပြောသည်။

စစ်အာဏာသိမ်းရသည့် အဓိကအကြောင်းအရင်းမှာလည်း ၎င်း၏ သမ္မတအိပ်မက်ကို အကောင်အထည်ဖော်ရန် ဖြစ်နေ၍ ပြည်ခိုင်ဖြိုးပါတီကို သူ့စိတ်ကြိုက် ပြန်လည်ဖွဲ့စည်းပြီးနောက်တွင် ထိုရည်ရွယ်ချက်ကို အကောင်အထည်ဖော်သွားမည်ဟု ယူဆကြောင်း ၎င်းက ဆက်ပြောသည်။ 

“မင်းအောင်လှိုင်က သမ္မတဖြစ်ချင်တာ။ နိုင်ငံရေးကုလားဖန်ထိုးမှုတွေအမျိုးမျိုးကို လုပ်လိမ့်မယ်။ ဖွဲ့စည်းပုံပြင်တာတွေ လုပ်လိမ့်မယ်။ အဲဒီအတွက်လည်း ကြံ့ခိုင်ရေးပါတီက အထောက်အကူဖြစ်လိမ့်မယ်။ ပံ့ပိုးကြလိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောလိုက်သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button