သတင်း

ကြံ့ခိုင်ရေးပါတီတွင်း ခေါင်းဆောင်သစ်ပြောင်းလဲရေး အကွဲအပြဲဖြစ်နေ

ပါတီဥက္ကဋ္ဌသက်တမ်း ကျော်လွန်နေပြီဖြစ်သော ဦးသန်းဌေး၏နေရာတွင် လူသစ်အစားထိုးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ၏ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် ပါတီတွင်း လိုလားမှုများရှိနေသည်ဟု သိရသည်။

စစ်ဗိုလ်ချုပ်ဟောင်းအများစု ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသည့် ကြံ့ခိုင်ရေးပါတီ၏ ဥက္ကဋ္ဌသက်တမ်းမှာ ငါးနှစ်ဖြစ်သော်လည်း လက်ရှိပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှာ ၂၀၁၆ ခုနှစ်ကတည်းက တာဝန်ယူထားသူ ဖြစ်သည်။ 

ဗိုလ်မှူးချုပ်ဟောင်း ဦးသန်းဌေးကို သဘောကျသည့်အစုအဖွဲ့နှင့် သဘောမကျသည့်အစုအဖွဲ့ဟူ၍ ပါတီတွင်း နှစ်ခြမ်းကွဲနေကြောင်း ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ပေါ်နေပြီး မင်းကင်းမောင်မြင့်ဟု လူသိများသည့် ကြံ့ခိုင်ရေးပါတီဗဟိုကော်မတီဝင် ဦးမောင်မြင့်ကလည်း ခေါင်းဆောင်အသစ်ကို မျှော်လင့်နေကြောင်း ယနေ့ ဇွန် ၉ ရက်တွင် Myanmar Now ကို ပြောသည်။

“ဒါထက်ပိုပြီးတော့ ခေါင်းဆောင်မှုပေးနိုင်မဲ့သူမျိုးကို ကျွန်တော်တို့က မျှော်လင့်တယ်၊ ဒါပဲ” ဟု မင်းကင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်ဟောင်းလည်းဖြစ်သူ ဦးမောင်မြင့်က ဆိုသည်။

“အားမရဘူးပေါ့။ အားမရဘူးဆိုတာ ပြည်ခိုင်ဖြိုးပါတီက နိုင်ငံရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်တဲ့ နေရာမှာ တာဝန်ယူရမဲ့ပါတီကြီးတစ်ခုဖြစ်တယ်။ ဒါပေမဲ့လည်း ပါတီက လက်ရှိ ကြုံတွေ့နေရတဲ့၊ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖောက်မထွက်နိုင်ဘူးပေါ့။ ကျစ်ကျစ်လျစ်လျစ်နဲ့ လုပ်နိုင်တဲ့၊ အတွေ့အကြုံလည်းရှိတဲ့ ခေါင်းဆောင်ဆိုလို့ရှိရင် ပိုကောင်းမယ်” ဟု လက်ရှိပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏ ခေါင်းဆောင်မှုနှင့် ပတ်သက်ပြီး ဦးမောင်မြင့်က ဝေဖန်သည်။

၎င်းကိုယ်တိုင်အသုံးပြုသည့် ဖေ့စ်ဘွတ်အကောင့်တွင်လည်း “ညံ့ဖျင်းတဲ့ ခေါင်းဆောင်မှုအောက်မှာ တောက်ပြောင်တဲ့ပါတီ ဖြစ်မလာနိုင်ပါဘူး” ဟုလည်း ရေးသားထားသည်။

ကြံ့ခိုင်ရေးပါတီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ငါးနှစ်လျှင်တစ်ကြိမ် ညီလာခံကျင်းပ၍ ဥက္ကဋ္ဌအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များ၊ ပါတီဗဟိုကော်မတီများ၊ အလုပ်အမှုဆောင်များ အဆင့်ဆင့် ပြန်လည်ရွေးချယ်ရသည်။

ကိုဗစ်နှင့် စစ်အာဏာသိမ်းမှုကြောင့် ၂၀၂၁ ခုနှစ်တွင် ကျင်းပရမည့် ပါတီညီလာခံ ကျင်းပနိုင်ခြင်း မရှိသဖြင့် ပါတီစည်းမျဉ်းတချို့ကို ပြင်ဆင်ခြင်းဖြင့် ၎င်း၏ ဥက္ကဋ္ဌသက်တမ်းကို အသက်ဆက်ရန် ဦးသန်းဌေးက ကြိုးပမ်းနေကြောင်း ကြံ့ရေးရေးပါတီနှင့် နီးစပ်သူများထံမှ သိရသည်။

နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် ယမန်နေ့က ကျင်းပသည့် ဗဟိုကော်မတီအစည်းအဝေး အဖွင့်မိန့်ခွန်းတွင်လည်း “အခြေအနေအရ ဖွဲ့စည်းပုံစည်းမျဉ်း ပြင်ဆင်ခဲ့တာတွေ၊ ဖြည့်စွက်ခဲ့တာတွေ ရှိပါတယ်။ အဲဒီ ပြင်ဆင်၊ ဖြည့်စွက်ချက်တွေကို ဒီအစည်းအဝေးမှာ တင်ပြထားပါတယ်” ဟု ဦးသန်းဌေးက ပြောကြားခဲ့သည်။

ထိုပြင်ဆင်ချက်များကို အတည်ပြုပေးရန် အစည်းအဝေးတွင် ပြောသွားသော်လည်း မည်သည့်စည်းမျဉ်းများကို ပြင်ဆင်သည်ကိုမူ တိတိပပ ပြောမသွားပေ။

“ညီလာခံသက်တမ်းတို့ဘာတို့ ပြင်သလားမသိဘူး။ ညီလာခံသက်တမ်းပြင်ရင် ဥက္ကဋ္ဌသက်တမ်းပြင်သလို ဖြစ်သွားတာပေါ့” ဟု ကြံ့ခိုင်ရေးပါတီခေါင်းဆောင်အဆက်ဆက်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

အမည်မဖော်လိုသော ထိုနီးစပ်သူမှာ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် အစိုးရထိပ်တန်းတာဝန်ရှိသူတစ်ဦး ဖြစ်ခဲ့သူလည်းဖြစ်သည်။​

ဦးသန်းဌေးသည် ပါတီဥက္ကဋ္ဌရာထူးမှ အနားမယူလိုသည့်အတွက် ထိုကိစ္စနှင့် ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီကို အသက်သွင်းခဲ့သည့် စစ်အာဏာရှင်ဟောင်းဖြစ်သူ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေထံ လယ်ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်အချို့က တိုင်ကြားထားသည်ဟု အမည်မဖော်လိုသည့် ပါတီနှင့် နီးစပ်သူများထံမှ သိရသည်။

စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သူ ဦးမောင်မြင့်ကမူ ၎င်းအနေဖြင့် ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေထံ တိုင်ကြားထားခြင်းမရှိဟု ငြင်းဆိုသည်။

သို့သော် ဦးသန်းဌေးအနေဖြင့် ၎င်းတစ်ဦးတည်းသဘောထားဖြင့် လုပ်ချင်တိုင်းလုပ်မည်ဆိုလျှင် ကျန်ထိပ်ပိုင်းခေါင်းဆောင်များက လက်ခံမည်မဟုတ်ဟု ဆိုသည်။

“ကျွန်တော်တို့က ပါတီတွင်းဒီမိုကရေစီကို ကျင့်သုံးတာဖြစ်လို့ သူ(ဦးသန်းဌေး) လုပ်ချင်တိုင်းလုပ်လို့ မရဘူး။ ဒါသေချာတယ်။ လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်မယ်ဆိုရင်တော့ ကျွန်တော်တို့အားလုံးကလည်း အတွေ့အကြုံရှိတဲ့သူတွေ၊ ဝါကြီးတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ လုပ်ချင်တိုင်းလုပ်တာကို လက်ခံမှာ မဟုတ်ဘူး” ဟု ဦးမောင်မြင့်က ပြောသည်။

“(ပါတီ) ရဲ့ စည်းမျဉ်းတွေက ပွင့်ပွင့်လင်းပြောရလို့ရှိရင် အပြန်အလှန်ထိန်းညှိမှု Check and Balance နဲ့ လုပ်ထားတာ။ အဲ့လိုလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် လုပ်ချင်တိုင်းလုပ်မယ်ဆိုရင် သူ (ဦးသန်းဌေး) က အာဏာရှင်ဖြစ်သွားမှာပေါ့”

အသက် ၆၄ နှစ်အရွယ် ဦးမောင်မြင့်သည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၎င်း နှစ်ကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့သည့် မင်းကင်းမြို့နယ်၌ ၂၀၂၀ ရွေးကောက်ပွဲကို ဆက်လက်ယှဉ်ပြိုင်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ရှုံးနိမ့်ခဲ့သည်။

တပ်မတော်အရာရှိဟောင်း ဦးမောင်မြင့်သည် စစ်အစိုးရလက်ထက် နိုင်ငံခြားရေးဒုဝန်ကြီး၊ ဦးသိန်းစိန်အစိုးရလက်ထက်တွင် အလုပ်သမားဝန်ကြီးနှင့် စက်မှုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ 

ယမန်နေ့နှင့် ယနေ့ နှစ်ရက်ကြာ ကျင်းပနေသည့် ကြံ့ခိုင်ရေးပါတီဗဟိုကော်မတီအစည်းအဝေးတွင်မူ ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲပြုလုပ်နိုင်ဖွယ်မရှိဟု ဦးမောင်မြင့်၏ ပြောကြားချက်အရ သိရသည်။

