
ဇွန် ၉ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ပိုင်းတွင် စစ်တပ်က ချောင်းမီးတိုကျေးရွာကို မီးရှို့ခြင်း၊ တိုက်ပွဲဖြစ်ခြင်းကြောင့် သက်ကြီးရွယ်အို ၁ ဦး၊ ဒေသခံလက်နက်ကိုင် ၃ ဦး သေဆုံးသည်ဟု ဒေသတွင်းခုခံတိုက်ခိုက်သူများထံမှ သိရသည်။
အိမ်ခြေ ၁၅၀ ရှိ ချောင်းမီးတိုကျေးရွာကို စစ်တပ် မီးရှို့စဉ် ထွက်ပြေးနိုင်ခြင်းမရှိသော သက်ကြီးရွယ်အိုတစ်ဦး မီးလောင်သေဆုံးသွားကြောင်း၊ သေဆုံးသူ မည်သူဖြစ်သည်ကို စုံစမ်းဆဲဖြစ်ကြောင်း နတ်တောင်နဂါးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ကျွန်တော်တို့ မည်သူမည်ဝါ (သေဆုံးတယ်ဆိုတာ) အတည်ပြုနေတုန်းပဲ၊ မီးလောင်ပြီး သေထားတာ။ အခု ရွာကတော့ အိမ် ၂၀ လောက်ပဲ ကျန်တော့တာ” ဟု သူက ပြောသည်။
ခုခံသူ ၃ ဦး သေဆုံးမှု
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ရွှေဘိုခရိုင် PDF တပ်ရင်း ၂၃ က ထိုတိုက်ပွဲအတွင်း ၎င်းတို့၏ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း ယနေ့ ထုတ်ပြန်သည်။
သေဆုံးသူများထဲမှ အသက် ၆၀ ဝန်းကျင် ဗိုလ်သံမဏိဆိုသူမှာ တပ်ရင်း ၂၃ ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည်ဟု ဆိုသည်။
တိုက်ပွဲတွင် ပါဝင်ခဲ့သည့် တပ်ရင်း ၂၃ မှ တပ်ဖွဲ့ဝင်တစ်ဦးက GZ Special Task Force ၏ စခန်း တိုက်ခိုက်ခံရချိန်တွင် ၎င်းတို့ စစ်ကူသွားရောက်ခဲ့ကြောင်း၊ လမ်းတွင် ကင်းပုန်းဝပ်တိုက်ခိုက်ခံရစဉ် တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခြင်းဖြစ်ကြောင်း ပြောသည်။
”စပစ်တော့ ကျွန်တော်တို့ဆရာ ဗိုလ်သံမဏိကပစ်တော့ ရန်သူတစ်ယောက်သေတယ်၊ အဲဒီကစ တိုက်ပွဲဖြစ်တာပဲ၊ ညနေ ၅ ခွဲလောက်က စတာ။ ၇ ခွဲလောက်ကျတော့ ပြီးသွားတယ်” ဟု အဆိုပါ တပ်ဖွဲ့ဝင်က ပြောသည်။
“ဆရာစိုးပိုင်က ဆရာသံမဏိ ပေါင်မှန်ထားချိန်မှာ ကာပစ်ရင်း ဗိုက်မှန်တယ်။ ပြောရရင် စိုးပိုင်က သူ့လက်နက်နဲ့သူ အဆုံးစီရင်ထားတဲ့ပုံစံ တွေ့ရတယ်။ ရန်သူနဲ့က ထိပ်တိုက်တွေ့သွားတာ။ ရန်သူကို နည်းနည်း အထင်သေးမိတာလည်း ပါသွားတာပေါ့”
ရွာမီးရှို့၊ တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က ၎င်းတို့အခြေစိုက်ရာ စဉ့်ကူးမြို့နယ်၊ ကျောက်မြောင်းမြို့ဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဝက်လက်မြို့နယ် ခရိုင်ချင်းဆက်လမ်းတစ်နေရာတွင် စစ်ရေးတင်းမာနေပါသဖြင့် ထိုလမ်းကို အသုံးမပြုရန် ဝက်လက် PDF တပ်ရင်း (၂) က ယမန်နေ့ (ဇွန် ၁၀) တွင် ထုတ်ပြန်ထားသည်။
ရွာမီးတိုက်ခံရခြင်း
ဒေသခံအမျိုးသားတစ်ဦးကလည်း အိမ်ခြေ ၁၅၀ ခန့်ရှိသည့် ထိုကျေးရွာတွင် အိမ် ၂၀ ခန့်သာ မီးမလောင်ဘဲ ကျန်သည်ဟု ပြောသည်။
လက်ရှိတွင် ကျေးရွာသူရွာသားများမှာလည်း မီးလောင်ပြင်သို့ ပြန်လာနိုင်ခြင်းမရှိတော့ဘဲ ဘေးလွတ်မည်ဟု ယူဆရသည့် ရွာနီးချုပ်စပ်မှ အမျိုးများထံ ရောက်ရှိနေထိုင်နေကြရသည်ဟု ၎င်းက ဆက်ပြောသည်။
“အိမ်တွေက မရှိတော့ဘူး။ လတ်တလောနေလို့ရမဲ့ အမျိုးဆီ ရောက်နေတယ်။ နေရေးကတော့ ခဏ အဆင်ပြေတာပေါ့။ ဒီက (PDF) အဖွဲ့တွေကလည်း အလှူခံပြီးတော့ စားရေးသောက်ရေးအတွက် လာပေးကြပေမဲ့ အများကြီးမဟုတ်ပါဘူး။ လုပ်တော့လုပ်ပေးနေကြတာပါပဲ” ဟု ရွာခံအမျိုးသားက ဆိုသည်။
အလားတူ ဇွန်လဆန်းမှစ၍ ကန့်ဘလူမြို့နယ်တွင်လည်း ကိုင်းမရွာ၊ နှောကုန်း၊ လျော်ဖြူကုန်း၊ ကျွန်းကုန်း၊ ဇော်ချောင်းရွာ၊ အလယ်ခုံ၊ အောက်တဲရွာတို့ကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့၍ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ရသည်။
ဒေသအသီးသီးမှ ပြည်သူများက ၎င်းတို့ရွာများတွင် စစ်တပ်က မီးရှို့သောင်းကျန်းနေကြောင်း ပြောဆိုသော်လည်း စစ်ကောင်စီကမူ ၎င်းတို့၏စစ်သားများ ထိုသို့ ကျူးလွန်ခြင်းမရှိဟု တုံ့ပြန်တတ်သည်။
စစ်တပ်နှင့် လက်အောက်ခံအဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်အလုံးရေ နှစ်သောင်းနီးပါး ပျက်စီးပြီး စစ်ကိုင်းတိုင်းတွင် အိမ် ၁၃,၀၀၀ ကျော်ရှိကာ အများဆုံးဖြစ်ကြောင်း ထိုအချက်အလက်များကို စာရင်းကောက်ယူနေသည့် Data for Myanmar အဖွဲ့က ဇွန် ၇ တွင် ထုတ်ပြန်ထားသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)