သတင်း

ပေါက်မြို့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ၃၂ ဦး PRF နှင့် ပူးပေါင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ရပ်ကျေးအဆင့်အုပ်ချုပ်ရေးအဖွဲ့ဝင် ၃၀ ကျော်သည် စစ်ကောင်စီကို စွန့်ခွာ၍ ခံဝန်ကတိဖြင့် ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် ပခုက္ကူတော်လှန်ရေးတပ်ဦး (PRF) ထံ ပူးပေါင်းလာသည်။

ပေါက်မြို့နယ်မြောက်ဘက် ၁၈ မိုင်ခန့်အကွာ စဖဲရွာနှင့် ကျွန်းတောရွာတို့မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့ဝင် စုစုပေါင်း ၃၂ ဦးသည် ဆက်သွယ်ကတိပြုလာခြင်းဖြစ်ကြောင်း PRF ပြန်ကြားရေးတာဝန်ခံတစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။

“သူတို့က စစ်ကောင်စီနဲ့ အဆက်အစပ်ရှိတယ်။ အရင်တုန်းက ပြည်သူလူထုကို တိုင်တာတောတာတွေလည်း လုပ်ခဲ့တယ်။ နောက်ဆုံးမှာ ကျွန်တော်တို့ဘက်က အားကောင်းလာတော့ သူတို့က သူတို့အပြစ်ကို သူတို့ဝန်ခံပြီးတော့ ပြည်သူနဲ့အတူ ပူးပေါင်းလာကြတာ” ဟု သူက ဆိုသည်။ 

“နောက်ထပ် စစ်ကောင်စီကို အချိတ်အဆက်မလုပ်တော့ပါဘူး၊ ရွာကို ဒုက္ခမပေးတော့ပါဘူးလို့ ခံဝန်ကတိနဲ့ လာရောက်ပူးပေါင်းတာ”

ရွာကို ဒုက္ခပေးတော့မည် မဟုတ်ကြောင်း ကတိပြု၍ ပြည်သူ့ဘက် ရပ်တည်လာခြင်းဖြစ်သည်ဟု PRF ၏ ယမန်နေ့ (ဇွန် ၂) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ကျွန်းတောရွာမှ အုပ်ချုပ်ရေးတစ်ဦးအပါဝင် အုပ်ချုပ်ရေးအဖွဲ့ဝင် ၁၇ ဦး၊ စဖဲရွာမှ အုပ်ချုပ်ရေးအဖွဲ့ဝင် ၁၅ ဦးသည် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးတွင် တာဝန်ယူခဲ့ကြခြင်းဖြစ်ပြီး ရွာတွင် အေးအေးလူလူနေလိုသည်ဟုဆိုကာ ဆက်သွယ်လာသဖြင့် လက်ခံလိုက်ခြင်းဖြစ်သည်ဟု PRF ဘက်က ဆိုသည်။

PRF သည် စစ်အာဏာရှင်ဆန့်ကျင်သည့် ကျောင်းသားလူငယ်များ၊ ဆရာ၊ ဆရာမများဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့တော်လှန်ရေးတပ်ဦး (People’s Revolution Front) ၏ ပခုက္ကူစစ်ဒေသဖြစ်ကာ မင်းဘူး၊ ဝက်လက်၊ ရန်ကုန်စစ်ဒေသခွဲများလည်း ပါဝင်သည်။ 

အိမ်ခြေ ၂၀၀ ကျော်ရှိသည့် ကျွန်းတောရွာနှင့် စဖဲရွာတို့သည် ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ အားကောင်းသည့် ကျေးရွာများဖြစ်သည်။ 

ယမန်နှစ်က စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲများ နိုင်ငံအဝန်းတွင် ဆင်နွှဲနေချိန် အဆိုပါရွာများမှာ အိုးစည်၊ ဒိုးပတ်များဖြင့်ပါ တန်ပြန်ဆန္ဒပြခဲ့ကြကြောင်း၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲတွင် ပါဝင်သူများကိုလည်း စစ်တပ်ကို ခေါ်၍ ဖမ်းဆီးခိုင်းမှုများလည်း များပြားကြောင်း အမည်မဖော်လိုသည့် PRF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ကျွန်တော်တို့ဘက်က ထွေထွေထူးထူး မတောင်းဆိုဘူး။ ရှေ့က ဖြစ်ထားတာတွေ မေ့ထားလိုက်ပြီး စစ်ကောင်စီနဲ့ အဆက်အစပ်မလုပ်ရဘူး။ ရွာကို ဒုက္ခမပေးရဘူး။ ရွာမှာ အေးအေးနေရင် အဆင်ပြေတယ်။ ဒီလိုမဟုတ်ဘဲ စစ်ကောင်စီကို ထပ်ဆက်သွယ်မယ်။ ရွာကို ဒုက္ခပေးမယ်ဆိုရင် ကျွန်တော်တို့က သုတ်သင်ရှင်းလင်းမှာလို့ အသိပေးထားတယ်”ဟု ၎င်းက ဆိုသည်။ 

Myanmar Now က တွေ့ခဲ့ရသည့် ဓာတ်ပုံများတွင် ခံဝန်ကတိထိုးထားသည့် အုပ်ချုပ်ရေးအဖွဲ့ဝင်အမည်များနှင့် လက်မှတ်များ ပါဝင်သလို ထုတ်ပြန်ထားသည့် ဓာတ်ပုံများတွင် အမျိုးသမီး ၁၀ ဦးခန့် ပါဝင်နေသည်ကို တွေ့ရသည်။ 

စစ်ကောင်စီကို စွန့်ခွာလာသည့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ အသေးစိတ်အခြေအနေကို ၎င်းတို့၏ လုံခြုံရေးအရ PRF က ထုတ်ဖော်ခြင်း မရှိသေးသောကြောင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ရုံးအဖွဲ့ဝင်အရေအတွက် မည်မျှပါဝင်သည်ကို မသိရသေးပေ။ 

စစ်ကောင်စီထံ သတင်းပေးသူများ၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများကို ဒေသခံကာကွယ်ရေးအဖွဲ့များက သတ်ဖြတ်နေသည်။ 

အုပ်ချုပ်ရေးမှူးများကလည်း PDF တို့နှင့် ပတ်သက်ပြီး စစ်ကောင်စီကို သတင်းပေးနေရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button