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌသစ်ဖြစ်လာဖွယ်ရှိသည်ဟု ရေပန်းစားနေသူမှာ လက်ရှိ စစ်ကောင်စီ၏ လဝကဝန်ကြီးဖြစ်သူ ရဲချုပ်ဟောင်း ဦးခင်ရီ ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၊ ဆိတ်ကြီးခနောင်တိုမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ကြံ့ခိုင်ရေးပါတီ၏ လက်ရှိ ဒုတိယဥက္ကဋ္ဌတစ်ဦးလည်းဖြစ်သူ ဦးခင်ရီသည် NLD ပါတီကို ရှုံးနိမ့်ခဲ့သည်။

တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ဗဟိုကော်မတီဝင် ၄၀၀ ဦးခန့် တက်ရောက်နေသည့် ကြံ့ခိုင်ရေးပါတီထိပ်သီးအစည်းအဝေးကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ပါတီဌာနချုပ်တွင် ကျင်းပနေပြီး စစ်တပ်က အတွင်းစည်းလုံခြုံရေး ချပေးထားသည်။

ရည်ရွယ်ချက် ငါးချက်ဖြင့် လက်ရှိကျင်းပနေသည့် အစည်းအဝေးတွင် အနီးကပ်ဆုံးကျင်းပမည့် ရွေးကောက်ပွဲတွင် အနိုင်ရရေးလည်း ပါဝင်သည်ဟု USDP ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက Myanmar Now ကို ယမန်နေ့တွင် ပြောထားသည်။

အာဏာသိမ်းစစ်ကောင်စီကလည်း လာမည့် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟု လေသံပစ်ထားသောကြောင့် စစ်ကောင်စီ၏ ထိုရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီနေဖြင့် အနိုင်ရရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ 

ကြံ့ခိုင်ရေးပါတီခေါင်းဆောင်များအနေဖြင့် ခေါင်းဆောင်အပြောင်းအလဲလုပ်ရန် တက်ကြွနေပုံရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။ 

“တစ်ကောင်တည်းပြေးလို့ မြင်းလိုပဲ အနိုင်ရမှာ သေချာတယ်လို့ မျှော်လင့်ကြပုံရပါတယ်။ သူတို့ရဲ့ အနာဂတ်နိုင်ငံရေးကံကြမ္မာ၊ လူမှုရေးကံကြမ္မာ၊ စီးပွားရေးကံကြမ္မာ သူတို့ဘဝကံကြမ္မာ အားလုံးကလည်းပဲ စစ်ကောင်စီရဲ့ တိုင်းပြည်အာဏာသုံးရပ် ချုပ်ထိန်းနိုင်မှုအပေါ်မှာ တည်ရှိနေတဲ့အခါကျတော့ ပုံအောကြမှာ” 

ကြံ့ခိုင်ရေးပါတီသည် အစိုးရဖွဲ့နိုင်ရေးအတွက် အရေးပါသည့် ပြည်ထောင်စုလွှတ်တော်နေရာများအနက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ၄၁ နေရာ အနိုင်ရခဲ့သော်လည်း ဦးသန်းဌေး ပါတီဥက္ကဋ္ဌတာဝန်ယူပြီး ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ၃၃ နေရာသာ အနိုင်ရခဲ့သည်။

ဗိုလ်မှူးချုပ်ဟောင်း ဦးသန်းဌေးသည် စစ်အစိုးရက ဦးဆောင်ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မြန်အောင်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

သူသည် စစ်အစိုးရလက်ထက်တွင် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်ခဲ့ဖူးသည်။ ထို့နောက် ၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန်လက်ထက်တွင် စွမ်းအင်ဝန်ကြီးအဖြစ် ၂၀၁၁ မှ ၂၀၁၃၊ ရထားပို့ဆောင်ရေးဝန်ကြီးအဖြစ် ၂၀၁၃ မှ ၂၀၁၅ အထိ တာဝန်ယူဖူးသည့် ဦးသန်းဌေးသည် ၂၀၁၆ တွင် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

သန်းခေါင်ယံအာဏာသိမ်းပွဲဟု လူသိများသည့် ၂၀၁၅ ခုနှစ်၊ ဩဂုတ် ၁၂ရက် ညတွင် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌတာဝန်ယူနေသူ စစ်ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းကို ဖြုတ်ချကာ ဗိုလ်ချုပ်ဟောင်း ဦးဌေးဦးကို ဥက္ကဋ္ဌတင်မြောက်ခဲ့ဖူးသည်။

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌအဖြစ်  ဦးသန်းဌေး၊ ဒုဥက္ကဋ္ဌ (၁) ဦးမြတ်ဟိန်း၊ ဒုဥက္ကဋ္ဌ (၂)  ဦးခင်ရီ၊ ဒုဥက္ကဋ္ဌ (၃) ဦးလှထွန်းတို့က တာဝန်ယူထားသည်။ အထွေထွေအတွင်းရေးမှူးမှာ ဦးသက်နိုင်ဝင်း ဖြစ်သည်။ 

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button