
(ရန်ကုန်) — မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ရပ်တန့်စေရေးအတွက် ဒေသခံတို့က ရန်ကုန်မြို့တော်ခန်းမရှေ့သို့ အောက်တိုဘာ ၉ တွင် သွားရောက်ပြီး ဆန္ဒပြရန် စီစဉ်နေကြသည်။
တစ်ရက် တန် ၅,ဝဝဝ ကျ အဆိုပါဘိလပ်မြေစက်ရုံ စီမံကိန်းကို ရပ်တန့်ပေးရန်အတွက် တောင်းဆိုမှုများကို မန္တလေးတိုင်း အစိုးရက ခွင့်မပြုသဖြင့် ဒေသခံ ၁၈ ဦးခန့် စုစည်းပြီး ရန်ကုန်ကို ရွေးချယ်ရခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“မန္တလေးတိုင်းအစိုးရက ကျွန်မတို့ဘက်မှာ မရှိလို့ ရန်ကုန်အထိ လာရောက် ပြောကြားရခြင်းဖြစ်ပါတယ်။ ကျွန်မတို့ မတရားခံနေရတာကို သမ္မတကြီးနဲ့ အမေ အောင်ဆန်းစုကြည် သိစေချင်လို့ပါ” ဟု စီမံကိန်း အနီးရှိ အောင်သပြေကျေးရွာမှ ဒေါ်ခင်နွဲ့ကြည်က ပြောသည်။
ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်တို့အကြားရှိ ကျောက်တောင်များမှ ကုန်ကြမ်းယူပြီး ထုတ်လုပ်မည့် အဆိုပါ ဘိလပ်မြေစက်ရုံ စီမံကိန်းကို ဦးသိန်းစိန် လက်ထက်ကတည်းက ရန်ကုန်အခြေစိုက် “မြင့်ရင်းနှီးမြှုပ်နှံမှု အုပ်စု ကုမ္ပဏီ လီမိတက်” ကို လုပ်ပိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
စီမံကိန်းနှင့် ပတ်သက်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂ဝ၁၇ အောက်တိုဘာလ ထုတ်ပြန်သည့်စာတွင် စီမံကိန်းကို Myanmar Conch Cement (Mandalay) ကုမ္ပဏီ လီမိတက်က လုပ်ကိုင်မည်ဟု ဆိုထားသည်။
၎င်းကုမ္ပဏီသည် တရုတ်နိုင်ငံ အခြေစိုက် Anhui Conch Cement ကုမ္ပဏီနှင့် မြန်မာမှ မြင့်ရင်းနှီးမြှုပ်နှံမှုအုပ်စုကုမ္ပဏီလီမိတက်တို့ ပူးပေါင်း တည်ထောင်ထားခြင်းဖြစ်ပြီး မကြာသေးမီက ဈေးကွက်အတွင်း လူသိများလာသည့် Alpha တံဆိပ် ဘိလပ်မြေကို ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည်။ ထိုကုမ္ပဏီသည် ကျောက်ဆည် စက်မှုနယ်မြေရှိ တန် ၅,ဝဝဝ ကျ အကြီးစားဘိလပ်မြေစက်ရုံကိုလည်း B.O.T စနစ်ဖြင့် ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီဖြစ်သည်။
ဒေသခံတို့ တရားစွဲခံရ
ရွာသားများက စက်ရုံအဝင်အထွက်လမ်းအတွက် ၎င်းတို့၏မြေများကို အစိုးရက သိမ်းယူခဲ့သည်ဟု စွပ်စွဲခဲ့ပြီးနောက် ပဋိပက္ခ စတင်ခဲ့ကြသည်။
ဇူလိုင် ၂၂ ရက်ကလည်း ဘိလပ်မြေစက်ရုံ အဝင်လမ်း ဖောက်လုပ်ရာတွင် မလွတ်သည့် အောင်သပြေရွာမှ ဒေါ်မြမြ၏ခြံကို ဖယ်ခိုင်းရာ ငြင်းဆန်ခဲ့သည့်အတွက် ရဲက ၎င်းကို ဖမ်းဆီးခဲ့သည်။
နောက်တစ်ရက်တွင် ရွာသားများက နေပြည်တော်သို့ ဦးတည် လမ်းလျှောက် ဆန္ဒပြခဲ့ကြသော်လည်း မန္တလေး ကြာနီကန်ရဲကင်းတွင် တားမြစ်ခံခဲ့ရသည်။
ထို့နောက် ဇူလိုင်၂၅ တွင် ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြသည်ဟုဆိုကာ လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားသည့် ရဲအများအပြား အောင်သပြေရွာအတွင်း ဝင်ရောက်ခဲ့ရာ ရဲနှင့်ရွာသားများ အကြား ထိပ်တိုက် တွေ့ခဲ့ကြသည်။
ယင်းဖြစ်ရပ်များအပြီး ထိုကျေးရွာတွင် ငြိမ်းစုစီ ဥပဒေပုဒ်မဖြင့် တရားစွဲခံရသူ ၂၁ ဦး အနည်းဆုံး ရှိခဲ့သည်။
လမ်းတံတားဥပဒေဖြင့်လည်း တရားစွဲခံရသူ ငါးဦး ရှိရာ အာမခံမရဘဲ ထိန်းသိမ်းခံထားရသူ လေးဦး ရှိသည်။
အာမခံ ရရှိသူ ဒေါ်အေး သည် အသက် ၇ဝ ကျော် ရှိပြီဖြစ်ကြောင်း သူ၏သား ကိုဇေလင်းနိုင်ကပြောသည်။
“ကျွန်တော်တို့က မြေလည်းပေးရသေးတယ်၊ ကိုယ့်စည်းရိုးကိုယ် ခြံစည်းရိုးခတ်တော့ စည်မံကိန်းမြေဆိုပြီး လမ်းတံတားဥပဒေနဲ့ တရားစွဲလည်း ခံရသေးတယ်” ဟု ၎င်းက ရှင်းပြသည်။
ယင်းနောက်ရွာသားများက ဆန္ဒပြခွင့်ကို နှစ်ကြိမ်ထက်မနည်း တောင်းခံသော်လည်း မန္တလေးတိုင်း အစိုးရက ပယ်ချခဲ့သည်ဟု ဆိုသည်။
အစိုးရတုံ့ပြန်ချက်
ရွာသားတို့၏ စွပ်စွဲချက်များကို တိုင်းအစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက ငြင်းဆန်လိုက်ပြီး အစိုးရသည် လုပ်ထုံးလုပ်နည်းအတိုင်းသာ လုပ်ခဲ့သည်ဟု Myanmar Now ကို ပြောသည်။
“အစိုးရကတော့ လမ်းဖောက်တော့ တရားဝင် ပိုင်ဆိုင်မှုရှိတဲ့အပေါ်မှာ ဖောက်တာပေါ့။ သူတို့က တားဆီးတော့ ဥပဒေအတိုင်းပဲ ဆောင်ရွက်တာပါ။ ပိုင်ရာပိုင်ကြောင်း တင်ပြတောင်းဆို နိုင်ခြင်း မရှိရင် အစိုးရကတော့ ဝတ္တရားနှောင့်ယှက်မှုနဲ့ တရားစွဲဆိုမယ်လို့ ထင်ပါတယ်” ဟု ဝန်ကြီးဦးမျိုးသစ်က ပြောသည်။