သတင်း

ချင်းတွင်းမြစ် ဆင်ဖြူရှင်တံတားထိပ်ရှိ စစ်ဆေးရေးဂိတ်ကို PDF သုံးဖွဲ့ပေါင်းတိုက် 

မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအစပ် ချင်းတွင်းမြစ်ကူး ဆင်ဖြူရှင်တံတားထိပ်ရှိ စစ်ဆေးရေးဂိတ်ကို ယနေ့ (ဇွန် ၉) မွန်းတည့်ချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) သုံးဖွဲ့ပေါင်း တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့် စစ်သားသုံးဦးသေဆုံးကာ သေနတ် ၆ လက် ရသည်ဟု သိရသည်။

ရေစကြို၊ ပခုက္ကူနှင့် မုံရွာ၊ ချောင်းဦး၊ မန္တလေးမြို့များသို့ ဆက်သွယ်ထားသည့် လမ်းမပေါ် ချင်းတွင်းမြစ်အနောက်ဘကမ်းရှိ ထိုစစ်ဆေးရေးဂိတ်ကို ရေစကြို၊ မြိုင်နှင့် ဆားလင်းကြီးမြို့နယ်မှ PDF အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်။

တွဲလျက်ရှိ စစ်ဆေးရေးဂိတ်နှင့် ရဲကင်းစခန်းကို တစ်နာရီကျော်ကြာ ဝိုင်းဝန်းတိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကာ လက်နက်နှင့် ကျည်ဆန်များ သိမ်းဆည်းရမိသည့်ပြင် ရဲတစ်ဦး အရှင်ဖမ်းမိသည်ဟုလည်း ရေစကြို PDF က ထုတ်ပြန်သည်။

“နေ့လယ် ၁၂ လောက်ကနေ စတိုက်တာ။ တစ်နာရီလောက်နေတော့ ကျွန်တော်တို့ အကုန်လုံးသိမ်းမိတယ်။ သူတို့ဘက်က ပစ်ရင်းခတ်ရင်း ပြေးကြတာတွေရှိတယ်။ အော်နေတာတွေ၊ လဲနေတာတွေလည်း ရှိတယ်” ဟု ရေစကြို PDF ခေါင်းဆောင် ရဲဘော်ဝေကြီးဆိုသူက Myanmar Now ကို ပြောသည်။

ထိုနေရာတွင် စစ်ကောင်စီဘက်မှ အင်အား ၂၀ ကျော်ရှိမည်ဟု ခန့်မှန်းပြီး စစ်ဆေးရေးဂိတ်တွင် အစစ်အဆေးကြမ်းသည့်ပြင် ပိုက်ဆံတောင်းယူခြင်းများလည်း ရှိသည်ဟု ၎င်းက ပြောသည်။ 

ရေစကြို PDF ၏ ထုတ်ပြန်ချက်အရ သိမ်းဆည်းရမိသည့် လက်နက်များတွင် ရဲတပ်ဖွဲ့သုံး G-3 အမျိုးအစား ရိုင်ဖယ် ၄ လက်၊ အူစီအမျိုးအစား ၃ လက်၊ ခြောက်လုံးပြူ ၁ လက်တို့အပြင် ဗုံးသီးနှင့် ကျည်ဆန်များလည်း ပါဝင်သည်။

တိုက်ပွဲဖြစ်ပွားရာ လမ်းမတစ်ဖက်တစ်ချက်တွင် သစ်ပင်များ အုံ့ဆိုင်းနေကာ မီးလောင်နေသော ရဲကင်းအဆောက်အအုံများ၊ လဲကျသေဆုံးနေသူတစ်ဦးနှင့် တိုက်ပွဲအပြီး လိုက်လံစစ်ဆေးနေသော PDF အဖွဲ့ဝင်များလည်း တွေ့ရသည့် ဓာတ်ပုံများလည်း ထုတ်ပြန်ထားသည်။​

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ – ရေစကြို PDF) 

အထက်ပါ လက်နက်ခဲယမ်းများအပြင် ဆိုင်ကယ်လေးစီးနှင့် ငွေကျပ်သိန်း ၁၁၀ လည်း သိမ်းဆီးရမိပြီး စစ်ဆေးရေးဂိတ်ရှိ အဆောင် ၆ လုံးကို မီးရှိုခဲ့သည်ဟု ရဲဘော်ဝေကြီးက ဆိုသည်။ ထို့ပြင် PDF များဘက်မှ ထိခိုက်မှု မရှိကြောင်းလည်း ၎င်းက ပြောသည်။ 

ထို့ပြင် ဆင်ဖြူရှင်တံတားရှိ စစ်ဆေးရေးဂိတ်ကို PDF အဖွဲ့များ စီးနင်းတိုက်ခိုက်နေစဉ် ရေစကြိုမြို့ဘက်မှ တပ်ကူလာသည့် စစ်ကားတစ်စီးကိုလည်း ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ၎င်းက ပြောသည်။​

“အဲဒီကားက ကျွန်တော်တို့ ရဲဘော်တွေ ဆီးပြီး (ကြိုစောင့်လျက်) မိုင်းဆွဲလိုက်တယ်။ ကားတစ်စီးလုံး ပျက်သွားတယ်။ အကုန်လုံးလည်း သေတယ်လို့လည်း ပြောတယ်။ ကားကတော့ နေရာမှာတင် စုတ်ပြတ်သွားတယ်။ လူတွေလည်း သေတယ်လို့ ပြောတယ်” ဟု ရဲဘော်ဝေကြီးက ပြောသည်။

စစ်ကူလာသည့် ကားကို ဆင်ဖြူရှင်တံတားနှင့် နှစ်မိုင်အကွာတွင် မိုင်း ၆ လုံးဖြင့် စောင့်ကြိုတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသော်လည်း အသေးစိတ်အချက်အလက်ကို အတည်မပြုနိုင်ပေ။

ဒေသခံ PDF အဖွဲ့များ ဝိုင်းဝန်းတိုက်ခိုက်ရာနေရာနှင့် ဆက်လျက်ရှိသော ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းတစ်လျှောက် စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ရေစကြိုမြို့နယ်အတွင်းရှိ ရွာများကိုလည်း စစ်တပ်က ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခြင်းများရှိသည်။

ထို့ပြင် ရေစကြိုမြို့နယ်နှင့် ကပ်လျက်ရှိ မြိုင်နှင့် ဆားလင်းကြီးမြို့နယ်များတွင်လည်း စစ်တပ်က စစ်ကြောင်းထိုးခြင်းများ၊ ကျေးရွာများရှိ အရပ်သားပိုင် အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများရှိသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button